မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 3, 2015
ပြောင်းလဲခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ ရှေ့သို့ ဆက်လျှောက်နေဦးမည် (မှူးဇော်) အပြောင်းအလဲနှင့် တံခါးသစ်ဖွင့်
Changing “Myanmar” Moving “Forward”
ပြောင်းလဲခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ ရှေ့သို့ ဆက်လျှောက်နေဦးမည်
(မှူးဇော်)
အပြောင်းအလဲနှင့် တံခါးသစ်ဖွင့်
-----------------------------------------------------------------------
၂၀၁၀ ရွေးကောက်ပွဲများ ကျင်းပမည် ဆိုစဉ်က ပြည်တွင်း၊ ပြည်ပအတော်များများက တပ်မ တော်အစိုးရအုပ်ချုပ်သည့် အခြေအနေမှ အမည်ပြောင်း၍ အုပ်ချုပ်ရုံသာရှိမည်၊ ဘာမှ ပြောင်းလဲမည် မဟုတ် ဟု ကြိုတင်မျှော်တွေးထားခဲ့ကြသည်။ Old Wine in New Bottle ပုလင်းသစ်ထဲက ၀ိုင်အဟောင်း သဘောမျိုး ပြောဆိုကြသည်။ ဆီကိုပုလင်းအသစ်ထဲ ဘယ်လိုပင် ပြောင်းထည့်ထည့် မူလလက်ဟောင်း ဆီသာ ဖြစ်သည် ဟူသော သဘောမျိုး ဖြစ်သည်။ သို့သော် - - ။
“မြန်မာနိုင်ငံတစ်ကယ်ပြောင်းနေပြီ”၊ “မြန်မာအစိုးရ တစ်ကယ် ပြောင်းသွားပြီ” ဟူသော အာမေဋိက် များနှင့်အတူ မြန်မာ့နွေဦး ဟူ၍ပင် ကင်ပွန်းတပ်လာခဲ့ကြသည်။ နောက်ဆုံး အစဉ်တစိုက် ဖိအားပေး ပိတ်ဆို့ ခဲ့သော အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားသည်ပင်လျှင် မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့ပြီး မြန်မာ့ အပြောင်းအလဲကို အသိအမှတ်ပြုခဲ့၊ ထောက်ခံခဲ့သည် ဟု ဆိုက မှားမည် မထင်ပေ။ “အုပ်ချုပ်သူ မပြောင်း၊ မူမပြောင်း” ဟူ၍ ပုံသေမှတ်ယူထားသူများပင်လျှင် အံ့သြတကြီး ဖြစ်ရသည်အထိ မြန်မာ့အပြောင်း အလဲမှာ နိုင်ငံတကာနှင့် ဒေသတွင်း မီဒီယာများ၏ ခေါင်းကြီးသတင်းများ၊ မျက်နှာဖုံးသတင်းများ ဖြစ်ခဲ့ရ သည်။ ဒီမိုကရေစီတန်ဖိုး Democratic Value ကို ရှေ့တန်းတင်ကြသော အနောက်နိုင်ငံများ၏ အကဲဖြတ်ချက် မှာ လူထုအတွက် အမှန်တစ်ကယ် အကျိုးပြုသလား Who can really deliver for the people ဟူ၍သာ ဖြစ်သည်။
ဘယ်လောက်အထိအောင် ခရီးပေါက်ခဲ့ပြီလဲ ဟူသော မေးခွန်းအတွက်မူကား ဦးသိန်းစိန်အစိုးရ တက် မလာခင်က အချိန်များနှင့် ပြန်လည်နှိုင်းယှဉ်ခြင်းအားဖြင့် ဖြေဆိုနိုင်ကြပါလိမ့်မည်။ လျှပ်စစ်မီးမမှန်၍ ဆန္ဒပြမှု များ လမ်းမများထက် ပြည့်လျှံခဲ့သည့်အခြေအနေမှ ယခုသော် တဖြည်းဖြည်းချင်းနှင့် လျှပ်စစ်မီး သိသိသာသာ ရရှိလာခဲ့ပြီ ဖြစ်သည်။ လျှပ်စစ်မီးကြောင့် ဆန္ဒပြမှုများလည်း အတော်အသင့် လျော့ပါးသွားပြီ ဖြစ်သည်။ ကျေးလက်တောရွာများနှင့် ဒေသတွင်းလမ်းများ၊ တံတားများ သိသိသာသာ တိုးတက် ဖြစ်ပေါ်လာခဲ့သည်။ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ မျက်မြင်ထင်ရှား တိုးတက်ဖြစ်ပေါ်လာခဲ့သည်။ စိုက်ပျိုးစရိတ်ချေး ငွေ မလောက်မင ဖြစ်နေခဲ့သော တောင်သူလယ်သမားများ တစ်ဧက တစ်သိန်းအထိ တိုးမြှင့်ရရှိလာခဲ့သည်။ လယ်ယာသွင်းအားစု (ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုး၊ လယ်ယာသုံးစက်ကိရိယာ)များ တင်သွင်းခြင်း အတွက် အခွန် ကင်းလွတ်ခွင့်ပေးခဲ့သည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကို အမျိုးသား အဆင့် ဦးစားပေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ယခင်က ချမ်းသာကြွယ်ဝသူများအတွက် ဇိမ်ခံ ပစ္စည်းသဖွယ် ဖြစ်ခဲ့သော မိုဘိုင်းဖုန်းများ ထောင့်ငါး ရာကျပ်ဖြင့် လူတိုင်း ဖုန်းကိုင်နေကြပြီ။ မိုဘိုင်းဆက်သွယ်ရေးသည် မြန်မာ့လူ့အဖွဲ့အစည်း၏ လူမှုစီးပွားဘ၀ ကို အကြီးအကျယ် ပြောင်းလဲနိုင်ခဲ့သည်။ အဆိုပါ သက်ရောက်မှုမှာ လက်တွေ့တွင် ကြီးမားလှသော အကျိုး တရားများ ရရှိစေခဲ့သည်။ အခွင့်ထူးခံတို့၏လက်ဝယ်တွင် ဆုပ်ကိုင်ထားခဲ့သော မော်တော်ယာဉ်တင်သွင်းခွင့် ကို အများပြည်သူလက်ဝယ်သို့ အပ်နှင်းခဲ့သည်။ ကျေးလက်တောရွာများအထိ ပစ်ကပ်ကားလေးများ တ၀ီဝီ ပြေးလွှားနေကြပြီ ဖြစ်သည်။ နွေရာသီအားလပ်ရက်ကဲ့သို့ ကာလများတွင် အမြန်လမ်းမကြီးပေါ်၊ လမ်းမများ ပေါ်၊ ခရီးသွားနေရာဒေသများအားလုံးတွင် အဆိုပါ ပစ်ကပ်ကားလေးများဖြင့် မိသားစုအလိုက် ခရီးလှည့်လည် သွားလာနေကြပြီ ဖြစ်သည်။
မိုဘိုင်းဖုန်းတော်လှန်ရေးဖြင့် လူ့အဖွဲ့အစည်း၏ ပွင့်လင်းမှုကို ဆောင်ကြဉ်းနိုင်ခဲ့သည့်နည်းတူ သတင်း မီဒီယာလွတ်လပ်ခွင့်ကို စံချိန်တင် ဖွင့်လှစ်ပေးခဲ့သည်။ စံချိန်တင် ဟု ဆိုရသည်မှာ အကြောင်း ရှိသည်။ အာဆီယံနိုင်ငံများတွင် ပြန်ကြည့်လျှင် နိုင်ငံအချို့တွင် မတို့ရ၊ မထိရ ကန့်သတ်ချက်များ ရှိသည်။ လုံးဝ မဝေဖန်ရသော သတ်မှတ်ချက်များ ရှိသည်။ မဖြစ်မနေ လိုက်နာရမည့် အမိန့်များ ရှိသည်။ မြန်မာနိုင်ငံတွင် တော့ သမ္မတကိုလည်း ဝေဖန်နိုင်သည်။ သံဃာတော်များကိုလည်း ဝေဖန်နိုင်သည်။ တပ်မတော်ကိုလည်း ဝေ ဖန်နိုင်သည်။ တံခါးဖွင့်လှစ်စ နိုင်ငံတစ်နိုင်ငံတွင် ဤသို့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ပေးခဲ့သည်မှာ အံ့သြ စရာ ဟု နိုင်ငံတကာလေ့လာသူများက ဆိုကြသည်။ သက်ဆိုင်ရာ ကျင့်ဝတ်အားနည်းမှု၊ ပုဂ္ဂိုလ်ရေးထိခိုက်မှု၊ နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များကို ထိခိုက်မှု စသည်တို့မှာ အသွင်ကူးပြောင်းစ ကြုံတွေ့ရစမြဲ ဖြစ်သော အခက်အခဲများဟု ပညာရှင်များက ရှုမြင်ကြသည်။
သမ္မတအိမ်တော် ရောက်သည်နှင့် ဦးသိန်းစိန်သည် ပြည်သူများ၏ မူလအခွင့်အရေးဖြစ်သော ငြိမ်း ချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် ဥပဒေပြဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ခွင့်ပြုချက် မရဘဲ ဆန္ဒပြခြင်းကြောင့် အရေးယူမှုများသည် ဥပဒေပြဿနာသာ ဖြစ်ပြီး ယင်းဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းဖို့ သာ ရှိသည်။ ပြောရလျှင် မြန်မာ့လူ့အဖွဲ့ အစည်းသည် သမ္မတဦးသိန်းစိန် လက်ထက်တွင် များစွာ လွတ်လပ် ပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။
လူထုဆန္ဒ
၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ လူထုသည် အုပ်ချုပ်ခံ အဖြစ် တည်ရှိခဲ့ပါ၏။ Government For the People လူထုဆန္ဒကို အလေးထားသည့်အစိုးရ ဟူသည်မှာ ရုပ်ရှင်ဇာတ်ကားများ၊ စာအုပ်စာပေများတွင်သာ တွေ့ခဲ့ကြရသည်။ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းအပေါ် လူထုသဘောထားများ အုံကြွပေါ်ထွက်လာခဲ့ သည်။ မီဒီယာများက ကန့်ကွက်ခဲ့ကြသည်။ လမ်းမများပေါ်ထွက်၍ ဆန္ဒပြကြသည်။ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြသည်။ ဦးသိန်းစိန် အစိုးရ ဘယ်လို ဖြေရှင်းမလဲ အားလုံးက စောင့်ကြည့်ခဲ့ကြ သည်။ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်လေ့လာသုံးသပ်မှာလား၊ ဆက်လုပ်မှာလား ခန့်မှန်းခဲ့ကြသည်။ ဆည် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ချိန်က အတော်များများ မယုံကြည်နိုင် ဖြစ်ခဲ့ကြရသည်။ လူထုဆန္ဒကို အလေးထားသည် ဟူသော အမြင်များလည်း ပေါ်ထွက်လာခဲ့သည်။
နိုင်ငံ့တာဝန်ကို နယ်ပယ်အသီးသီးတွင် ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားများ ပင်စင်လစာ မလောက် မငဖြင့် နေနေခဲ့ကြရသည်။ အချို့လည်း ပင်စင်ထုတ်ရမှာနှင့် လမ်းစရိတ် မကာမိသောကြောင့် မထုတ်ဘဲ ပစ်ထားကြသည်များလည်း ရှိသည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ခေတ်နှင့်လျော်ညီသော ပင်စင်နှုန်းထား ကို တိုးမြှင့်ပေးလိုက်တော့ ပင်စင်စားများ ၀မ်းသာကြရသည်။ အနည်းဆုံးတော့ ပင်စင်ငွေကလေးဖြင့် လှူရတန်းရ၊ စာအုပ်ဖိုးရ ဆိုသလို ဖြစ်ခဲ့ကြရသည်။ လူထုဆန္ဒကို အလေးထားသော လုပ်ဆောင်ချက်များ တွေ့မြင်လာရသည့်အပြင် “ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှု” ကို လှိုင်းများဖြင့် တွန်းတင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် လူထုဆန္ဒနှင့် စပ်လျဉ်း၍ ပျော့ပျောင်းသည် ဟု ယူဆနိုင်သော်လည်း ပြတ် ပြတ်သားသား ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် နောက်မတွန့်သူ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ရိုဟင်ဂျာ မြန်မာမှာ မရှိ No Rohinja in Myanmar ဟူ၍ ကမ္ဘာကို လေသံမာမာဖြင့် ပြောခဲ့သူ ဖြစ်သည်။ ပြည်တွင်း၌ ပြောသလို ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အခါတွင်လည်း ဤရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထား သည်။ ပြုပြင်ပြောင်းလဲရေးသမား၊ သဘောထားပျော့ပျောင်းသူ စသည့် တံဆိပ်ကပ်ခြင်းများကို ထိခိုက်စေနိုင် သည်၊ မြန်မာနိုင်ငံအပေါ် အပြူသဘော ထောက်ခံမှုများ အားနည်းသွားနိုင်သည်၊ နိုင်ငံတကာဖိအားပေးမှုများ ပြင်းထန်လာနိုင်သည်၊ စသည်တို့ကို ဦးသိန်းစိန် မသိ မရှိခဲ့ပါ။ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွား အတွက် ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားမှု၊ နိုင်ငံတကာထောက်ခံမှုတို့ကို စတေးခဲ့သူ ဖြစ်သည်။
မြန်မာ့စီးပွားရေးသည် ဈေးကွက်မပီမသ အခြေအနေသို့ ရောက်ရှိခဲ့ရာမှ ဈေးကွက်ယန္တရားများ အား ကောင်းလာစေရန် ဦးသိန်းစိန် ကြိုးပမ်းခဲ့သည်။ တစ်ဒေါ်လာ ခြောက်ကျပ် ဟူသော ကိန်းသေ ငွေလဲနှုန်းကို IMF, World Bank စသည်တို့၏ အကြံဥာဏ်များ ရယူ၍ ဈေးကွက်အတိုင်း စီမံခန့်ခွဲသော ငွေလဲနှုန်းကို ပြောင်းလဲခဲ့သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို အလေးပေးဆောင် ရွက်ခဲ့သည်။ ငွေလဲနှုန်း ပြောင်းလဲသွားခြင်းကြောင့် စီးပွားရေး ကမောက်ကမ ဖြစ်လေမည်လား ဟူသော စိုးရိမ်မှုများကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ တစ်ဖန် ပြည်သူများ အချိန်တိုတိုအတွင်း အလုပ်အကိုင်ရ မည့်၊ ၀င်ငွေရရှိစေမည့် ရင်းနှီးမြုပ်နှံမှုများကို ဦးစားပေး၍ လက်ခံခဲ့သည်။
မြန်မာ့စီးပွားရေးနယ်ပယ်တွင် ၀န်ထုပ်ဝန်ပိုးဖြစ်နေခဲ့သော မလိုအပ်သောအပိုကုန်ကျစရိတ်များ Transactional Cost များ လျှော့ချပေးခဲ့သည်။ လူတစ်စုလက်ဝယ်မှ စီးပွားရေးကို လူအများလက်ဝယ်သို့ ရောက်ရှိစေရန် ကြိုးပမ်းခဲ့သည်။
လူမှုစီးပွားပြုပြင်ပြောင်းလဲရေးမဟာဗျူဟာမူဘောင်ကို နိုင်ငံတကာနှင့် အကြိတ်အနယ်ဆွေးနွေးကာ ပြောင်းလဲခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာသို့ ချပြ ရှင်းလင်း၍ ကြွေးမြီဟောင်းများ ကင်းဝေးစေရန် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒဏ်ခတ်ပိတ်ဆို့ခြင်း ခံရချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ရသင့်ရထိုက်သည့် အခွင့်အရေးများ လက်လွှတ်ခဲ့ရသည်။ ကြွေးမြီဟောင်းများ ကင်းဝေးမှ ကြွေးမြီအသစ်များ လမ်းပွင့်လာမည်ကို ဦးသိန်းစိန်အနေဖြင့် ကြိုတင်မျှော်တွေးထားခဲ့သည်။ ဤသို့ ဖြင့် ဦးသိန်းစိန် ခေတ် မြန်မာနိုင်ငံသည် နှစ်စဉ် တိုးတက်မှုနှုန်း (အနည်းဆုံး) ငါးရာခိုင်နှုန်းနှင့် အထက် ရရှိစေ ရန် ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၀၈ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းအလွန် ကမ္ဘာတစ်ဝှမ်း အကျပ် ရိုက်နေကြချိန်တွင် မြန်မာနိုင်ငံမှာ စီးပွားရေး ပုံမှန်တိုးတက်နေစေရန် ကြိုးပမ်းနိုင်ခဲ့သည်။
ဆိုရလျှင် မြန်မာပြည်သူများအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲများမတိုင်မီကာလများက အခြေအနေနှင့် လက်ရှိအခြေအနေတို့ကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာပြည်သူများအတွက် အတော်ကလေး ပြောင်းလဲလာခဲ့ပြီ ဟု၍ သိရှိနိုင်သည်။ ဦးသိန်းစိန်၏ ကြိုးပမ်းအားထုတ်မှုမှာ ပြုပြင်ပြောင်းလဲရေးကို အခြေခံသော အပြောင်း အလဲများကို ဖန်တီးခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ပိသုကာ
လူတိုင်းသိကြသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့သက်တမ်းအရှည်ဆုံး စစ်ပွဲများ ဖြစ်နေခဲ့သည်။ နိုင်ငံ တကာက ပညာရှင်တိုင်းကလည်း ပြောကြသည်။ To become One Myanmar, to escape LDC country အမျိုးသားပြန်လည်သင့်မြတ်ဖို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးဆုံး ဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ ကြိုးပမ်းခဲ့ကြသည်။ စေ့စပ်ခဲ့ကြသည်။ ညှိနှိုင်းခဲ့ကြသည်။ သို့သော် ငြိမ်းချမ်းရေး ချိုးငှက်များ တေးမသီနိုင်ခဲ့ရှာ။
ဦးသိန်းစိန် လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို ပုံစံအသစ်ဖြင့် သံလွင်ခက် ကမ်းခဲ့သည်။ နေပြည်တော် လယ်တောအိမ်ရာသည် တိုင်းရင်းသားခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံနေရာလေး တစ်နေရာ ဖြစ်လာခဲ့သည်။ လူထုသို့ သတင်းထုတ်သည်လည်း ရှိ၊ သတင်းမထုတ်သည်လည်း ရှိသည်။ ကြိမ် ဖန်များစွာ တွေ့ဆုံခဲ့ကြသည်။ ကြိမ်ဖန်များစွာ ယုံကြည်မှုတည်ဆောက်ခဲ့ကြသည်။ လူပုဂ္ဂိုလ်ကို အခြေခံ၍ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သော်လည်း ရေရှည်လုပ်ဆောင်နိုင်မည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချမှတ်ခဲ့သည်။
တိုင်းရင်းသားများ၏ ခေတ်အဆက်ဆက် ပြောကြားခဲ့သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲ ၀ိုင်းတွင် ဖြေရှင်းနိုင်ရေးကို လမ်းဖောက်ခဲ့သည်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း လက်နက်မကိုင်၊ စားပွဲထိုင်၍ ဖြေရှင်းကြမည် ဟု မျှော်မှန်းထားသူ ဖြစ်သည်။
သို့သော် ငြိမ်းချမ်းရေးခရီးကား ခက်ခဲလှပါ၏။ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့တည်းကိုပင်လျှင် ခက်ခက်ခဲခဲ ညှိနှိုင်းရသော ထုံးစံရှိလေရာ လက်နက်ကိုင်အဖွဲ့ပေါင်း တစ်ဒါဇင် ကျော်နှင့် ညှိနှိုင်းရသည်မှာ စိတ်ရှည်ရသည်။ သည်းခံရသည်။ သဘောထားကြီးရသည်။ အမှန်တစ်ကယ် ရိုးသားရသည်။ အတိုက်အခိုက်၊ အဖျက်အဆီးများကလည်း မျိုးစုံ ရှိသည်။ လက်မှတ်မထိုးရန် ကဖျက် ကယက် လုပ်သူများမှာလည်း တချို့ ပေါ်ပေါ်တင်တင်၊ တချို့ တိတ်တဆိတ်။ နိုင်ငံ၏ ပထ၀ီနိုင်ငံရေး အနေ အထားအရ အခက်အခဲများစွာ ရှိပါ၏။ သို့သော် သမ္မတဦးသိန်းစိန်သည် တိုင်းပြည်ကို ငြိမ်းချမ်းစေလို၍၊ တိုင်းပြည်ကို ဖွံ့ဖြိုးစေလို၍ ငြိမ်းချမ်းရေးကို ကျားကုတ်ကျားခဲ ကြိုးပမ်းနေခြင်း ဖြစ်သည်။
နောက်ပြန်မလှည့်၊ ရှေ့သို့သာ
ရခိုင်ပြည်နယ် ပဋိပက္ခသည် မမျှော်လင့်ဘဲ ကြီးထွားလာခဲ့သော ပဋိပက္ခဖြစ်သည်။ ပထ၀ီနိုင်ငံရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများ ငုတ်လျှိုးနေခဲ့ရာမှ အချိန်ကိုက်ပြန်လည်ပေါ်ပေါက်လာသည်နှင့်လည်း တိုက်ဆိုင်သွားခဲ့ရာ ပဋိပက္ခမီးတောက် ကြီးမားခဲ့ပါ၏။ ဒီမိုကရေစီတံခါးအဖွင့်တွင် နွံနစ်စေခဲ့သော အဆိုပါ ပဋိပက္ခမှ ပြန်လည်ရုန်းထနိုင်ရန် အချိန်ပေးပြီး အားထုတ်ခဲ့ရပါ၏။ တတိယကမ္ဘာ့နိုင်ငံကလေးတွင် ယဉ်ကျေး မှုချင်း တိုးတက်မိသည်ကား တိုင်းပြည်၏ ကံကြမ္မာပင်။ သို့သော် သမ္မတဦးသိန်းစိန်သည် နိုင်ငံကို လမ်း ကြောင်းမှန်ပေါ်သို့ ပြန်လည် ဆွဲတင်နိုင်ခဲ့ပါ၏။
မြေသိမ်းယာသိမ်း သပွတ်အူသည် ဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်၊ Problems Maker မဟုတ်ပါ။ ခေတ် အဆက်ဆက် ဖြစ်ပွားခဲ့သော သပွတ်အူကို ရှင်းရလင်းရပါ၏။ Problems Solver သာ ဖြစ်ပါ၏။ သို့သော် ယခုအစိုးရလက်ထက်မှ သိမ်းကြဆည်းကြ ဖြစ်ကြသယောင် ရေးသားဖော်ပြကြသည် များလည်း ရှိကြပါ၏။ မြေယာပြဿနာသည် နယ်ချဲ့များနှင့် ချစ်တီးများလက်ဝယ်မှ ပြန်လည်ရယူရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မြေယာများ နိုင်ငံပိုင်ပြုလုပ်ရေးကို ဆောင်ရွက်ခဲ့ရပါ၏။ တစ်ဖန် ဆိုရှယ်လစ် စနစ် တွင် မြေယာအားလုံး နိုင်ငံပိုင် ဖြစ်ခဲ့ရပါ၏။ တပ်မတော်အစိုးရလက်ထက်တွင်လည်း မြေယာအားလုံး နိုင်ငံပိုင် ဖြစ်ခဲ့ရပါ၏။ မြေပိုင်ယာပိုင် လယ်သမားများ ထိုပိုင်ဆိုင်မှုကို အရင်းတည်၍ အရင်းအနှီးချေးငွေများ ရယူနိုင်ရန်အတွက် မြေယာဥပဒေကို သမ္မတ ဦးသိန်းစိန်က ပြင်ဆင်ပေးခဲ့သည်။ ယခုအခါ မြို့နယ်အချို့တွင် မြေယာပိုင်ဆိုင်မှုဖြင့် တစ်ဧက လေးသိန်းအထိ (အစိုးရမှ တစ်ဧက တစ်သိန်းနှုန်းဖြင့် ငွေထုတ်ချေးသည်) ငွေများ ချေးယူနိုင်ကြပြီ ဖြစ်သည်။ မြေယာပြဿနာများကြောင့် ဦးသိန်းစိန် နောက်ပြန်လှည့်ပြီ ဟု ရေးကြ သားကြသည်များလည်း ရှိခဲ့ပါ၏။
ဒီမိုကရေစီ အသွင်ကူးပြောင်းစနိုင်ငံများ၏ အတွေ့အကြုံအရ နောက်ကြောင်းပြန်လှည့်ခြင်းသည် အများဆုံးတွေ့ရှိရတတ်သော ဖြစ်စဉ်များ ဖြစ်သည်။ ဤသည်ကို ဒီမိုကရေစနောက်ပြန်လှိုင်း Democratic Back Wave ဟု သုံးနှုန်းလေ့ရှိကြသည်။ မြန်မာနိုင်ငံကိုလည်း နောက်ကြောင်းပြန်လှည့်မည်ကို ထိုသို့ စိုးရိမ် ကြသည်မှာ ယုတ္တိကျသော ယူဆချက် ဖြစ်သည် ဟု ဆိုနိုင်သည်။
“နောက်ကြောင်း ပြန်မလှည့်ဘူး၊ ကျွန်တော်တို့ ရှေ့ကို ဆက်သွားမယ်” We are not turning back, we are moving forward ဟု သမ္မတ ဦးသိန်းစိန်က ရန်ကုန်မြို့သို့ ဒုတိယအကြိမ် လာရောက်ခဲ့သော သမ္မတ အိုဘားမားကို ပြောကြားခဲ့သည်။ ဦးသိန်းစိန်၏ ရှင်းလင်းချက်မှာ ပြည်သူလူထု ပင် ဖြစ်သည်။ ပြည်သူ လူထုက နောက်ကြောင်း ပြန်မလှည့်စေလိုဘူး ဆိုလျှင် နောက်ပြန်လှည့်စရာ အကြောင်းမရှိဟု သမ္မတ ဦးသိန်းစိန်က ခံယူထားသည်။
မြန်မာနိုင်ငံတွင် မြန်မာ့နွေဦး ဟု ကမ္ဘာက
အမည်ပေးတင်စားခံခဲ့ရသည်အထိ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါ၏။ ဆက်လက်၍လည်း ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် ရှိနေပါ၏။ ဤနေရာတွင် ပြုပြင် ပြောင်းလဲမှု ဟူသော လမ်းကြောင်းကို သတိချပ်စေလိုပါသည်။ အမြစ်မှတွန်းလှန် ဖယ်ရှားသော တော်လှန် ရေးလမ်းကြောင်း မဟုတ်ပါ။ ပြုပြင်မွမ်းမံ၍ အပြောင်းအလဲများကို ဖန်တီးရခြင်း ဖြစ်၍ အချိန်ယူရပါ၏။ စိတ်ရှည်သည်းခံရပါ၏။ ဒီနေ့ ဒီမိုကရေစီ၊ မနက်ဖြန် တစ်ပြည်လုံးချမ်းသာမည် ဟူသော အယူအဆသည်ကား စိတ်ကူးယဉ် ဆန်လွန်းလှသည်။ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးတည် ဆောက်ရေးတို့မှာ လက်တွေ့ကျရန် အထူးလိုအပ်ပါ၏။
ပိုလန်နိုင်ငံ၏ အတွေ့အကြုံအရ ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင် လက်ခ်ျ ၀ါလက်ဆားသည် Solidarity လူထုလှုပ်ရှားမှုများဖြင့် လူထုခေါင်းဆောင်အဖြစ် တော်လှန်ခဲ့ကြောင်း၊ ပထမဦးဆုံးသော ရွေးကောက်ပွဲတွင် လူထု ရွေးချယ် တင်မြှောက်မှုဖြင့် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့သော်လည်း တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရကြောင်း၊ နိုင်ငံကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်သော အရည် အချင်း မရှိသည့်အတွက် ထိုသို့ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရောက် ဖရန်ဆစ်ဖူကူယားမားက ပြောကြားသွားခဲ့သည်။ နိုင်ငံများ၏ ဒီမိုကရေစီ ခရီးတွင် မီးခလုတ်ကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်သလိုမျိုး အပြောင်းအလဲကို ချက်ချင်း ရယူ၍ မရနိုင်ပါ။ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းသည် မီးခလုတ်တစ်ခု မဟုတ်ပါ။ မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းသည် အပြောင်းအလဲများကို စတင်ခဲ့ပြီး ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်တွင် ဆက်၍လျှောက်လှမ်းနေဆဲ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် နောက်ပြန်လှည့်တော့မှာလား ဟူသော စိုးရိမ်ပူပန်မှုများအကြားတွင် ရှေ့သို့ လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ နောက်ပြန် လန်ကျမလား ဟူသော ပူပန်မှုများအကြားတွင် မြန်မာနိုင်ငံကို အထိ အခိုက်မရှိ ရှေ့သို့ ရွေ့စေခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံ ရှေ့သို့ ဆက်လက် ရွေ့နေအောင် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရှေ့သို့ ဆက်၍ လျှောက်လှမ်းနေဦးမည် Changing “Myanmar” Moving “Forward” သာ ဖြစ်ပေသည်။
[Democracy Today Daily, 3 Sept 2015]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment