ရှမ်းနီတို့ရဲ့ဒေသ ( မိန်းဖိုင် ) ဘီလူးမြို့မှ ကြိုဆိုပါ၏
============================================================
Facebook လူမှုကွန်ယက်စာမျက်နှာတွင် ထူးခြားသောမြို့ အဖြစ်နာမည်ကြီး နေသော မြို့တစ်မြို့ဖြစ်သည့် ဘီးလူးမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပါသည်။ ထိုရွာ၏ အမည်မှာလည်းထူးဆန်းသလို ဘီလူးရွာ၏ ကုမ္မာရမင်းသားလေးနှင့် ဘီလူးမတို့၏ နောက်ခံသမိုင်းရာဇ၀င်သည်လည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
ဘီလူးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်၊ လူဦးရေ ၅ သောင်းကျော်ခန့်ရှိပြီး ရှမ်းနီ(ခေါ်) တိုင်းလိုင် လူမျိုးများနေသော ကျေးရွာကြီးဖြစ်သည်။ ယခုဘီလူးရွာသည် ရှေးယခင်က ယက္ခဟု ဘီလူးတို့ကြီးစိုးရာ မြို့ဖြစ်ပြီး ယက္ခပူရမြို့ဟု ခေါ်ဆိုခဲ့သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ကျခတ်မြို့ တည်ရှိပြီး ဥပတိသမင်း အုပ်စိုးခဲ့သည်။ သာသနာ သက္ကရာဇ် ၁၃၆ ခုနှစ်တွင် ဥပတိသမင်း နတ်ရွာစံတော်မူခဲ့ရာ သားတော် စောရန်နောင် သည် ဖခင်၏ ထီးနန်းအရိုက်အရာကို လက်ခံခဲ့သည်။ စောရန်နောင်၏ သားတော် ကုမ္မာရမင်းသားသည် ယက္ခပူရမြို့မှ ယက္ခပူရခေါ် ဘီလူးတိုင်းပြည်မှ အဖိုးတန် သီတာရေစင်ကို ယူဆောင်ရန်သွားစဉ် လူယောင်ဖန်းဆင်းထားသော ဘီလူးမနှင့် မေတ္တာစုံမက်လေသည်။ သီတာရေကို ယူလာသည့်အချိန် ဘီလူးမတို့ လိုက်လာရာ တောင်ကမုန်း၊ မီးဂမုန်း ၊ ရေဂမုန်း တို့ဖြင့် တားဆီးလေရာ အချစ်ကြီးလေသော ဘီလူးမခများ ရင်ကွဲနာကြ၍ သေရှာလေသည်။ ထိုဘီလူးမသေဆုံးသည့် ဘီလူးကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ စာထားကျေးရွာတွင် ရေဗွက်အိုင်တစ်ခုရှိပါတယ်။ ထိုဗွက်အိုင်ကို ဒေသခံများက ဘီလူးမဗွက်အိုင်လို့ ခေါ်ဝေါ်ကြပါတယ်။ လယ်ယာစိုက်ပျိုးနေကြသည့် လယ်ကွင်းပြင်အလယ်ရှိ ရေနုတ်မြောင်း ရွံ့ဗွက်အိုင်သည် တစ်ဗွက်ဗွက်ဖြင့် ရေမြုပ်များ ထနေသည်။ ဘီလူးမ၏ ချစ်သူဖြစ်သူ ကုမ္မာရမင်းသာ၏ အသံကြားလျှင် ပိုပွက်သည်ဟု ဒေသခံတို့၏ ပြောစကားအရ ရေပွက်တာကို ကြည့်လိုလျှင် ကုမ္မာရမင်းသားလာပြီဟု အော်လိုက်လျှင် ပိုပွက်ပါတယ်ဟု ဒေသခံတို့၏အဆိုအရသိရှိရပါသည်။
သာသနာသက္ကရာဇ် ၁၇၆ တွင် ဘုရင်စောရန်နောင်သည် ဥပုဒ်ဆောင်ဝင်တော်မူပြီး သားတော်ကုမ္မာရ မင်းသားကို ထီးနန်းလွဲအပ်ခဲ့သည်။ ကုမ္မာရမင်းသားလက်ထက်တွင် ယက္ခပူရက နှောင့်ယှက်သည့် အတွက် သားတော် မောရှမ်းညီနောင် နှစ်ပါးဖြစ်သည့် စောဝ်စောညယ် နှင့် စောဝ်စောဝမ်တို့ကို စေလွှတ်နှိမ်စေရာ တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် တိုက်ခိုက်ကြလေသည်။ နောက်ဆုံးတွင် မင်းသားနှစ်ပါးသည် စစ်အောင်မြင်ခဲ့ပြီး ယက္ခပူရမြို့ ပျက်စီးခြင်းသို့ ရောက်ကုန်၏ ထို့နောက် မောရှမ်းညီနောင်နှစ်ပါးသည် သာသနာသက္ကရာဇ် ၂၁၀ ခုနှစ်တွင် ယင်းနေရာ၌ပင် မြို့သစ်တည်ကာ ပြန်လည်တည်ထောင်ခဲ့ကြသည်။ ထိုမြို့ကို ရှမ်းဘာသာဖြင့် မိန်း- သည် မြို့ ၊ ဖိုင် သည် ဘီလူး ဟု အဓိပါယ်ရသည် ။ မြန်မာဘာသာဖြင့် (မိန်းဖိုင်)ဘီလူးမြို့ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။
ဘီလူးမြို့သည် ကုန်း ၉ ကုန်း၊ တွင်း ၉ တွင်းရှိပြီး မြို့အလယ်တွင် စေတီတော်တစ်ဆူတည်ရှိသည်။ ဘီလူးမြို့ မဟာရွှေဘုံသာ စေတီတော်မြတ်ကြီးဟု ခေါ်သည်။ ထိုစေတီတော်သည် သီရိဓမ္မာသောကကြီး တည်ထားကိုးကွယ်သော စေတီတော် ၈၄၀၀ တွင် ပါဝင်သော သမိုင်းဝင်စေတီ တစ်ဆူဖြစ်သည်။ သာသနာသက္ကရာဇ် ၂၂၃ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီး၏ စေတီတော် ၈၄၀၀ကို စီမံကွပ်ကဲရ သော အရှင်က္ကန္ဒဂုတ္တထေရ်သည်အမှူးပြုကာ စောညယ် ၊ စောဝမ် မောရှမ်းညီနောင်နှင့် ယက္ခပူရမြို့ သူမြို့သားတို့က တည်ထားခဲ့ခြင်းဖြစ်သည်။
သက္ကရာဇ် ၇၆၃ ခုနှစ် အင်းဝဘုရင် မိုးညှင်းမင်းတရာကြီးက ဒါယိကာအဖြစ် ခံယူကာ ပြုပြင်ကာ မဟာ ရွှေဘုံသာဘုရားကြီးအဖြစ် ဘွဲ့တော် သမုတ်တော်မူခဲ့သည်။
ယခင်က ယက္ခပူရမြို့ ၊ ဘီလူးတို့ ကြီးစိုးသည့်နေရာ စသဖြင့် ရှေးဟောင်မြို့ကြီးသည် သမိုင်းဝင် တန်ခိုးကြီးဘုရားများနှင့် စိတ်ဝင်စားဖွယ်ကောင်းသော ဘီလူးမြို့၏ နောက်ခံသမိုင်းကြောင်း များဖြင့်ပြည့်စုံနေသည့်အပြင် အသံဝဲ၀ဲ ဖြင့် ချစ်ဖွယ်ကောင်းသော ရှမ်းနီမလေးများ၏ အလှနှင့် ရွာပတ်ပတ်လည်တွင်လည်း စိမ်းလမ်းစိုပြေသော လယ်ကွင်းပြင်များက ဘီလူးမြို့ စံပြကျေးရွာ၏ ဂုဏ်ကို ဖော်ဆောင်နေပါသည်။
ဘီလူးကျေးရွာဟု ဆိုသည်နှင့် လူအများ၏စိတ်တွင် ထိုဒေသရှိ လူမျိုးများသည် ဘီလူးအမျိုးအနွယ်များလောဟု ထင်ကောင်းထင်နေကြပါလိမ့်မည်။ ဘီလူးရွာသည် နာမည်ဆိုးသော်လည်း ဒေသခံရှမ်းနီ တိုင်းရင်းသားများမှာ စေသနာသဒါတရားထက်သန် ပြီး ဖြူစင်ရိုးသား ဖော်ရွေကြသော ရှမ်းနီ တိုင်းရင်းသားများက ထူးခြားပြီး စိတ်ဝင်စားဖွယ် ကောင်းသော ရှမ်းနီတို့ရဲ့ဒေသ (မိန်းဖိုင်)ဘီလူးမြို့မှ ကြိုဆို တင်ဆက်လိုက်ပါတယ် ခင်ဗျား။
စာဖတ်ပရိတ်သတ်များအားလေးစားစွာဖြင့်
ရှမ်းနီတိုင်းရင်းသားလေး
~ ခွန်စွမ်ဖ
No comments:
Post a Comment