Sunday, February 21, 2016

နွေရာသီကျောင်းပိတ်ရက်မှာ ဘာလုပ်မလဲ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နွေရာသီကျောင်းပိတ်ရက်မှာ ဘာလုပ်မလဲ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®® အခြေခံပညာကျောင်းများ၏ စာမေးပွဲများ စတင် နေပြီဖြစ်သည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ စတင် ဖြေဆိုနေကြပြီဖြစ်ပြီး နောက် တစ်ပတ်တွင် အခြေခံပညာ ကျောင်းများအားလုံး စာမေးပွဲဖြေဆိုရ မည်ပင်ဖြစ်သည်။ အလားတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာလည်း လွန်စွာနီးကပ်လာပြီပင်ဖြစ်သည်။ ''နွေရာသီ ကျောင်းပိတ်ရက်တွင် ဘာလုပ်မလဲ'' ဆိုသည်မှာ နှစ်စဉ်မိဘများ အတွက် စဉ်းစားစရာ ကိစ္စ ပင်ဖြစ်ပါသည်။ ကျောင်းဖွင့်ရာသီတွင် ကျောင်း၊ ကျူရှင်၊ အခြားသော သင်တန်းများစွာနှင့် မအားရ မနားရအောင် ရင်သွေးငယ်များကို အလုပ်ပေးထားသကဲ့သို့ နွေရာသီ ကျောင်းပိတ်ရက်များ တွင်လည်း ကျောင်းသားကျောင်းသူများ လည်း မနားရသလို မိဘများလည်း မအားရပေ။ နွေရာသီ အားကစားသင်တန်းများသို့ ပို့ဆောင်ခြင်း၊ နွေရာသီ သုံးလပြတ် ကျူရှင်များသို့ပို့ကာ နောက်နှစ်တွင် သင်ကြား ရမည့် သင်ခန်းစာများကို ကြိုတင်သင်ကြားထားစေခြင်းတို့ဖြင့် အလုပ်ပေး ထားကြသည်။ သို့သော် အခြေခံလူတန်း စား၊ လက်လုပ်လက်စား ဝင်ငွေနည်းမိသားစုများ၏ ရင်သွေးများမှာမူ နွေရာသီကျောင်းပိတ်ရက်တွင် မိဘကို ကူ၊ ဈေးရောင်း၊ စားဝတ်နေရေးအတွက် ဖြေရှင်း၊ သင်တန်းများ၊ ကျူရှင်များဆိုသည်မှာ သူတို့နှင့် လားလား မျှမသက်ဆိုင်၊ ပညာဒါနသာလျှင် အားထားစရာရှိသည့် ဘဝများပင်ဖြစ်သောကြောင့်ဖြစ်သည်။ ဖေဖော်ဝါရီလ ရောက်ပြီဆိုလျှင် အားကစား သင်တန်းများ၊ ကျူရှင်များ၊ စာသင်စာကျက်ဝိုင်းများ၊ အခြားသော သင်တန်းများ စတင်ကြော်ငြာကြသည်။ ရန်ကုန်မြို့ ကန်တော်ကြီး ရေကူးကန်တွင် ရေကူးသင်တန်း များ ဖွင့်လှစ်ပြီဖြစ်သလို တိုက်ကွမ်ဒိုသင်တန်းကိုလည်း အတွေ့အကြုံရှိ လက်ရွေးစင်ကစားသမားများက ဦးဆောင် ကာ ဖွင့်လှစ်ပေးလျက်ရှိသည်။ ထို့အတူ အမျိုးသားရေကူး ကန်၊ ကုက္ကိုင်းရေကူးကန်၊ တက္ကသိုလ်ရေကူး ကန်တို့တွင် လည်း ရေကူးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။ အလားတူနွေရာသီအားကစားသင်တန်းများကို အားကစား အဖွဲ့ချုပ်များ အလိုက် အောင်ဆန်းအားကစားပြိုင်ကွင်း၊ သုဝဏ္ဏအားကစားပြိုင်ကွင်းနှင့် အားကစားလေ့ကျင့်ရာ နေရာအသီးသီးတို့တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ လက်ရှိအချိန်တွင် အဆိုပါ အားကစားနည်းအသီးသီးတို့ ဖွင့်လှစ်သွားမည့် အကြောင်းကို သတင်းစာများတွင် ကြော်ငြာလာကြပြီဖြစ်ပြီး အားကစား နည်းများ အပြင် ဘာသာရပ်ဆိုင်ရာသင်တန်းများ၊ အသက်မွေး ဝမ်းကျောင်း ပညာရပ်ဆိုင်ရာသင်တန်းများ၊ အခြေခံပညာကျောင်းသား ကျောင်းသူ တို့အတွက် ပုဂ္ဂလိကကျောင်း၊ စာသင် စာကျက်ဝိုင်းများ၏ ကြော်ငြာများ ကလည်း စုံလင်လျက်ရှိ သည်။ ယင်းသို့သောကြောင့် မိဘများမှာ သားသမီးတို့ အတွက် ကောင်းနိုးရာရာများ စုံစမ်းကာ သင်တန်းအသီးသီး သို့ ပို့ဆောင်ပေးရသည်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ သားသမီးများ ဘက် စုံထူးချွန်ထက်မြက်စေရန်မှာ စာသင်ကျောင်းတစ်ခုနှင့် မလုံလောက်ဟူသော အသိများ နှစ်ကာလအတန်ကြာ စွဲမြဲသွားခဲ့သည့်နောက်တွင် ပညာရေးအတွက် စာသင် ကျောင်းသာမက အင်အားဖြည့်ထားရှိသင်ကြား မှုများကို ပြုလုပ်ကြ သည်။အလားတူ ကျန်းမာကြံ့ခိုင်မှုနှင့် ဥာဏ်ရည် ထက်မြက်မှုတို့အတွက် အထောက်အကူပြုသော အားကစားကို ဝါသနာပါပြီး လေ့လာလိုက်စားနိုင်ရန် အတွက်လည်း အားကစားသင်တန်းများသို့ ပို့ဆောင်ပေး ကြရပြန်သည်။ ထို့အပြင် ဘာသာစကား ကျွမ်းကျင်မှု ရရှိ စေရန်တို့အတွက်လည်း ဘာသာရပ်ဆိုင်ရာသင်တန်းများ သို့လည်းကောင်း၊ ကွန်ပျူတာ သင်တန်းကျောင်းများသို့ လည်းကောင်း ထားပေးရပြန်သည်။ ယင်းမှာ ငွေကြေးတတ် နိုင်သော မိသားစုများ လုပ်ဆောင်လေ့ရှိ သည်များသာ ဖြစ်သည်။ 'နွေရာသီမှာ ဘာလုပ်ရ မလဲ ဆိုတာ နှစ်တိုင်း ခေါင်း ကိုက်ရတယ်။ ကလေးကိုလည်း မျက်နှာမငယ်စေချင်ဘူး။ တက်ချင်တဲ့ အားကစားသင်တန်းကိုလည်း ပို့ပေးရတယ်။ တစ်ဖက်ကလည်း နောက်နှစ်အတန်းတက်မယ့် ကျောင်းစာ ကိုလည်း ကြိုတင်သင်ခိုင်းထားရတယ်။ ကျွန်မတို့ခေတ်က တော့ ဒါမျိုးတွေ မရှိခဲ့ပါဘူး။ ကျူရှင်ဆိုတာတောင် မရှိခဲ့ ဘူး။ အခုခေတ်က မရဘူးလေ။ ထားကိုထားရတယ်။ ကျွန်မတို့ခေတ်က ကျောင်းမှာတင် အားကစားလှုပ်ရှားချိန် ဆိုတာရှိတယ်။ ကျောင်းသား အားကစားပွဲတွေရှိတယ်။ အဲဒီကနေ လက်ရွေးစင်ဖြစ်သွားတာတွေ အများကြီးပဲ။ အခုကတော့ မိဘကပံ့ပိုးနိုင်မှ၊ အားကစားကွင်းကို လိုက်ပို့ပေးနိုင်မှ တော်ကာကျတယ်။ အားမှ ကစားရသလို ဖြစ်သွားတယ်လေ။ တစ်နှစ်တစ်နှစ် ကျောင်းစရိတ်က မလွယ်သလို အခုလို နွေရာသီအတွက် ခေါင်းကိုက်ရတယ် ဆိုတာက သင်တန်းတွေ ထားပေးရတယ်။ စာတွေ ကြိုသင် ပေးရတယ်လေ။ အတန်းကြီးလေ ပိုကုန်လေပါပဲ'' ဟု တာမွေမြို့နယ်နေ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ထား မြင့်က ပြောသည်။ နွေရာသီ ကျောင်းပိတ်ရက်များအတွက် ယင်းကဲ့သို့ သင်တန်းများ အပြိုင်အဆိုင် ကြော်ငြာကြပြီဖြစ်သလို ယခုနောက်ပိုင်းတွင် ပြည်တွင်း ခရီးသွားကဏ္ဍ အထူး ဖွံ့ဖြိုးလာပြီး ခရီးသွားသူ အဆမတန်များပြား လာသည် ဖြစ်ရာ ဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်များတွင်လည်း ကြိုတင်ဘိုကင်များဖြင့် ပြည့်နှက်လျက်ရှိကြောင်း ပြည် တွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။ လက်ရှိတွင် ရွှေစက်တော်ဘုရားပွဲ စတင်ဖွင့်လှစ်ခြင်း နှင့်ကိုက်ညီနေရာ အခြေခံပညာစာမေးပွဲများအပြီးတွင် ရွှေစက်တော်ဘုရားဖူးသွားရောက်သူများဖြင့် အထူးစည် ကားဦးမည်ပင်ဖြစ်သည်။ ဆက်လက်၍ ပုဂံညောင်ဦး၊ ပုပ္ပား၊တောင်ကြီး၊အင်းလေး၊ အလောင်းတော်ကဿပ၊ စစ်ကိုင်း၊ မုံရွာ ခရီးစဉ်များ၊ မန္တလေးနှင့် အထက်မြန်မာပြည် ဘုရားဖူးခရီးစဉ်များ၊ ပြင်ဦးလွင်၊ ကျိုက်ထီးရိုး စသည့် ခရီးစဉ်များအပြင် ရက်တိုနှင့်နေ့ချင်းပြန် ခရီးစဉ်များ၊ ချောင်းသာ၊ ငွေဆောင် ကမ်းခြေခရီးစဉ်တို့သာမက မြိတ်၊ ထားဝယ်စသည့် သာယာလှပ၍ ယခင်က အသွားအလာ နည်းခဲ့သော ကမ်းခြေအပန်းဖြေခရီးစဉ်များ၊ သဘာဝ အခြေခံခရီးသွား တောင်တက်ခရီးစဉ်တို့တွင်လည်း ပြည်တွင်းခရီးသွားများ ယခင်နှစ်များကထက် ပိုမို စည်ကားလိမ့်မည်ဟု ပြည်တွင်းခရီးသွားဝန်ဆောင်မှု လုပ်ငန်းများက မျှော်လင့်ထားကြသည်။ ''အရင်ကတော့ ကျောင်းပိတ်ရင် ပြည်တွင်းခရီးသွား တွေ အသွားများတဲ့ခရီးစဉ်တွေမှာ ကားတွေတောင် ထပ်တိုးပြေးဆွဲပေးရတယ်။ အခုနှစ်ကတော့ နွေရာသီပိတ် ရက်မရောက်သေးတဲ့ ဒီဇင်ဘာပိတ်ရက်တွေ၊ သုံးရက်ဆက် ပိတ်ရက်ရှိတဲ့နေ့မျိုးတွေမှာတောင် ခရီးသွားအတော်များ လာတယ်။ ဒီနှစ် ခရီးသွားတဲ့နှစ်လို့တောင် ပြောလို့ရတယ်။ မကြုံစဖူးအမြန် လမ်းမကြီး တိုးဂိတ်အမှတ်(၃) လမ်းဆုံထိပ် မှာ ခရီးသွားကားတွေများလွန်းလို့ ကားတန်းရှည်ကြီးနဲ့ လမ်းတောင်ပိတ်တယ်။ အဲဒါကပြည်ထောင်စုနေ့နဲ့ သုံးရက် ဆက် ပိတ်တဲ့နေ့မှာပါ။ အခုနောက်ပိုင်းဆိုရင် ဟိုအရင် က နယ်မြေလုံခြုံရေးအရ မသွားခဲ့ရတဲ့ ဒေသတွေကို သွားလာတာများလာတယ်။ နယ်မြေအေးချမ်းသွားပြီး ငြိမ်းချမ်းရေးရသွားတော့ ခရီးသွား ဆွဲဆောင်ရာ နေရာ အသစ်တွေဖြစ်လာပြီး ခရီးသွားတွေအတော်များ လာတယ်။ လွိုင်ကော်၊ သံတောင်၊ မြိုင်ကြီးငူ၊ နောက် မြိတ်၊ ထားဝယ် ဘက်တွေကို ခရီးစဉ်သစ်တွေ ရွေးပြီးသွားလာကြတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားကတော့ ဖွံ့ဖြိုးလာတယ်လို့ ပြောလို့ရတယ်။ ခက်တာက အဲဒီဒေသတွေမှာ အခြေခံ လိုအပ်ချက်တွေ ရှိနေသေးပါတယ်။ စားသောက်ဆိုင်၊ သန့်စင်ခန်းတွေပါ''ဟု ပြည်တွင်း၊ပြည်ပ ခရီးသွားများအား ကားစင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ပေးနေသည့် ဒေါပုံမြို့နယ်မှ ဦးကျော်ကြီးက ပြောသည်။ ယင်းကြောင့် နွေရာသီတွင် သင်တန်းများ၊ ဘုရားဖူး နှင့် အပန်းဖြေခရီးစဉ်များဖြင့် ကြိုတင်ဘိုကင်များ၊ ကြိုတင် စီစဉ်မှုများဖြင့် အလုပ်ရှုပ်နေကြသူများစွာရှိသလို၊ နွေရာသီ တွင် မိသားစုလိုက် ဈေးရောင်း ထွက်ရင်း ဝမ်းရေးအတွက် ဖြေရှင်းရမည့်သူများလည်း မရေမတွက်နိုင်အောင်ပင် ရှိ နေမည်ဖြစ်သည်။ အခြေခံလူတန်းစားထုမှာ ပိုမိုများပြား သည်ဖြစ်ရာ နွေရာသီသည် ထိုသူတို့အတွက် အလုပ်ပိုလုပ် ရသည့် ကာလပင်ဖြစ်သည်။ မကြာမီ နှစ်သစ်ကူး သင်္ကြန် ကာလကို ရောက်ရှိတော့မည်ဖြစ်ရာ သင်္ကြန်တွင်း ဈေးရောင်းရင်း ငွေရှာ မည့်သူများလည်း များစွာရှိနေသည်။ ငွေကြေးတတ်နိုင်သူတို့အတွက် ပြည်တွင်း ခရီးတွေသာမက ပြည်ပခရီးများအထိ ခြေဆန့်နိုင်ကြသော်လည်း ပြည်တွင်း ခရီးများကိုပင် မသွားနိုင်မလာနိုင်သူများဒုနဲ့ဒေး ပင်ရှိနေ သည်။ ထို့အတူ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ၊ သင်တန်းများ၊ ပြည်ပကျောင်း များ အထိ သွားရောက်တက် ရောက်နိုင်သူများရှိသလို၊ ပြည်တွင်းမှာပင် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းနှင့် ပညာဒါနကျောင်းများကိုသာ အားထားနေရသည့် လူတန်းစားများကလည်း များစွာပင်ရှိ သည်။ အားမှကစားနိုင်သော အဆင့်မြင့် အားကစား သင်တန်းများကို တက်ရောက်နိုင်သူများရှိသလို၊ ကြုံသလို ဖြစ်သလိုပင် ခွေပစ်၊ ခွေလှိမ့်၊ သားရေပင်ပစ်၊ ထုပ်ဆီးတိုး၊ ဘောလုံးကန်(နေရာမရှိ၍ ဘောလုံးတောင် သိပ်မကန်နိုင် တော့) ကစားနည်းများဖြင့်သာ ကျေနပ်ပျော်ရွှင်နေရသူ များလည်းရှိနေသည်။ လူတန်းစားကွာဟမှု၊ လူနေမှုအဆင့် အတန်းနှင့် ဝင်ငွေကွာဟမှုတို့ကြောင့် ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့် နွေရာ သီကို ဖြတ်သန်းကြမည်ဖြစ်ရာ ယခုရက်ပိုင်း မိုးလေဝသပညာရှင်များနှင့် ကျန်းမာရေးဆိုင်ရာ ပညာရှင် များ အသိပေး၊ သတိပေးထားသလို တစ်နေ့နှင့်တစ်နေ့ လွန်ကဲလာသော အပူဒဏ်၊ အယ်လ်နီညိုရာသီဥတုနှင့် အပူချိန်မြင့်မားလာမှုအပေါ် သတိပြုကာကွယ်ရန်လည်း လိုအပ်ပေသည်။ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာသော ရာသီဥတုဖောက်ပြန်မှုသည် ဆင်းရဲချမ်းသာ အယုတ် အလတ်အမြတ် ရွေးမည်မဟုတ်ပေ။ ပူပြင်းလာသော ရာသီဥတုနှင့်အတူ မီးဘေးအန္တရာယ်များ ကလည်း ကြောက်ရွံ့စိုးရိမ်စရာ ပင်ဖြစ်ရာ ကြိုတင်ကာကွယ်ခြင်း သည်သာ အကောင်းဆုံးနည်း လမ်းကောင်းပင်ဖြစ်နေ သည်။ ထို့ကြောင့် ကျန်းမာရေးဗဟုသုတရှိရှိဖြင့် အယ်လ်နီညိုရာသီဥတုနှင့် ပူပြင်းလာမည့်နွေရာသီကိုသတိပြု ကာကွယ်ဖြတ်သန်းရင်း မြန်မာ့နွေဦးငြိမ်းချမ်းသာယာ ပါစေကြောင်း မျှော်လင့်ဆုတောင်းရင်းဖြင့်။ ။ ဆုနှင်းလဲ့

No comments: