စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် ရှင်းလင်းမှုများအပေါ် ယုံကြည်မှုရှိပါသလား ဒီမိုကရေစီနိုင်ငံများတွင် အစိုးရတစ်ရပ်အပေါ် လူထုထောက်ခံမှုသည် ထိုအစိုးရ၏ လုပ်ဆောင်ချက်များအပေါ်တွင် အခြေခံလေ့ရှိသည်။ ထိုလုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်လေ့လာကာ လူထုစစ်တမ်းများကောက်ယူပြီး အစိုးရအပေါ် လူထုကထောက်ခံမှု ရှိ-မရှိ၊ ယုံကြည်ကိုးစားမှု ရှိ-မရှိကို တိုင်းတာလေ့ရှိသည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် အစိုးရ၏လုပ်ဆောင်မှုများအား အစိုးရအပေါ် သဘောထားသည့် လူထုစစ်တမ်းများဖြင့် ပြန်လည်ချိန်ထိုးကာ ဝေဖန်သုံးသပ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းပြီး လက်ရှိ အရပ်သားအစိုးရ တက်လာခဲ့ သည်မှာ လပေါင်း ၃၀ ကျော်လာခဲ့ပြီဖြစ်သည်။ အစိုးရတစ်ရပ်အပေါ် လူထု၏ ယုံကြည် ကိုးစားမှု ရှိ-မရှိသည် ထိုအစိုးရ၏ လုပ်ဆောင်ချက်များကို လူကြိုက်များမှု ရှိ-မရှိ အပေါ် မူတည်နေပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် အစိုးရသက်တမ်းတစ်လျောက် သမ္မတနှင့် အစိုးရအပေါ် လူကြိုက်များမှု အခြေအနေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခု အချိန်သည် အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေသည်ဟု ယူဆရပါသည်။ အကြောင်း ရင်းမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ခြင်းအား ထိရောက်စွာ လုပ်ဆောင်ရန် ပျက်ကွက် နေခြင်းနှင့် အစိုးရမှဖြေရှင်းသည့် သတင်းထုတ်ပြန်ချက်များအပေါ် လူထု၏ ယုံကြည်မှု လျော့နည်းလာခြင်းတို့ပင် ဖြစ်ပေသည်။ ယခုအစိုးရသက်တမ်းတစ်လျှောက်တွင် သတင်းထုတ်ပြန်ချက်များ၊ ရှင်းလင်းပွဲများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း ထုတ်ပြန်ချက်များ၊ ရှင်းလင်းချက်များအတိုင်း လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေခြင်းက အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ကျဆင်းစေသည်ဟု ဆိုရပေမည်။ သို့ဖြစ်ရာ သမ္မတနှင့် အစိုးရအလုပ် မပါသည့် အပြောသက်သက် စကားလုံးလှလှများအပေါ် လူထုက ယုံကြည်မှု ရှိ-မရှိ ဆိုသည်မှာ ဆန်းစစ်စရာဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စု အပါအ၀င် ဒီမိုကရေစီနိုင်ငံများတွင် သက်ဆိုင်ရာဌာန အလိုက် ပြောရေးဆိုခွင့်ရှိသူများ ထားရှိပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ကြုံတွေ့ ရသည့် ကိစ္စရပ်များအပေါ် ရှင်းလင်းချက်များ ထုတ်ပြန်လေ့ရှိသည်။ အဆိုပါ ရှင်းလင်းချက် များ၊ ထုတ်ပြန်ချက်များအပေါ် လူထုက ယုံကြည်မှု ရှိ-မရှိကို ဆန်းစစ်၍ အစိုးရ တစ်ရပ် အပေါ် လူထုထောက်ခံမှု ရှိ-မရှိကို တိုင်းတာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ရှင်းလင်းချက်များ၏ Credibility နှင့် ကိစ္စရပ်များကို ဖြေရှင်းမှုအပေါ် ပြည်သူလူထု အနေဖြင့် ကျေနပ်မှု ရှိခြင်း မရှိခြင်းသည် အစိုးရတစ်ရပ်အတွက် လွန်စွာအရေးပါပေသည်။ ယခုကြုံတွေ့နေရသည့် ၁၁ ဘီလျံကိစ္စတွင်လည်း အစိုးရက ဖြေရှင်းချက်များ ပြုလုပ်နေ ပြီဖြစ်သည်။ အဆိုပါ ဖြေရှင်းချက်များအပေါ် ပြည်သူလူထုက မည်မျှယုံကြည်မှု ရှိသည် ကိုလည်း ဆန်းစစ်ကြရမည်ဖြစ်သည်။ အဆိုပါကိစ္စရပ်အပေါ် လူထု၏ ယုံကြည်မှုအတိုင်း အတာသည် သမ္မတနှင့် အစိုးရအဖွဲ့အပေါ်တွင်ရှိသည့် လူထု၏ ယုံကြည်မှုအတိုင်းအတာ လည်း ဖြစ်လာလိမ့်မည်။ ထို့ကြောင့် The Daily Eleven သတင်းစာက လူထုကို မေးခွန်းထုတ်လိုသည်မှာ အစိုးရ၏ ၁၁ ဘီလျံကိစ္စအပေါ် ဖြေရှင်းချက်များနှင့် ပတ်သက်၍ ယုံကြည်မှုရှိပါသလား။မည်မျှ ယုံကြည်ပါသနည်း ဟူ၍ဖြစ်သည်။ အဆိုပါ မေးခွန်းသည်ပင် သမ္မတကြီးနှင့် အစိုးရအပေါ်တွင် လူထုယုံကြည်မှု မည်မျှရှိသည်ကို အမှန်တကယ် ဆန်းစစ်ခြင်း ဖြစ် သည်ဟု The Daily Eleven သတင်းစာက ယူဆရေးသားအပ်ပါသည်။
No comments:
Post a Comment