Saturday, August 1, 2015

ကိုမန်မုန်တိုင်းတဖြည်းဖြည်းအားပျော့သွားမည်ဖြစ်သော်လည်း မုန်တိုင်းအကြွင်းအကျန်များကြောင့် နေရာကွက်၍ မိုးကြီးနိုင် ============================================

ကိုမန်မုန်တိုင်းတဖြည်းဖြည်းအားပျော့သွားမည်ဖြစ်သော်လည်း မုန်တိုင်းအကြွင်းအကျန်များကြောင့် နေရာကွက်၍ မိုးကြီးနိုင် ============================================ နေပြည်တော် ဇူလိုင် ၃၁ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းကိုမန်သည် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ အားကောင်းသော မုန်တိုင်းငယ်အဖြစ် ဆက်လက်ဖြစ် ပေါ်လျက်ရှိပြီး ယနေ့ မွန်းလွဲမှ နောက် ၁၂ နာရီအတွင်း တဖြည်း ဖြည်း အားပျော့သွားမည်ဖြစ် ကြောင်း၊ သို့သော်လည်း အဆိုပါ မုန်တိုင်း အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံတွင်းရှိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် နောက်ထပ် နှစ်ရက် မှ သုံးရက်ခန့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ် ကြောင်း၊ မိုးသက်လေပြင်းတိုက်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင် ကြောင်း မုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး အဆိုပါ ဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရ သည်။ ''ဇူလိုင် ၈ ရက်က ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ၉ ရက် လောက်မှာတော့ အဆိုပါ လေဖိအား နည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်သို့ ဝင်ရောက်ခဲ့ပါတယ်။ အလားတူဇူလိုင် ၂၆ ရက် နံနက်ပိုင်းမှာ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင် ဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းမှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိခဲ့ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းမှာ အားကောင်းတဲ့မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ယင်းအားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းမှာ ပိုမို အားကောင်းလာပြီး ဆိုင်ကလုံးမုန် တိုင်းကိုမန်အဖြစ် ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အခုမုန်တိုင်းရဲ့ အဓိက ထူးခြားချက်ကတော့ အခါတိုင်းဖြစ် နေကျ မုန်တိုင်းတွေနဲ့တော့မတူဘူး။ အားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းကနေ အားကောင်းတဲ့ မုန်တိုင်းငယ် အဖြစ်နဲ့ ပြီးတော့မှ တစ်ဆင့်ပြီး တစ်ဆင့် လေဖိအားနည်း ရပ်ဝန်း အဖြစ် အားပျော့ပျောက်ပြယ်သွား မယ့်အခြေအနေမျိုး ရှိပါတယ်။ နောက်ပြီး အဲဒီနေရာမှာပဲ တစ်ဖြည်း ဖြည်းနဲ့ အချိန်ကြာကြာရွေ့လျား နေပါတယ်။ အရင်ကဖြစ်ပေါ်တဲ့ မုန်တိုင်းတွေက အားကောင်းတဲ့ အခြေအနေကနေ အချိန်မကြာဘဲ အားပျော့သွားတာမျိုးတွေ ရှိပါ တယ်''ဟု မုန်တိုင်းဖြစ်ပေါ်မှုအခြေ အနေနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ်ဒေါက်တာဟာရင် နိုင်တီယမ်းက မြန်မာ့အလင်းသို့ ပြောသည်။ ထို့အပြင် မြစ်ရေကြီးမှုအခြေ အနေနှင့်ပတ်သက်၍ အဆိုပါဌာန ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲတိုင်းထွာချက်များအရဧရာဝတီမြစ် ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ် အထက် ၁ဝ စင်တီမီတာ (ပေ ဝက်ခန့်) ကျော်လွန်နေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ထက်တွင် ဆက်လက်တည်ရှိနိုင် ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့၏ စိုးရိမ်ရေ မှတ် အထက် ၁၃၄ စင်တီမီတာ (၄- ပေခွဲခန့်) ကျော်လွန်နေပြီး အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေပြီးအဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း၊ စစ်တောင်းမြစ်သည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက်၁၁၅ စင်တီမီတာ (၄-ပေခန့်)ကျော်လွန်နေပြီး အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း၊ ငဝန် မြစ်သည် ငါးသိုင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၅၇ စင်တီမီတာ (၂-ပေခန့်) ကျော်လွန်နေပြီး အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်တွင် ဆက် လက်တည်ရှိနိုင်ကြောင်း သိရသည်။ မိုးလယ်ကာလသည့် ယခုဇူလိုင် လတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ထူးခြားသည့် မိုးလေဝဖြစ်စဉ်များ ကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊မိုးများသည်းထန်စွာရွာသွန်းခြင်း၊ မြစ်၊ ချောင်းဆည်တာတမံများ ရေကြီး ရေလျှံ ခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ ပြီး အဆိုပါထူးခြားသော မိုးလေဝသ ဖြစ်စဉ်များ၏ အကျိုးသက်ရောက် မှုကြောင့် နေရာအချို့မှ ဒေသခံများ သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ ဇူလိုင်လ၏ ထူးခြားသော မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီးဒေါက်တာဟာရင်နိုင်တီ ယမ်းအား ဆက်လက်မေးမြန်းခဲ့ရာ မိုးလယ်ကာလဖြစ်တဲ့ ဒီနှစ်ဇူလိုင်လ ကတော့ ထူးခြားပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်း မိုးရွာသွန်းမှုများပြီး အထူး သဖြင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ခါတိုင်းနှစ်ပုံမှန်မိုးရွာသွန်းမှုတွေထက် မိုးရေချိန်ပိုများပြီးစံချိန် သစ်တွေ တင်ခဲ့တဲ့အတွက်ကြောင့်ပါ။ ''ဇူလိုင် ၁၇ ရက်နဲ့ ၁၈ ရက် တို့မှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေသည့်အပြင် အိန္ဒိယနိုင်ငံဘက်မှ သွယ်တန်းလာတဲ့ လေဖိအားနည်း မြှောင်တန်းဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မြစ်ဝကျွန်း ပေါ်ဒေသတွေကို တိုးဝင်နေတာ ကြောင့် မင်းတပ်မြို့၊ ကန့်ဘလူ၊ အမ်းမြို့နဲ့ ခရမ်းမြို့တို့မှာမိုးရေချိန် စံချိန်သစ်တင်ခဲ့ပါတယ်။ နောက် ဇူလိုင် ၂၅ ရက်မှာလည်း အိန္ဒိယ နိုင်ငံဘက်မှ သွယ်တန်းလာတဲ့ လေဖိ အားနည်းမြှောင်တန်းနဲ့ တရုတ်နိုင်ငံ ပေါ်မှ လေဖိအားနည်း မြှောင်တန်းတို့ ပေါင်းဆုံပြီး မြန်မာအရှေ့ဖျားပိုင်း ဒေသများသို့ စတင်ခဲ့ပါတယ်။ ''အလားတူ ဇူလိုင် ၂၇ ရက်နဲ့ ၃ဝ ရက်တို့မှာ ကပ္ပလီပင်လယ် ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့် လည်း ကောင်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ သည့် မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် လည်းကောင်း မင်းတပ်မြို့၊ ဟားခါး မြို့နဲ့ ဖလမ်းမြို့တို့မှာ မိုးရေချိန်စံချိန် သစ်များတင်ခဲ့ပါတယ်''ဟု ပြော သည်။ မိုးရေချိန် စံချိန်သစ်များနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် ''မိုးရွာ သွန်မှု အခြေအနေများကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက် ပိုင်းနဲ့ တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာဇူလိုင် ၂၆ ရက်မှ ၃၁ ရက်ထိမိုးထစ်ချုန်းရွာသွန်းခဲ့တာကို တွေ့ရပါတယ်''ဟု ပြောသည်။ တင်မောင်လွင်(မြန်မာ့အလင်း)

No comments: