Wednesday, November 4, 2015

ဒေါ်အောင်ဆန်းစုကြည် တင်မည့် သမ္မတ

ဒေါ်အောင်ဆန်းစုကြည် တင်မည့် သမ္မတ
=========================
‘NLD တက်လျှင်’ ခေါင်းစဉ်ဖြင့် ‘if’ ဆောင်းပါး ယခင်တစ်ပတ်က ရေးခဲ့ပါသည်။ ယခုတစ်ပတ်တွင် ‘ဦးသိန်းစိန်ကို သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တင်လျှင်’ ဟု မှန်းဆကြည့်မိသည်။
ဦးသိန်းစိန်သည် တပ်မတော်နှင့် ဆက်ဆံရေးကောင်းသူဖြစ်ရာ တပ်မတော်သား ကိုယ်စားလှယ်များက တင်လိုက်ရုံနှင့် ဒုသမ္မတ ဖြစ်နိုင်သည်။ သို့သော် လွှတ်တော်တွင်းရောက် နိုင်ငံရေးပါတီများ၏ ထောက်ခံမှု ကျန် ဒုသမ္မတနှစ်ယောက်ထက် များမှသာ သမ္မတဖြစ်နိုင်သည်။
ဒုသမ္မတမှ သမ္မတအဖြစ်သို့ ဦးသိန်းစိန်တက်လှမ်းရန် ဖြစ်နိုင်ခြေ သုံးခုရှိသည်။
၁) USDP က ကိုယ်စားလှယ် အလုံအလောက် ရရှိလျှင်
၂) NLD မှအပ လွှတ်တော်တွင်းရောက် USDP၊ တစည၊ တိုင်းရင်း သားပါတီ စသည့် ပါတီကိုယ်စားလှယ်များက ထောက်ခံလျှင်
၃) NLD က လွှတ်တော်တွင်း နေရာအများစုရပြီး NLD က တင်လိုက်လျှင်
နံပါတ် ၃ ဖြစ်နိုင်ခြေသည် ထူးခြားသည့်အတွက် နံပါတ် ၁၊ ၂ ကို အသာထားပြီး နံပါတ် ၃ ကို လေ့လာဆန်းစစ် ကြည့်ပါမည်။

ဖြစ်နိုင်ခြေ
=======

ထိုဖြစ်နိုင်ခြေကို မဖြစ်နိုင်ဟု လူအများက ထင်ကောင်းထင်မည်။ နိုင်ငံရေးတွင် ဘာမဆို ဖြစ်နိုင်သည်။ ထို့ပြင်၂၀၁၂တွင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်လိုက်ကတည်းက မြန်မာ့နိုင်ငံရေးတွင် ‘မဖြစ်နိုင်သောအရာ’ မရှိတော့ပါ။
နံပါတ် ၃ ဖြစ်နိုင်ခြေ ဖြစ်လာရန် ပထမအဆင့်အနေဖြင့် NLD သည် ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ရမည်၊ ဒုတိယအဆင့် အနေဖြင့် ဦးသိန်းစိန်ကို ကမ်းလှမ်းရမည်၊ တတိယအဆင့် အနေဖြင့် ဦးသိန်းစိန်က လက်ခံရမည်။
NLD သည် ရွေးကောက်ပွဲ အကြိုကာလတွင် ရေပန်းစားနေသည်။ NLD သာ ဦးသိန်းစိန်ကို ကမ်းလှမ်းလျှင် ဦးသိန်းစိန်ကလည်း လက်ခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန်သည် သမ္မတဆက်လုပ်ရန် ဆန္ဒရှိနေပြီး ပထမသက်တမ်းထက် ပိုကောင်းအောင် လုပ်နိုင်မည်ဟု ယုံကြည် နေပုံလည်းရသည်။
‘နိုင်ငံရေးတွင် အမြဲတမ်းမိတ်ဆွေမရှိ၊ အမြဲတမ်းရန်သူမရှိ၊ အမြဲတမ်း အကျိုးစီးပွားသာ ရှိသည်။’ နိုင်ငံကောင်းစားရန် ဘာမဆိုလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်သည် ပိုင်းဖြတ်ထားပြီးသားဟု ဆိုသည်။ ရွေးကောက်ပွဲ မကျင်းပမီ အချိန်အတန်ကြာကပင် NLD သည် ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ကို သမ္မတ တင်နိုင်သည်ဟူသော သတင်းများ NLD ခေါင်းဆောင်ပိုင်းမှ ထွက်လာခဲ့သည်မှာ သိုးပင်နေပြီ။
ဦးရွှေမန်းသည် NLD ၏ သမ္မတလောင်း ဖြစ်နိုင်သည်ဟု NLD နှင့် နီးစပ်သူများထံမှ အသံထွက်ခဲ့သည်။ ဦးရွှေမန်းသာ NLD ၏ သမ္မတလောင်း ဖြစ်နိုင်လျှင် ‘NLD ၏ သမ္မတဦးသိန်းစိန်’ ဆိုသောစကားရပ်သည် ပိုပြီးပင် မဆန်းတော့ပေ။ ဦးရွှေမန်းသည် ဦးသိန်းစိန်ထက် ယခင်အစိုးရ လက်ထက်က ရာထူး ကြီးပေသေးသည်။
အတွေးခေါင်ရန်ကောဟု ဆိုနိုင်သော်လည်း တကယ့်ဖြစ်ရပ်များသည် အတော်ဆုံး စာရေးဆရာများ ရေးသားသည့် ဝတ္ထုများထက် ဆန်းကြယ်တတ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် အမျိုးသား စည်းလုံးညီညွတ်ရေး အတွက် ကြီးမားသော လက်ကမ်းခြင်းပင် ဖြစ်ပေလိမ့်မည်။
ယင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ‘ပြောင်မြောက်သောရိုက်ချက်’ Stroke of Genius ဖြစ်လာနိုင်သည်။

မက်လုံး
======
ရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်လျှင် NLD သည် ပြည်သူလူထု ထောက်ခံမှုကို တရားဝင်ရပြီ။ သို့သော် ပြည်သူလူထု တရားဝင် ထောက်ခံရုံဖြင့် အာဏာရလျှင် ၁၉၉၀ ကတည်းကပင် NLD အာဏာရပြီး ဖြစ်လိမ့်မည်။ ယင်းအချက်ကို NLD ကလည်း တွက်ဆထားမည်သာ။ ယနေ့ NLD သည် ၁၉၉၀ NLD မဟုတ်တော့ဘဲ ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းပါ ဝင်ဖူးပြီ။ ကိုယ်စားလှယ် အရေအတွက်သာ အပြတ်အသတ် နိုင်လျှင် NLD အနေဖြင့် Power Elite များ၏ ထောက်ခံမှု၊ ရှင်းရှင်းပြောလျှင် တပ်မတော်၏ ထောက်ခံမှု တစ်ခုတည်းသာ လိုတော့သည်။ ဦးသိန်းစိန်ကို တပ်မတော်က ထောက်ခံနေသည်ဖြစ်ရာ ဦးသိန်းစိန်နှင့် သဘောတူညီမှု ရလျှင် တပ်မတော်နှင့် အဆင်ပြေနိုင်သည်။
နောက်တစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မလုပ်လျှင် NLD မှ သမ္မတလုပ်မည့်သူ နာမည် မပေါ်ထွက်သေး။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးမှာလည်း အသက် ၉၀ နီးပြီ။ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည်လည်း ဦးတင်ဦးလောက်ပင် မကျန်းမာဟု သိရသည်။ NLD ကိုယ်စားလှယ်လောင်း ထောင်ကျော်တွင်လည်း သမ္မတ အမည်စာရင်း တင်သွင်းနိုင်ခြေရှိသူ မတွေ့ရ။
ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်မလုပ်နိုင်မည့် တူတူ သမ္မတနေရာကို မက်လုံးအဖြစ် ပေးနိုင်သည်။ ဦးသိန်းစိန်ကို သမ္မတအဖြစ် တင်မည်၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းသို့ လျှော့ပေးပါ၊ သို့မဟုတ် ၂၀၂၀ တွင် NLD ပင် အနိုင်ရက သမ္မတဖြစ်အောင် အခြေခံ ဥပဒေကို ပြင်ပေးပါ စသည်စသည်ဖြင့် အလဲအထပ် အပေးအယူ လုပ်နိုင်သည်။ တပ်မတော် အနေဖြင့်လည်း နောက်ထပ်ငါးနှစ်စာ အာမခံချက်တစ်ခု ရသွားသည်ဖြစ်ရာ အခြား အာမခံချက်များတွင် အလျှော့အတင်း မြင်ရနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် NLD ၏ မဟာဗျူဟာမှာ ရွေးကောက်ပွဲတွင် မိမိပါတီ ကိုယ်စားလှယ်လောင်းများ နေရာ ရနိုင်သလောက် များများယူထားပြီး ရွေးကောက်ပွဲပြီးမှ လိုအပ်လျှင် လိုအပ်သလို အခြားပါတီ၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရန် ဖြစ်သည်။ ထို့ကြောင့် နိုင်လျှင် သမ္မတအဖြစ် မည်သူ့ကိုတင်မည်ကို ယခုထက်ထိ ထုတ်မပြောသေးဘဲ တစ်နည်း ဖဲချပ်များကို မည်သူ့မျှမပြဘဲ ကိုင်ထားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဟာဗျူဟာမြောက် စဉ်းစားသူ (Strategic) ဖြစ်သည်၊ ယခင်ကကဲ့သို့ icon အဖြစ် မဟုတ်ဘဲ ‘နိုင်ငံရေးသမား’ အဖြစ် ခံယူထား သည့်အတွက် မည်သူနှင့်မဆို၊ မည်သည့်အဖွဲ့အစည်း နှင့်မဆို မဟာမိတ် ဖွဲ့မည်ဖြစ်သည်။ သူကိုယ်တိုင် သမ္မတမဖြစ်နိုင် သည့်အတွက် သမ္မတ ရွေးချယ်သင့်သည့်သူ များကို စဉ်းစားရာတွင် ဦးသိန်းစိန်ကိုလည်း ‘ဖြစ်နိုင်ခြေတစ်ရပ်’ အဖြစ် ထည့်သွင်း စဉ်းစားထားပြီးသား ဖြစ်လိမ့်မည်။ သို့သော် ထည့်သွင်း စဉ်းစားထားလျှင်ပင် ရွေးကောက်ပွဲ အကြိုကာလကို လှုပ်လှုပ်ခတ်ခတ် မဖြစ်စေလိုသည့်အတွက် ထုတ်ပြောမည်မဟုတ်။
ဦးသိန်းစိန်ကို တင်လိုက်လျှင် ‘ဒီလူ၊ ဒီလူပဲ’ ဟု NLD မဲပေးသူများက စိတ်ပျက်သွားနိုင်သည်။သို့သော် NLD ကို မဲပေးသောသူ အများစုသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် မဲပေးသည့်အတွက် သူသာ ဦးသိန်းစိန်ကို တင်မည်ဆိုလျှင် သဘောမတူသူများ ရှိနိုင်သည့်တိုင် လက်ခံကြမည်သာ။ ဦးရွှေမန်းနှင့် တုန်းကလည်း မကြိုက်သူများ ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်တွင် တစ်စုံတစ်ရာ အကြံအစည် ရှိပြီးသားဟု ယူဆသဖြင့် လက်ခံခဲ့ကြသည်။

Compromise Figure
================

နောက်တစ်ချက်မှာ ဦးသိန်းစိန်သည် ‘Compromise Figure’ ‘အကြိုက်ဆုံး မဟုတ်သည့်တိုင် အခြားသူများနှင့် စာလျှင် ကန့်ကွက်စရာ နည်းသည့်ပုဂ္ဂိုလ်’ ဖြစ်သည်။ အာဏာရှင်များသည် အာဏာရှင်လက်သစ် ဖြစ်မည့်သူတို့ကို အရိုက်အရာ ဆက်ခံမည့်သူအဖြစ် မရွေးတတ်သဖြင့် ဦးသိန်းစိန်သည် အာဏာရှင်ရုပ် မထွက်။ တပ်မတော်အစိုးရက အာဏာလွှဲခဲ့သူမျိုးသည် Compromise Figure သာ ဖြစ်တတ်သည်။
ဦးသိန်းစိန်၏ အားနည်းချက်မှာ လမ်းကြောင်းလွဲသော ဝန်ကြီးအချို့ကို အပြစ်မပေးနိုင်ခြင်းနှင့် လမ်းကြောင်းပေါ် ပြန်ဆွဲတင် မပေးနိုင်ခြင်းဖြစ်သည်။ ရိုးသလောက် ပျော့သည်ဟုလည်း မှတ်ချက်ပေးကြသူများ ရှိသည်။ အောင်မြင်မှုများ ရခဲ့သော်လည်း နိုင်ငံ၏ အရေးကြီး ကဏ္ဍအချို့၊ ဥပမာ - ခြစားခြင်းကို ကိုင်တွယ်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ မြေဈေးကြီးခြင်း စသည်တို့တွင် မှန်းသလောက် မပေါက်ခဲ့။ နိုင်ငံရေးတိုးတက်မှု ရခဲ့သော်လည်း အုပ်ချုပ်ရေးယန္တရားကို ထိထိရောက်ရောက် မပြင်နိုင်ခဲ့။ ဆက်သွယ်ရေးကဏ္ဍနှင့် ငွေကြေးကဏ္ဍ၊ အထူးသဖြင့် ဘဏ်ပြုပြင်ပြောင်းလဲရေးတွင် အခုအခံ များနေသည့်ကြားမှ တိုးတက်အောင် ဆောင်ရွက်နိုင် ခဲ့သော်လည်း စီးပွားရေး တစ်ခုလုံးကိုမူ ထင်သလောက် မတွန်းနိုင်ခဲ့။ NLD သာ အမျိုးသားလွှတ်တော်ရော ပြည်သူ့လွှတ်တော်ပါ အပြတ်အသတ် နိုင်လျှင် NLD ဒုသမ္မတ နှစ်ယောက် နှင့် သမ္မတ ဦးသိန်းစိန်ကဦးဆောင်ပြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပေါင်းပြီး ရွေးသော ဝန်ကြီးများနှင့် အစိုးရအဖွဲ့ ဖြစ်မည်။ အမှန်တကယ် တတ်ကျွမ်းသူများ ဝန်ကြီးအဖြစ် ယခုအစိုးရထဲ ပါလာနိုင်သည်။ ဝန်ကြီးများကို ကိုယ်တိုင် မပြောချင်လျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြီး လမ်းကြောင်းတည့်နိုင်၊ မရလျှင် ဖြုတ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း ပြောရဆိုရ ခက်သည့် မိမိလူအချို့ကို ဦးသိန်းစိန်နှင့် ထိန်းနိုင်မည်။ ခက်ခဲသော ပြည်သူ့မူဝါဒရေးရာ များတွင် ပြည်သူလူထုနှင့် တပ်မတော်ထောက်ခံမှု နှစ်ရပ်လုံးရလျှင် ခရီးပေါက်လွယ်မည်။

လွှတ်တော်နှင့်ပါတီ
===============

သမ္မတနေရာကို ဦးသိန်းစိန်အား ပေးလိုက်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မည်။ ယခုပထမငါးနှစ် လွှတ်တော်ထက် မြိုင်မြိုင်ဆိုင်ဆိုင် သို့မဟုတ် ပေါက်ပေါက်ကွဲကွဲ ရှိလာမည့် လွှတ်တော်ကို အရှိန်အဝါကြီးသူ တစ်ဦးသာ ဦးဆောင်နိုင်လိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုနေရာနှင့် လိုက်ဖက်သောသူ ဖြစ်သည်။
စင်စစ် သမ္မတနေရာကိုသာ လူအများ မဲနေကြသည်၊ လွှတ်တော် ဥက္ကဋ္ဌနေရာကို အတန်ငယ် မေ့လျော့ထားကြသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မူဝါဒပိုင်းတွင် မည်သို့ အရေးပါခဲ့သည်ကို အားလုံးအသိပင် ဖြစ်သည်။ ထိုသို့အရေးကြီးသော လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ဒေါ်အောင်ဆန်းစုကြည် မလုပ်လျှင် မည်သူ လုပ်မည်နည်း။ ကျွန်တော်သိသလောက် ထိုနေရာအတွက် နာမည်စာရင်းကို စဉ်းစားထားကြသူ များများ မရှိပါ။
ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးမားသော တာဝန်ကြီးတစ်ရပ်မှာ ပါတီကို တည်ဆောက်ရေး ဖြစ်သည်။ NLD သည် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာအပြီး ၂၀၁၂ တွင်မှ ပြန်လည် တည်ဆောက်ရပြီး သုံးနှစ်အတွင်း မမှတ်မိလောက်အောင် ကြီးထွားလာသဖြင့် အခြေကျအောင် ပြန်ဆောက်ရန် လိုသည်။ ရွေးကောက်ပွဲအတွက် အသစ်ဝင်လာသော ကိုယ်စားလှယ် အများအပြားနှင့် နဂိုမူလ ပါတီဝင်များ ကျင့်သားရအောင်လည်း ဆောင်ရွက်ပေးရဦးမည်။ သို့မဟုတ်လျှင် ပါတီတွင်း ရောက်လာသည့် အာဏာတည်းဟူသော သည်းခြေကြိုက် အရာကြောင့် အသစ်နှင့်အဟောင်းများ အကြား၊ အဟောင်းနှင့် အဟောင်းများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲနိုင်သည်။ လွတ်လပ်ရေး ရပြီးကာလ ဖဆပလသည် အကောင်းဆုံး ဥပမာဖြစ်သည်။ သမ္မတလုပ်လျှင် အခြေခံဥပဒေအရ ပါတီတွင်းတွင် လှုပ်ရှားခွင့် မရသဖြင့် ပါတီကို ပစ်ထားရလိမ့်မည်။

ပေါင်းစပ်ညှိနှိုင်း
==========

သမ္မတလည်း ဖြစ်ရော ဦးသိန်းစိန် ထင်ရာစိုင်းလျှင် မခက်လော။ အတော်အတန် ခက်နိုင်သည်။ သို့သော်သမ္မတကို တင်ထားသောလွှတ်တော်က မထောက်ခံတော့လျှင် သမ္မတနှင့်တကွ အစိုးရအဖွဲ့တွင် ဖိအားကျရောက်ပြီ။ ပြည်သူတို့ အသိဥာဏ် ပိုမိုပွင့်လင်းလာပြီ ဖြစ်သည့်အတွက် မည်သည့် အစိုးရတက်တက် နောင်လာမည့် ငါးနှစ်သည် ပထမငါးနှစ်ကလောက် မလွယ်တော့ပါ။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ National Defense and Security Council ကို အသက်သွင်းခြင်း ဖြင့်လည်း သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အနီးကပ် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ယင်းသည် လွှတ်တော်ဥက္ကဋ္ဌများနှင့် သမ္မတ၊ ဒုသမ္မတများ၊ လုံခြုံရေးဆိုင်ရာ ဝန်ကြီးများကို ပေါင်းစပ်ညှိနှိုင်းပေးသည့် အရေးကြီးနေရာ ဖြစ်သည်။
မျှော်လင့်မထားသည်တို့ မြန်မာပြည်တွင် ဖြစ်တတ်သည့်အတွက် ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် တင်သော သမ္မတအဖြစ် မြင်ရလျှင် အံ့သြမည်မဟုတ်ပါ။

ဇေယျသူ
The Voice

No comments: