Sunday, September 20, 2015

မြောက်ကိုရီးယား ကျူးဘားကဲ့သို့ ဘာကြောင့် မပြောင်းလဲနိုင်ရသလဲ ==================

မြောက်ကိုရီးယား ကျူးဘားကဲ့သို့ ဘာကြောင့် မပြောင်းလဲနိုင်ရသလဲ
====================================

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရာစုနှစ်ဝက်ကျော် အထီးကျန်နိုင်ငံအဖြစ် ရပ်တည် နေခဲ့ရသည့် ကျူးဘားနိုင်ငံသည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်၌ ကျူးဘားသံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကျူးဘားအလံကို လွှင့်ထူနိုင်ခဲ့ ပြီဖြစ်သည်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက အမေရိကန်နှင့် ကျူးဘား နိုင်ငံတို့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ကြောင်း ကြေညာခဲ့သည်။

''ကျူးဘားနိုင်ငံကို နှစ် ၅ဝ ကြာ အထီးကျန်နိုင်ငံ အဖြစ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တာဟာ တကယ်တော့ အလုပ်မဖြစ်ပါဘူး'' ဟု အိုဘားမားက ¤င်း၏ထုတ်ပြန်ချက်တွင် ပြောကြားသည်။ စီးပွားရေး ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရေးကို အခြေခံ သည့် အမေရိကန်နိုင်ငံ၏ မူဝါဒများသည် ထိရောက် အောင်မြင်မှုမရှိကြောင်း အိုဘားမားကဝန်ခံခဲ့ပြီး နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ထူထောင်ရေးမူဝါဒကိုသာ အားပေးမြှင့် တင်သွားရမည်ဟု ဆိုသည်။ ပြုပြင်ပြောင်းလဲထားသည့် အမေရိကန်၏မူဝါဒသည် နှစ်နိုင်ငံပုံမှန်ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေးအတွက်သာမက အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ အကြမ်းဖက်အဖွဲ့အစည်း များကို ထောက်ပံ့ပေးနေသော နိုင်ငံများစာရင်းမှလည်း ကျူးဘားနိုင်ငံကို ဖယ်ရှားပေးခဲ့ပြီး အမေရိကန်နိုင်ငံသား များ ကျူးဘားနိုင်ငံသို့ ခရီးသွားလာခွင့်၊ ကုန်သွယ်ခွင့်နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး ကိုပါ ခွင့်ပြုပေးမည်ဖြစ်သည်။

ဤနေရာတွင် မေခွန်းထုတ်စရာတစ်ခုရှိသည်မှာ အမေရိကန်နိုင်ငံ၏ မူဝါဒမှာ အနာဂတ်တွင် မည်မျှ အရေးပါပြီး မည်မျှအောင်မြင်မှုရှိသည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ကျူးဘားနိုင်ငံ နှင့် ဆက်ဆံရေးတိုးတက်မှုများရှိနေသလို အီရန်နိုင်ငံ နှင့် နျူကလီးယားသဘောတူညီချက်များ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး မြောက်ကိုရီးယားနိုင်ငံနှင့် လည်း သမိုင်းစာမျက်နှာသစ်တစ်ခုဖွင့်လှစ်ရန် စဉ်းစား သုံးသပ်လျက်ရှိသည်။ အမှန်တကယ်တွင် နှစ်ပေါင်း ၅ဝ ခန့် အထီးကျန်နိုင်ငံဖြစ်နေခဲ့သည့် မြောက်ကိုရီးယား နိုင်ငံနှင့် ပြန်လည်ဆက်ဆံရေးမှာ အပြောလွယ် သလောက် အလုပ်ခက်မည့်အနေအထားဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံနှင့် ကျူးဘားနိုင်ငံတို့သည် အမေရိကန်နိုင်ငံနှင့်ပတ်သက်၍ တူညီသော သမိုင်း ကြောင်းရှိသည့် နိုင်ငံများဖြစ်ကြသည်။ ယင်းနှစ်နိုင်ငံ အပေါ် အမေရိကန်နိုင်ငံက ရာစုနှစ်ဝက်ခန့် ကျင့်သုံး ခဲ့သည့် နိုင်ငံခြားရေးမူဝါဒမှာ တူညီမှုများရှိနေသည် ကို တွေ့ရမည်ဖြစ်သည်။

ခေတ်ပြိုင်နိုင်ငံများ

ကနဦးနှိုင်းယှဉ်ချက်အရ ကျူးဘားနှင့် မြောက် ကိုရီးယားတို့သည် ယေဘုယျအားဖြင့် တူညီချက်များ ရှိနေသည်။ နှစ်နိုင်ငံစလုံးသည် ယခင် ဆိုဗီယက် ပြည်ထောင်စု၏ လွှမ်းမိုးမှုများရှိခဲ့ပြီး အာဏာရှင်စနစ် ဖြင့် တစ်ပါတီကွန်မြူနစ်စနစ်ကို မျိုးရိုးစဉ်ဆက် အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့သည့် နိုင်ငံများဖြစ်ကြ သည်။ ကျူးဘားနိုင်ငံ၌ ၂ဝဝ၆ ခုနှစ်တွင် ဖီဒယ် ကတ်စထရိုသည် ¤င်း၏ညီဖြစ်သူ ရာအူးလ်ကတ်စထရို ကို အောင်မြင်စွာ အာဏာလွှဲပြောင်းပေးနိုင်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံတွင်လည်း ၂ဝ၁၁ ခုနှစ် ဒီဇင် ဘာလတွင် ခေါင်းဆောင် ကင်ဂျုံအီလ် ကွယ်လွန် သွားပြီးနောက် သားဖြစ်သူ ကင်ဂျုံအန်မှာ တတိယ မျိုးဆက်အဖြစ် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

နှစ်နိုင်ငံစလုံးသည် အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးသည့်နိုင်ငံများဖြစ်သောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ သည်။ ကျူးဘားအစိုးရသည် ဆန့်ကျင်ကွဲလွဲသည့် နိုင်ငံရေး သို့မဟုတ် ဘာသာရေးခံယူချက်ရှိသူ နိုင်ငံသား တိုင်းကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ထောင်သွင်းအကျဉ်းချ ခြင်းနှင့် စီရင်ချက်ချပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်သည်။ ကျူးဘားနိုင်ငံသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် နှင့် လွတ်လပ်စွာ စုဝေးခွင့်များကို ကန့်သတ်ထားသလို ပုံနှိပ်မီဒီယာနှင့် အီလက်ထရွန်နစ် မီဒီယာတို့ကိုလည်း ထိန်းချုပ်ကန့်သတ်ထားသည်။ အလားတူ မြောက်ကို ရီးယားနိုင်ငံသည်လည်း ဂူးလက်စ်ဟု လူသိများသည့် နိုင်ငံရေးအကျဉ်းသားများကို အဓမ္မခိုင်းစေသည့် အလုပ် စခန်းများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင် ဝေဖန်မှုများခံနေရသည်။

ပိတ်ဆို့အရေးယူမှုများ

အကျိုးဆက်အနေဖြင့် အမေရိကန်က မြောက် ကိုရီးယားနှင့် ကျူးဘားတို့အပေါ် ရာစုနှစ်ဝက်ခန့် စီးပွား ရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အထိ မြောက်ကိုရီးယားနိုင်ငံရော ကျူးဘား နိုင်ငံပါ အကြမ်းဖက်ဝါဒကို အားပေးထောက်ခံသည့်နိုင်ငံ များစာရင်းတွင် ထည့်သွင်းသတ်မှတ်ခံထားရသည်။ မြောက်ကိုရီးယားနိုင်ငံသည် အကြမ်းဖက်အဖွဲ့များကို လက်နက်ရောင်းချမှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်မှုကြောင့် ၁၉၈၈ ခုနှစ်တွင် အဆိုပါစာရင်း ၌ ထည့်သွင်းသတ်မှတ်ခံရခြင်းဖြစ်သည်။ ၂ဝဝ၈ ခုနှစ် ဘုရှ်အစိုးရလက်ထက်တွင် အဆိုပါစာရင်းမှ ဖယ်ရှားခံ ခဲ့ရခြင်းဖြစ်သည်။ ထို့အတူ ကျူးဘားနိုင်ငံသည်လည်း အကြမ်းဖက်ဝါဒကို အားပေးထောက်ခံသည့်နိုင်ငံများ စာရင်းတွင် ၁၉၈၁ ခုနှစ်ကတည်းက ထည့်သွင်းသတ်မှတ် ခံခဲ့ရပြီး ယခုနှစ် ဧပြီလတွင်မှ အဆိုပါစာရင်းမှ ဖယ်ရှား ခံခဲ့ရခြင်းဖြစ်သည်။ အိုဘားမား၏ မူဝါဒပြောင်းလဲ ခဲ့သည့်တိုင် ကျူးဘားနိုင်ငံသည် စီးပွားရေးပိတ်ဆို့မှု ကို ဆက်လက်ရင်ဆိုင်နေရဦးဖြစ်သည်။ အမေရိကန် ကွန်ဂရက်က စီးပွားရေးပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရေး ကို တဖြည်းဖြည်းဆောင်ရွက်သွားဖွယ်ရှိသည်။

နျူကလီးယားပြဿနာ

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ကျူးဘားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ရင်ဆိုင်နေရ သည့် ပြဿနာမှာ နျူကလီးယားပြဿနာဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် မတူညီသည့် လမ်းကြောင်းများမှ တစ်ဆင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ၁၉၆၁ ခုနှစ်တွင် ကျူးဘားနိုင်ငံသည် ဆိုဗီယက်နျူကလီးယားဒုံးပျံများကို ကျူးဘားနိုင်ငံတွင် ထားရှိရန် ဆိုဗီယက်ပြည်ထောင်စုနှင့် သဘောတူညီခဲ့ သည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် အမေရိကန် ရေတပ်က ကျူးဘားနိုင်ငံကို ဝန်းရံပိတ်ဆို့ခဲ့ပြီး ကျူးဘား ဒုံးပျံပြဿနာဟု လူသိများခဲ့သည့် ပြဿနာပေါ်ပေါက် လာခဲ့သည်။ ကျူးဘားနိုင်ငံသည် ထိုစဉ်ကတည်းက နျူကလီးယားလက်နက် တပ်ဆင်ခွင့်မရရှိခဲ့ပေ။

ခြားနားချက်အနေဖြင့် ကျူးဘားနိုင်ငံက ဆိုဗီယက် ဒုံးပျံများကို နိုင်ငံတွင်းထားရှိရန် တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံက ကိုယ်ပိုင် နျူကလီးယားလက်နက် ပြုလုပ်နိုင်အောင် ဆိုဗီယက် ပြည်ထောင်စုထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုက အကူအညီပေးရန် ငြင်းဆန် ခံရပြီးနောက် မြောက်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံ ထံ အကူအညီတောင်းဆိုခဲ့သော်လည်း ထပ်မံငြင်းပယ် ခံခဲ့ရသည်။ နောက်ဆုံးတွင် မြောက်ကိုရီးယားနိုင်ငံ သည် ၁၉၈ဝ ပြည့်နှစ်များတွင် ၎င်း၏ နျူကလီးယားအစီ အစဉ်ကို စတင်ပြုလုပ်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်တွင် ပထမဆုံး အကြိမ် နျူကလီးယားလက်နက်ကို စမ်းသပ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား လက်နက်ပိုင်ဆိုင်ကြောင်း ဝန်ခံခဲ့သည်။

ကျူးဘားနိုင်ငံ၏ ပထဝီအနေအထားသည် အမေ ရိကန်နှင့် နီးစပ်မှုရှိသော်လည်း လုံခြုံရေးအရ ခြိမ်းခြောက် နိုင်မှုမှာ မြောက်ကိုရီးယားနိုင်ငံထက် နည်းပါးသည်။ ပစိဖိတ်သမုဒ္ဒရာသည် အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီး ယားနိုင်ငံတို့ကို ခြားနားထားသည့်တိုင် မြောက်ကိုရီး ယားနိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် အတွက် မူဝါဒအပြောင်းအလဲဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းထိ ရောက်ရှိအောင် ပစ်ခတ် နိုင်ဖွယ်ရှိသည်။

ကိုရီးယားကျွန်းဆွယ်

မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒကို ပြည့်ပြည့်စုံစုံ ဆင်ခြင်သုံးသပ်မည်ဆိုလျှင် ပြိုင်ဘက် တောင်ကိုရီးယားနိုင်ငံတည်ရှိနေမှုကို မဖြစ်မနေထည့် သွင်းစဉ်းစားရမည်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ သည် တိုက်ချင်းပစ်ဒုံးကျည်ကို ဆက်လက်ပြုလုပ်လျက် ရှိပြီး ယခုအခါ တောင်ကိုရီးယားနိုင်ငံကို တိုက်ရိုက် ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးကတည်း က တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၏ မဟာမိတ် ဖြစ်နေခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တောင် ကိုရီးယား၏ အခန်းကဏ္ဍသည် မြောက်ကိုရီးယား အတွက် အဟန့်အတားဖြစ်လာသည်။ တောင်ကိုရီးယား ၏ စီးပွားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့ သည် အလယ်အလတ်အင်အားရှိသည့်နိုင်ငံအဖြစ်သို့ ပေါ်ထွက်လာခဲ့သလို တောင်ကိုရီးယားသည် အမေရိကန် ၏ အာရှပြန်ထိန်းညှိရေးမဟာဗျူဟာအတွက် အရေးပါ သည့်နေရာတွင် တည်ရှိနေသည်။ ထို့ကြောင့် တောင်ကိုရီး ယားကို ခြိမ်းခြောက်မှုသည် အမေရိကန်ကို ခြိမ်းခြောက် ခြင်းပင်ဖြစ်သည်။ အခြားတစ်ဖက်တွင် ကျူးဘားနိုင်ငံ သည် အမေရိကန်၏ မဟာမိတ်ကို ခြိမ်းခြောက်စရာ မရှိသည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

နောက်ဆုံးတွင် နျူကလီးယားပြဿနာသည်သာ မူဝါဒအပြောင်းအလဲ၏ အဓိကအချက်ဖြစ်သည်။ နျူ ကလီးယားပြဿနာကြောင့်သာ မြောက်ကိုရီးယားနိုင်ငံ သည် ကျူးဘားနိုင်ငံကဲ့သို့ ဖြစ်မလာခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကပ်လျက် တည်ရှိနေမှုသည် အမေရိကန်၏ အာရှမဟာဗျူဟာ တစ်ခုလုံးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ် သည်။

ရာစုနှစ်ဝက်ခန့် ပိတ်ဆို့အရေးယူမှုများဖြင့် အထီး ကျန်နိုင်ငံအဖြစ် ထားရှိခဲ့ခြင်းသည် ကျူးဘားနိုင်ငံအား ၎င်း၏လမ်းကြောင်းမှ သွေဖည်သွားအောင် စွမ်းဆောင် နိုင်ခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏မူဝါဒများကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ဆက်ဆံ ရေးပြန်လည်တည်ဆောက်ခဲ့ခြင်းသာဖြစ်သည်။ မြောက် ကိုရီးယားနိုင်ငံမှာ အရေးပါသော ခြိမ်းခြောက်မှုတစ်ခု အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

သုဓနု



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: