Sunday, February 7, 2016

တကယ်စွန့်ရဲသလား

တကယ်စွန့်ရဲသလား ဦးရွှေမန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူုးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တယ်ဆိုတဲ့သတင်းကတော့ အစိုးရသစ်ရဲ့ ဘယ်သူ့ကိုမှ မခွဲခြားဘူးဆိုတာကို ထုတ်ဖော်ရာရောက်တဲ့အတွက် ချီးကျူးပါတယ်။ လူမှန်နေရာမှန်ကို တာဝန်ပေးတတ်တယ်လို့ပဲ ထင်မြင် ယူဆမိပါတယ်။ ဒါပေမဲ့ ဘဝင်မကျမိတာ တစ်ခုတော့ရှိသဗျ။ ဦးရွှေမန်းက ကော်မရှင်ဥက္ကဋ္ဌရာထူးကို လစာမယူဘဲ လက်ခံ ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စ။ သိပ်ပြီးတော့များ ဈေးပေါလွန်း မနေဘူးလားဗျာ။ စင်ကာပူနိုင်ငံက ဝန်ကြီးချုပ် လီကွမ်ယုကို လစာတွေ ယူထားတာ များလွန်းတယ်လို့ ဝေဖန်တော့ ဟုတ်တယ် ကောင်းကောင်း လိုချင်ရင် များများပေးရမယ်။ ကျုပ် မခိုးဘူး၊ မတရားမလုပ်ဘူး။ လာဘ်မစားဘူး။ တိုင်းပြည် ကောင်းအောင်လုပ်တဲ့သူကို သူနဲ့ ထိုက်တန်တဲ့ လစာ ပေးရမယ်လို့ ပြတ်ပြတ်သားသားပြောဖူးပါတယ်။ လစာနဲ့ ဝင်ငွေဆိုတာ လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှုတစ်ခုပါ။ ဘာတစ်ခုမှ မယူဘဲ လုပ်မယ်ဆိုတဲ့ နောက်မှာ မေးစရာ မေးခွန်းတွေ အများကြီးရှိလာပြီ။ - ဘယ်သူတွေရဲ့ အထောက်အပံ့တွေနဲ့ လုပ်မှာလဲ - ဘယ်သူ့ အကျိုးအတွက် လုပ်မှာလဲ - ဝင်ငွေမရှိဘဲ ဘယ်လို ရပ်တည်မလဲ - ဘာမှ မယူဘဲ ဒီလိုနေနိုင် ထိုင်နိုင် စားနိုင် သောက်နိုင်တာ ဘာကြောင့်လဲ စသည် … စသည် တစ်ချိန်က ဗိုလ်ချုပ်ဟောင်းလည်းဖြစ်ခဲ့။ စုမိဆောင်းမိလည်းရှိခဲ့။ သားသမီးတွေက စီးပွားရေးတောင့်တင်းခဲ့လို့ တစ်သက်မဟုတ်ဘူး ဆယ်သက် စားမကုန်တဲ့ အနေအထားရှိနေတာကြောင့် တိုင်းပြည်တာဝန်ကို အလကား ထမ်းဆောင်ချင်တယ်ဆိုတာ တစ်မျိုးပေါ့ဗျာ။ ဒါပေမဲ့ အိုးပစ် အိမ်ပစ် စီးပွားပစ် မိသားစုပစ်ပြီးတော့ လွှတ်တော်ထောက်ပံ့ငွေလေးနဲ့ ရပ်တည်ကြရမယ့် လူတန်းစားတွေလည်း အများကြီး ရှိသဗျ။ တစ်နေ့မှာ ဘာမှ မယူဘဲ လုပ်တယ်ဆိုတဲ့သူတွေက ထောက်ပံ့ကြေး ယူတဲ့သူတွေကို လက်ညှိုးထိုးပြီး တွေ့တယ်မဟုတ်လား ငါစစ်သား တစ်ပြားမှ မယူဘဲ လုပ်နိုင်တာကလား ဆိုတဲ့ အပေါက်မျိုးနဲ့ လက်မထောင်လာမှာဆိုရင်တော့ ရန်တိုက်သလို ဖြစ်တော့မှာပဲ။ ဦးရွှေမန်းခင်ဗျား တိုင်းပြည်အတွက် အလုပ်ကို အမှန် လုပ်တာဆိုရင် တိုင်းပြည်က ထောက်ပံ့တာကို ဦးစွာ ယူလိုက်ပါ။ ပြီးတော့မှ ကျွန်တော် အဲဒီငွေအားလုံးကို ပြန်လှူပါတယ်ဆိုတာက ပိုပြီး သိက္ခာရှိပါတယ်။ ဦးရွှေမန်းတို့ အားလုံးက ပိုင်ဆိုင် ထားသမျှအားလုံး ပြည်သူတွေ ကို ပြန်လှူပါတယ်ဆိုရင် လူထုကြီးက သာဓုအကြိမ်တစ်ထောင်ခေါ်ကြမှာ သေချာပါတယ်။ Tin Nyunt

No comments: