Sunday, August 9, 2015

မိုးတွင်းချိန်ခါ ကျန်းမာရေး အလေးဂရုပြု စရာများ ===============================

မိုးတွင်းချိန်ခါ ကျန်းမာရေး အလေးဂရုပြု စရာများ =============================== မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတုသုံးပါးရှိသည်ကို လူတိုင်းအသိဖြစ်ပါသည်။ မကြာမီရောက်လာ တော့မည့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ရက်ပေါင်း ၁၁၈ ရက်၊ လအနေဖြင့် လေးလတာကာလသည် မိုးဥတု(ဝသန္တဥတု) ဖြစ်၍ ယင်းမိုးတွင်းကာလအတွင်း မိုးများပုံမှန်ရွာသွန်းခြင်း၊ အအေးဓာတ်များ တဖြည်းဖြည်းလွှမ်းမိုးလာခြင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့ ရေပြည့်လျှံခြင်းနှင့် သစ်ပင်၊ သစ်တောတို့ စိမ်းလန်းစိုပြည်လာခြင်းစသည့် သြကာသလောက၏ လက္ခဏာများအဖြစ် တွေ့ရှိလာရမည့်နည်းတူ လူ၊ သတ္တဝါများအနေဖြင့်လည်း စိတ်အေးမြကြည်လင်သာယာရွှင်လန်းလာခြင်း၊ အအိပ်အစားမှန်ခြင်း၊ ခွန်အား ဗလပြည့်ဖြိုးခြင်း၊ အခါးအရသာကို အကြိုက်များခြင်း စသည့်လက္ခဏာများကို ကျန်းမာသောရုပ်လက္ခဏာ များအဖြစ် တွေ့ရှိလာရမည်ဖြစ်ပါသည်။ အကယ်၍ ဖော်ပြပါ ရုပ်လက္ခဏာများမှ သွေဖည်ဆန့်ကျင်စွာတွေ့ရှိရပါက ကျန်းမာရေးယိုယွင်းပျက်ပြား နိုင်သည့်အတွက် ကြိုတင်သတိပြုရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ အစာမကြေ၊ လေထိုး လေအောင့်ဖြစ်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ မျက်စိနာခြင်း၊ သန်ကောင်၊ တုတ်ကောင်ထခြင်း စသည့်ရောဂါဝေဒနာများနှင့်ပတ်သက်ပြီး ကြိုတင်ရှောင်ကြဉ်သင့်သည့် အချက်များ၊ ဖြစ်ပွားလာပါက သိရှိသင့်သည့် ရောဂါလက္ခဏာများနှင့် ယင်းဖြစ်ပွားလာသောရောဂါကိုတိုင်းရင်းဆေးဖြင့် အရှင်းလင်းဆုံး၊ လက်တွေ့အကျဆုံး ပြုစုကုသပုံတို့ကို ရေးသားတင်ပြမည်ဖြစ်ပါသည်။ (၁) ၀မ်းပျက် ၀မ်းလျှော ၀မ်းကိုက်ရောဂါ ဖန်၊ အေးသောအရသာရှိသည့် သရက်သီးကင်း၊ သီဟိုဠ်ရွက်၊ ပိန္နဲကွင်း၊ ဆီးဖြူသီး၊ ဖန်ခါးသီးစသည့် (ဖွဲ့၊ ဆောင်၊ ချုပ်အစာများ)ကို စားမိခြင်း၊ ရေချိုးမှားခြင်း၊ ယင်နားစာ၊ မကြေကျက်သော အစာနှင့် အမှည့် လွန်သောသီးနှံတို့ကို စားသုံးမိခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါသည်။ လက္ခဏာအနေဖြင့် ဖော်ပြရမည်ဆိုပါက ဝမ်းနာကျင်စွာသွားပြီး ဝမ်းတွင်သွေး၊ ပြည်၊ အဆီပါဆင်းခြင်း၊ ဝမ်းသွားမှုပမာဏနည်းပြီး အကြိမ်များများသွား တတ်၍ ဝမ်းအရောင်မှာဖြူပြီး၊ ဝမ်းကိုက်အားကြီးပါက တစ်နေ့လျှင် အကြိမ် ၂ဝ ကျော်ထိ၊ ဝမ်းကိုက်အားမကြီး ပါက တစ်နေ့လျှင် ငါးကြိမ်ထိ သွားတတ်ခြင်း၊ ဝမ်းမသွားမီနှင့် ဝမ်းသွားနေစဉ် ဆီးစပ်နှင့် စအိုတွင်ရစ်၍ နာတတ်ခြင်း၊ အသားအရည်ခန်းခြောက်၍ လူမျက်ကွင်းဟောက်ပက် ဖြစ်လာတတ်ခြင်းတို့ ဖြစ်ပါသည်။ ပြုစု ကုသနည်းမှာ ကော်ဖီခါးခါးဖြစ်စေ၊ ရေနွေးကြမ်းခါးခါးဖြစ်စေ သကြားဖြင့်စပ်ပြီး တစ်ကြိမ်လျှင် အကြမ်းပန်းကန် နှစ်လုံးပမာဏ၊ တစ်နေ့လျှင် သုံးကြိမ်မှ ငါးကြိမ်သောက်စေခြင်း၊ ကြောင်ပန်းရွက်ပြုတ်ရည်ပူပူကို သံပရာရည်ညှစ် ပြီး ဆားခတ်၍လည်းကောင်း၊ ထားဝယ်မှိုင်းရွက်ကို လက်သုတ်လုပ်၍လည်းကောင်း၊ ငှက်ပျောသီးဖီးကြမ်းကို ပြုတ် သို့မဟုတ် မီးကင်၍လည်းကောင်း၊ ကျွေးခြင်း စသည်တို့ဖြင့်ပြုစုနိုင်ပါသည်။ အကယ်၍ သွေးဝမ်းသွားပါက ထမင်းခြောက်ကို မှုန့်အောင်ထောင်း၊ ထန်းလျက်ဖြင့်နယ်၍ဖြစ်စေ၊ မုရားကြီးရွက်ကို သကြားနှင့် သုံးခွက် တစ်ခွက်တင်ကျို၍ဖြစ်စေ တိုက်ကျွေးနိုင်ပါသည်။ ဓာတ်စာများအဖြစ် ဥသျှစ်ရွက်၊ ရှောက်ရွက်၊ ဒန့်သလွန်ရွက်၊ ရရာတစ်ခုခုကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် ဟင်းချိုချက်၍ဖြစ်စေ၊ ကြက်ဟင်းခါးသီးကို ပါးပါးလှီး၊ အစေ့ကိုဖယ်ပြီး ပုဇွန်၊ ငါးပိစိမ်းစား၊ ကြက်သွန်ဖြူ၊ နီ၊ နနွင်း ဆီနိုင်နိုင်ဖြင့်ချက်၍ဖြစ်စေ၊ သကြားရည်၊ နာနတ်ရည်တို့ကိုဖြစ်စေ စားသုံးခြင်းဖြင့် ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ (၂) ၀မ်းဖော ၀မ်းရောင်ရောဂါ မိုးရာသီအစကာလ( မိုးဦးကျ)တွင် ရာသီစာများဖြစ်သည့် သရက်သီး၊ ပိန္နဲသီး၊ ကနစိုသီး၊ မရန်းသီး၊ နာနတ်သီး စသည့်အစားအစာများ အလွန်အကျွံစားခြင်း အဖန်အရသာရှိ အစာများအစားခြင်း၊ မိုးရေများ ခြေထောက်တွင်လည်းကောင်း၊ ဝမ်းဗိုက်တွင်လည်းကောင်း အထိအတွေ့များ၍ အစာများအစာမကြေကျက် ခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါသည်။ လက္ခဏာများအနေဖြင့် အစာမကြေဘဲ ပျို့အန်ခြင်း၊ ဝမ်း၏အရောင်သည် (အပူဝမ်းဖြစ်လျှင်) နီ/ညိုရောင်ဖြစ်ပြီး (အအေးဝမ်းဖြစ်လျှင်) အဖြူရောင်ဖြစ်ခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်း၊ မနူးမနပ်ဝမ်းသွားခြင်း၊ ဝမ်းဗိုက်ကိုပုတ်လျှင် ဗုန်းဗုန်းမြည်ခြင်းနှင့် ဝမ်းဗိုက်နာခြင်းတို့ ဖြစ်တတ်ပါသည်။ ပြုစု ကုသနည်းမှာ အပူဝမ်းဖြစ်ပါက အပူငြိမ်းသွေးဆေး(တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၁၆) ကို ရေနွေး၊ ဆီးဖြူသီး(သို့) ဖန်ခါးသီးခြောက်သွေးရည်တို့နှင့်ရောစပ်၍ သောက်နိုင်ပါသည်။ အအေးဝမ်းဖြစ်ပါက ဇာတိဝင်္ဂလ ဆေး(တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၃၅) ကိုဆီးဖြူသီး(သို့) ဖန်ခါးသီးသွေးရည်(သို့) မုရားကြီးရွက်ပြုတ်ရည် နှင့်ရော၍ တိုက်နိုင်ပါသည်။ ဓာတ်စာများအဖြစ် သရက်သီးဆားရည်စိမ်ကို ဆီချက်နှင့် သုပ်၍ဖြစ်စေ၊ ချင်းသုပ်၊ ဒန့်သလွန်ရွက်ကြော်တို့ကိုဖြစ်စေ စားသုံးနိုင်ပါသည်။ (၃) အစာမကြေ လေထိုးလေအောင့်ရောဂါ အစာကို အချိန်မရွေး စားသောက်ခြင်း၊ အကြိမ်ကြိမ်အထပ်ထပ်စားခြင်း၊ ဗိုက်ပြည့်သည်ထက်ပို၍ စားသောက်ခြင်း၊ ကြေကျက်ခဲသော အစားအစာများ၊ လေချုပ်စေတတ်သော၊ အဖန်အရသာရှိသောအစာများ လွန်ကဲစွာစားသောက်ခြင်း၊ တွဲဖက်၍ မစားသင့်သောအစာများ၊ အပူစာနှင့် အအေးစာများ တွဲဖက်၍စားသောက် ခြင်း၊ ခန္ဓာကိုယ်ခြေဖျားအောက်ပိုင်း အအေးခံခြင်း၊ အညောင်းအထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း တို့ကြောင့် ဖြစ်ပွားတတ်ပါသည်။ အစာမကြေခြင်း လက္ခဏာများအနေဖြင့် အစာစားပြီးနောက် နှစ်နာရီခန့်အကြာ မှစ၍ ဝမ်းဗိုက်လျော့သင့်သလောက် မလျော့ဘဲတင်းနေခြင်း၊ အစာနံ့ပြန် (လေချဉ်တက်)ခြင်း၊ တံတွေးများခြင်း၊ မူးမော်ခြင်း၊ တွေဝေခြင်း၊ ရေငတ်ခြင်း၊ ကိုယ်လက်လေးလံတောင့်တင်းခြင်း၊ ဝမ်းဗိုက်၌ ထိုးကျင်ခြင်း၊ ကျင်ကြီး ကျင်ငယ်ချုပ်ခြင်း၊ လေးထိုးလေအောင့် လက္ခဏာများအနေဖြင့် အစာနံ့ပြန် (လေချဉ်တက်)ခြင်း၊ အစာနှင့် လေပွခြင်း၊ ဝမ်းဗိုက်ပြည့်ကျပ်၊ အစာများပါ အထက်သို့ဆန်ခြင်း၊ ရုပ်ပိန်ချုံးသွေးအားနည်းခြင်း၊ စိတ်မကြည် လင်းခြင်း၊ မျက်စိနာ၊ နားအူခြင်း၊ ဆီး-ဝမ်း-လေချုပ်ခြင်း၊ ခေါင်းကိုက်တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ အစာ မကြေခြင်းအတွက် ပြုစုကုသနည်းမှာ အစာကိုမကျွေးဘဲ အစာအိမ်အတွင်း၌ အစာများခိုအောင်းနေပါက အန်အောင်ပြုလုပ်ပါ။ သံပရာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် ဆားမီးဖုတ် တစ်မတ်သား ရောစပ်၍ဖြစ်စေ၊ သံပရာရည်ထမင်းစားဇွန်း တစ်ဇွန်းနှင့် ပျားရည်(သို့) ထန်းလျက်ပြုတ်ရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ကို ရေနွေးပူပူ ဖန်ခွက်တစ်ခွက်ထဲတွင် ဆားလေးလေးထည့်၍ဖြစ်စေ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်၊ မီးယပ် သွေးပျက်ရောဂါ ရှိသူ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ သွေးဝမ်းရောဂါရှိသူများမဟုတ်ပါက သဗ္ဗဇေယျ ဆေးစပ်ကြီး (တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၉) တစ်ဆ၊ သကြားရှစ်ဆရော၍ အစာမစားမီနှင့် အစာစားပြီး လက်ဖက် စားဇွန်း တစ်ဇွန်း ရေနွေးဖြင့်သောက်နိုင်ပါသည်။ သွေးတိုးနှင့်ကျောက်ကပ်ရောဂါမရှိသူများအတွက် လေမျိုး ရှစ်ဆယ်ဆေး(တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂)ကို မကြာမကြာ လျက်နိုင်၊ တိုက်နိုင်ပါသည်။ (ဆက်လက်ဖော်ပြပါမည်) တင်ထွဋ်(အစိုးရတိုင်းရင်းဆေး)

No comments: