မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 9, 2015
ပန်းတိုင်ရွေးချယ်မှု မှန်ကန်စေလို =======================
ပန်းတိုင်ရွေးချယ်မှု မှန်ကန်စေလို
=======================
၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေ ၂ဝ၁၅ -၂ဝ၁၆ တက္ကသိုလ်ပညာသင်နှစ်များကို တက်ရောက်ဖို့အတွက် မိမိတို့တက်လိုတဲ့ တက္ကသိုလ်များကို ရွေးချယ်ရမယ့်အချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အချို့ကလေးငယ်တွေမှာ ငယ်စဉ် ကတည်းက ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရှိကြပါတယ်။ မိဘဆရာသမား တွေရဲ့ ပြုစုပျိုးထောင်ပေးခြင်း ခံရတဲ့ သူအချို့မှာလည်း ရေရာတဲ့အနာဂတ် ရည်မှန်းချက် ကိုယ်စီရှိကြပါတယ်။ သူတို့လိုလူတွေအနေနဲ့ ရည်ရွယ်ချက် ကို အကောင်အထည်ဖော်ဖို့ မခဲယဉ်း ပေမယ့်လည်း အခြေအနေအမျိုးမျိုး ကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရသူတွေ လည်း ရှိနိုင်ကြပါတယ်။
ဖြစ်ချင်တဲ့အရာနှင့် ဖြစ်သင့်တဲ့ အရာနှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ခုကို ဦးစားပေးလိုက်တာနဲ့ ကျန် တစ်ခုကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ အများစုအနေနဲ့လည်း အဲဒီလိုအခြေ အနေမျိုးကို တစ်နည်းတစ်ဖုံကြုံကြရ မှာ ဖြစ်ပါတယ်။
ကျွန်မဟာ ၂ဝဝ၅ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိ မကွေးတက္ကသိုလ် အင်္ဂလိပ်စာ အထူးပြုတန်းမှာ ပညာလေ့လာ ဆည်းပူးခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အခါ တက္ကသိုလ်တက်ဖို့ ဘာသာရပ်တွေ ရွေးချယ်ခဲ့ရပါတယ်။ တက္ကသိုလ်ဝင်တန်းဟာ လူတစ်ဦးရဲ့ ဘဝတစ်ဆစ်ချိုးနေရာလို့ ဆိုနိုင်သလို ဘဝမှာ လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်တွေကို ရွေးချယ်ဖို့ ဆုံးဖြတ် ရတဲ့အချိန်လည်း ဖြစ်ပါတယ်။
ဘာသာရပ်ရွေးချယ်တဲ့နေရာမှာ မိမိအမှန်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်လေ့လာဖို့ အထူး လိုအပ်ပါတယ်။ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးတဲ့နောက် ကျွန်မဟာ နည်းပညာတက္ကသိုလ် (GTC) ကို တက်ရောက်ချင်ခဲ့ ပါတယ်။ ဒါပေမယ့် မိဘရဲ့ ခွင့်ပြု ချက် မရတဲ့အတွက် မတက်ခဲ့ရပါဘူး။ ကျေးလက်နေ မိဘပြည်သူအများ စုဟာ သူတို့ရဲ့ သားသမီးတွေကို ပညာရေး ကောလိပ်ကို တက် ရောက်ပြီး ကျောင်းဆရာ ဆရာမ များဖြစ်စေချင်ကြပါတယ်။ စာအသင် ခံရတာကိုသာ သဘောကျပြီး ကိုယ် တိုင်ဆရာလုပ်ဖို့ ကျွန်မအနေနဲ့ စိတ်မဝင်စားခဲ့ပါဘူး။ ဒါကြောင့် အနာဂတ် အတွက် အလုပ် တစ်ခု အဆင်ပြေစေဖို့ ယူဆပြီး အင်္ဂလိပ် စာဘာသာရပ်ကို ယူခဲ့ခြင်းဖြစ်ပါ တယ်။ ဘာသာရပ်အားလုံးမှာ အမှန် တကယ်စိတ်ဝင်စားတာက မြန်မာစာ ဖြစ်ပါတယ်။ မြန်မာစာဟာ မိခင် ဘာသာဖြစ်ပေမယ့် ခက်ခဲနက်နဲတဲ့ ဘာသာရပ်ဖြစ်တာနဲ့ အခြားအကြောင်း ပြစရာအချက်တွေ ရှိတဲ့အတွက် မြန်မာစာမေဂျာကို မယူနိုင်ခဲ့ပါဘူး။
အခုခေတ် ကျောင်းသား ကျောင်းသူအများစုနဲ့ မိဘတွေဟာ ကျောင်းပြီးလျှင် ပြီးချင်း လုပ်ငန်းခွင် ကို တိုက်ရိုက် ရောက်နိုင်မယ့် တက္ကသိုလ်တွေကိုသာ ရွေးချယ်တက် စေချင်ကြပါတယ်။ ရရှိတဲ့ရမှတ်တွေ အပေါ် မူတည်ပြီးတော့ အဆင့်ဆင့် ရွေးချယ်ကြရပါတယ်။ ဥပမာအနေနဲ့ သူနာပြုတက္ကသိုလ်၊ ပညာရေး ကောလိပ်တို့ ဖြစ်ပါတယ်။ အခြား ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေ၊ နည်းပညာ တက္ကသိုလ်တွေဟာဘွဲ့ရပြီး အလုပ် တစ်ခုရဖို့ အခုခေတ်မှာ ကိုယ်တိုင် ကြိုးပမ်းအားထုတ်နိုင်မှသာ ဖြစ် မြောက်လေ့ရှိပါတယ်။ ကိုယ်တိုင် လက်တွေ့ အဲဒီအခြေအနေမျိုးကို ကြုံခဲ့ရပါတယ်။
တစ်ဖက်က ကြည့်လိုက်တော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တွေကို တက်ရတဲ့အတွက် ဘဝ နေထိုင်ရေး အဆင်ပြေနိုင်သလို တခြားတစ်ဖက်က ကြည့်ရင်လည်း လူတစ်ယောက်ရဲ့ ဝါသနာနဲ့ ဗီဇကို စွန့်ပစ်ရာရောက်ပါတယ်။ သို့သော် လည်း မရွေးချယ်နိုင်တဲ့ အခြေ အနေနဲ့ ကြုံခဲ့မယ်ဆိုရင် အနီးစပ်ဆုံး ဘာသာရပ်ကို အထူးပြုယူစေချင် ပါတယ်။ မိဘဖြစ်စေချင်တဲ့ ပုံစံခွက် ထဲမှာ သားသမီးကို ဇွတ်အတင်း ပုံသွင်းမယူဘဲ လွတ်လပ်စွာ ရွေးချယ် ခွင့်ပေးခြင်းဖြင့် လူငယ်လေးတွေရဲ့ အရည်အသွေးကို ပိုမိုတောက်ပြောင် စေချင်ပါတယ်။
သာဓကတစ်ခုပြောရမယ်ဆိုရင် မြန်မာစာကို စိတ်ဝင်စားပေမယ့် အကြောင်းကြောင်းကြောင့် မယူဖြစ် ခဲ့တဲ့ ကျွန်မဟာ အင်္ဂလိပ်စာဘာသာကို ရွေးချယ်ခဲ့ပါတယ်။ အနည်းဆုံး အဲဒီဘာသာရပ်နှစ်ခုဟာ ဘာသာ စကား (Language ) ဖြစ်တယ်။ ဘာသာရပ် ( Subject) မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် အနုစာပေ ဘာသာရပ် ( Literature ) အဖြစ် ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာဘာသာရပ်ကို ယူခဲ့တဲ့အတွက် ပထမလေးနှစ်ပတ်လုံး မြန်မာစာကိုလည်း တွဲဖက်သင်ယူခဲ့ ရပါတယ်။ မြန်မာစာကို စိတ်ဝင်စားပြီး စာဖတ်ဝါသနာပါမှုနဲ့ မြန်မာစာဌာန က ဆရာ ဆရာမတွေရဲ့ အသင်အပြ ကောင်းမွန်မှုကြောင့် မြန်မာစာပေနဲ့ အဆက်မပြတ်ခဲ့ပါဘူး။ မိခင်ဘာသာ စကားဖြစ်တာကြောင့်လည်း ပြင်ပ စာပေတွေကနေတစ်ဆင့် လေ့လာ လိုက်စားနိုင်ခဲ့ပါတယ်။
အချို့ကျောင်းသားအများစုဟာ ဘွဲ့တစ်ခုကိုရဖို့ အဝေးသင်တက္ကသိုလ် (စာပေးစာယူ) တက်ရောက်ကြပြီး အပြင် သင်တန်းတွေဖြစ်တဲ့ ကွန်ပျူ တာ၊ စာရင်းကိုင်နဲ့ နိုင်ငံခြားဘာသာ စကားသင်တန်းစသည်ဖြင့် ကိုယ်နှစ် သက်ရာ တစ်ခုခုကို လေ့လာပြီး ဘဝ ရည်မှန်းချက်ကို ပြည့်မီဖို့ ကြိုးစား လျက်ရှိတာကို တွေ့မြင်နေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်မွေးမှု တစ်ခုဟာ အရွယ်ရောက်သူတိုင်း အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။
၂ဝ၁၂ ခုနှစ် ဘွဲ့ရပြီးတဲ့နောက် အသက်မွေးဝမ်းကျောင်း အလုပ် လျှောက်ထားရယ့်အချိန်မှာ ကျောင်း ဆရာမအလုပ်ကို ဝါသနာမပါတဲ့ ကျွန်မဟာ မိဘအသိုင်းအဝိုင်းရဲ့ တိုက်တွန်းချက်အရ အဲဒီနှစ်က ခေါ်ဆိုခဲ့တဲ့ တက္ကသိုလ်နည်းပြရာထူး စာမေးပွဲဖြေဆိုဖို့ ကြိုးပမ်းခဲ့ရပါ တယ်။ ဒါပေမယ့် ကံကောင်းထောက်မ စွာပင် ကျွန်မဝါသနာမပါတဲ့ နည်းပြ ရာထူး စာမေးပွဲကို အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ နောက်မှ ပြည်ထောင်စု ရာထူးဝန်ကခေါ်တဲ့ အလုပ်တွေကို ကြိုးစားပမ်းစားလျှောက်ထားရင်းမှ ဝါသနာပါတဲ့ အလုပ်တစ်ခုကို ရရှိခဲ့ ပါတယ်။
ဆိုလိုချင်တာက ရွေးချယ်နိုင်တဲ့ အခွင့်အရေး ကိုယ့်လက်ထဲမှာရှိနေ ခိုက် ရွေးချယ်မှုမှားပြီး ရရာအလုပ် တစ်ခုနဲ့ ကျေနပ်တင်းတိမ်လိုက်ရတဲ့ အခြေအနေမျိုး မရောက်ရှိစေလိုခြင်း ပဲဖြစ်ပါတယ်။ ဆန္ဒနဲ့ဘဝ တစ်ထပ် တည်းကျတဲ့ အခြေအနေမျိုးပိုင်ဆိုင် နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဘယ်သူ တစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ် အနာဂတ်အသက်မွေးဝမ်း ကျောင်း ပညာရပ်တစ်ခုကို ရွေးချယ် ဖို့ဟာတကယ်ကိုပဲအရေးကြီးပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အလုပ်အပေါ် ကျေနပ်နိုင်ဖို့၊ ဂုဏ်ယူတတ်ဖို့ဟာ လည်း ပိုလို့ပင်အရေးကြီးပါတယ်။
ဒါကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ ကျောင်းသား ကျောင်း သူတွေအနေနဲ့လည်း ငယ်စဉ်ကတည်း က ကိုယ့်ဝါသနာကို စောင့်ကြည့် လေ့ လာပြီး ဝါသနာအခြေခံတဲ့ အသက် မွေးမှုကို ရွေးချယ်သင့်ပါတယ်။ ဒါမှ သာ ကိုယ့်အလုပ်အပေါ် စိတ်ပါဝင် စားပြီး လုပ်ငန်းတိုးတက်အောင်မြင် အောင်စွမ်းဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ။
သက်မွန်ဦး(မြန်မာ့အလင်း) ပန်းတိုင်ရွေးချယ်မှု မှန်ကန်စေလို

သက်မွန်ဦး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment