Saturday, February 20, 2016

PNO ပအိုဝ်းပြည်သူ့စစ်နှင့် ပတ်သက်သည့် ဦးခွန်မောင်သောင်းကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖြစ် စေလွှတ်မှုမှာ NCA ကို ချိုးဖောက်ရာရောက်ဟု ဝေဖန်မှုများရှိနေ

PNO ပအိုဝ်းပြည်သူ့စစ်နှင့် ပတ်သက်သည့် ဦးခွန်မောင်သောင်းကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖြစ် စေလွှတ်မှုမှာ NCA ကို ချိုးဖောက်ရာရောက်ဟု ဝေဖန်မှုများရှိနေ --------- -------- --------- နိုင်ငံရေး ဆွေးနွေးပွဲတွင် ပြည်သူ့စစ် မပါရဆိုပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောတူညီမှု ရှိထားခဲ့သည့်အတွက် ပအိုဝ်းပြည်သူ့စစ်နှင့် တိုက်ရိုက် သက်ဆိုင်သော PNO ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်း ကို ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ အစည်းအဝေးသို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်မှုအပေါ် တိုင်းရင်းသား အင်အားစုများအကြား ဝေဖန်မှုများ ရှိနေသည်။ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးသို့ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှာ UPDJC ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ၄င်းမှာ အန်အယ်လ်ဒီ ဦးဆောင်သော လွှတ်တော်မှ အသစ် ဖွဲ့စည်းလိုက်သည့် “ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ” တွင် ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကမှ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်သည်။ အဆိုပါ ကော်မတီမှာ ယခင်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ဖူးသော ကော်မတီဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွင် အရေးပါသော UPDJC အဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ပြည်သူ့စစ် တပ်ဖွဲ့ဖြစ်သည့် PNO မှ ကိုယ်စားလှယ်အား အရေးပါသည့် ရာထူးတွင် ပေးအပ်ခဲ့မှုအပေါ် ဝေဖန်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။ “ခက်တာက ဦးခွန်မောင်သောင်းကို ခန့်လိုက်တာက အန်အယ်လ်ဒီ ဦးဆောင်တဲ့ လွှတ်တော်က ဖြစ်နေတယ်။ အန်အယ်လ်ဒီ အနေနဲ့ NCA သဘောတူညီချက် အပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို မကြေညက်တာ ပြသနေတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီမှ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့စဉ်တစ်လျှောက် နိုင်ငံရေးဆွေးနွေးမှုတွင် တပ်မတော် လက်အောက်ခံအဖြစ် ရှိနေသော ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များမှ ကိုယ်စားလှယ်များအား နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ခြင်း မရှိစေရဟု သဘောတူထားခဲ့ခြင်း ဖြစ်ပြီး ယင်းအချက်မှာ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းအဖြစ် ယခုအချိန်အထိ ရှိနေခဲ့သည်။ ဦးခွန်မောင်သောင်းမှာ နိုင်ငံရေးဆွေးနွေးမှုတွင် အရေးပါသော အဖွဲ့အစည်းဖြစ်သည့် UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်လာသောကြောင့် နိုင်ငံရေး ဆွေးနွေးမှုများတွင် ၄င်းနှင့် သက်ဆိုင်သော ပြည်သူ့စစ် အဖွဲ့များ၏ သဘောဆန္ဒများကိုပါ ပြောခွင့်ရလာတော့မည် ဖြစ်သည်။ “ကျွန်တော်တို့က အစဉ်အဆက် ပြည်သူ့စစ်တွေကို လက်မခံဘူးလို့ ပြောထားခဲ့တယ်။ သဘောလည်း တူထားခဲ့တယ်။ အခုနောက်ပိုင်း ၈ ဖွဲ့နဲ့ လက်မှတ်ထိုးတယ်။ ပြီးတော့ အစိုးရအကူးပြောင်းမှာ ပြည်သူ့စစ်အရိပ် လွှမ်းမိုးမှုရှိသူတွေကို နိုင်ငံရေး ဆွေးနွေးပွဲအတွက် အရေးပါတဲ့ နေရာမှာ ပေးလာတာကတော့ မကောင်းဘူး။ ကျွန်တော်တို့က နဂိုကတည်းက အဖွဲ့မစုံပဲ ဆက်လုပ်နေကတည်းက သဘောတူတာ မဟုတ်ဘူး” ဟု တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA / PSLF မှ ပြောခွင့်ရ တာ့အိုက်ကျော်က The Ladies News သို့ ပြောသည်။ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ် နယ်ခြားစောင့်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကာလကတည်းက အသွင်အမျိုးမျိုးဖြင့် လွှတ်တော်အတွင်း ၀င်ရောက်နေရာယူမှုများ ရှိခဲ့သော်လည်း ယင်းကာလက ယခုကဲ့သို့ တိုင်းရင်းသားများနှင့် သဘောတူညီထားသော အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ မရှိသေးပေ။ “တစ်ဖက်က ပြောမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြောလို့တော့ရတယ်။ ဒါပေမဲ့ သူ့မှာက ပြည်သူ့စစ်ရဲ့ အရိပ်မည်းကြီး ပါနေတယ်။ ဒါဆို ဇခုံတိန့်ယိန်းတို့ကော ဘယ်လို လုပ်မလဲ ။ သူတို့ကိုကော ပေးတက်လိုက်မလား။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ လက်နက်ကိုင် တော်လှန်ခဲ့တာက ပြည်သူ့စစ်နဲ့ တစ်တန်းတည်း ထိုင်ဖို့ မဟုတ်ဘူးလေ။ ဒီလိုသာ ထိုင်လို့ရကြေးဆိုရင် အရင်ကတည်းက အစိုးရ အဆက်ဆက်ကို မတော်လှန်ဘဲ ဘိန်းလေးစိုက် မှောင်ခိုကုန်ကူးလိုက်နဲ့ ဘာအမျိုးသားရေးမှ မလုပ်ဘဲ နေတော့မှာပေါ့။ အခုအနေထားက ရှုပ်ထွေးစေပါတယ် ။ လွှတ်တော်က လွှတ်လိုက်တယ် ဆိုပြီး လက်တစ်လုံးခြား လုပ်သလိုဖြစ်နေတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ဝေဖန်ပြောဆိုသည်။ ယင်းအပြင် ဦးခွန်မောင်သောင်း ရာထူးရယူထားသော နေရာတွင် တာဝန်ယူခဲ့ဖူးသူမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတွင် ဒုတိယ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူရလေ့ရှိရာ ဦးခွန်မောင်သောင်းမှာ အဆိုပါ ရာထူးတွင်ပါ ဆက်လက် တာဝန်ထမ်းဆောင်ရဦးမည်လား ဆိုသည်မှာလည်း လေ့လာသူများအကြား စိတ်ဝင်စားစရာ ဖြစ်နေသည်။ ဦးခွန်မောင်သောင်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီကို ကိုယ်စားပြု၍ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လွှတ်တော်မှ UPDJC ကိုယ်စားလှယ်အဖြစ် စေလွတ်ခြင်းခံရသူ ဒေါ်ရှီလာနန်တောင်မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ “ဦးခွန်မောင်သောင်းက အမျိုးသားရေး စိတ်ဓာတ် တအားပြင်းထန်တယ်။ ပအိုဝ်းပြည်သူ့စစ်က လာတာဖြစ်တဲ့အတွက် ကျန်တဲ့ ရှမ်းအပါအ၀င် ဒေသတွင်းက အခြားတိုင်းရင်းသားတွေနဲ့လည်း မတည့်ဘူး။ ဘာဖြစ်လို့ အန်အယ်လ်ဒီ ဦးဆောင်တဲ့ လွှတ်တော်က သူ့ကို ခန့်လိုက်လဲ မသိဘူး။ အရင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတီခွန်မြတ် ကို လွှတ်တော် ထိပ်တန်းရာထူး ပေးတဲ့ကိစ္စလိုပဲ ရှုပ်ထွေးစေတယ်” ဟု ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကလည်း မေးခွန်းထုတ်သည်။ ဦးခွန်မောင်သောင်းတို့၏ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ထိန်းချုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသဖြစ်လာနေကြောင်းလည်း ရှမ်းပြည်နယ် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများမှ The Ladies News သို့ တညီတညွတ်တည်း ပြောဆိုသည်။ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ယခင်စစ်အစိုးရ အဆက်ဆက်နဲ့လည်း ဆက်ဆံရေး အထူးကောင်းမွန်ခဲ့သည့် အဖွဲ့ဖြစ်ပြီး အစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် ရှမ်းလက်နက်ကိုင်များနှင့်လည်း မကြာခဏ တိုက်ပွဲများ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ Photo – MPC The Ladies News

No comments: