ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီးတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ကြောင့် လမ်းပိတ်ဆို့နေသဖြင့် သစ်သီးတင်ယာဉ်များ အဝင်နည်းပါးနေကြောင်း မူဆယ်မြို့ရှိ သစ်သီးဒိုင်များထံ မှ သိရှိရသည်။
(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီး နမ့်တောင်းကျေးရွာ၌ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် လားရှိုးမှလာသည့် ယာဉ်များမှာ ဆက်လက်ထွက်ခွာလာခြင်းမရှိတော့ဘဲ လမ်းခုလတ်တွင် ရပ်နားထား သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း သိရသည်။
“နမ့်တောင်းဖက်မှာ တိုက်ပွဲတွေဖြစ်နေကြတော့ ဒေသခံတွေကလည်း စိုးရိမ်နေကြတယ်။ ဒါကြောင့် သစ်သီး ကားတွေကလည်း အရင်တစ်ခေါက်ကလိုဖြစ်မှာစိုးရိမ်ပြီး မဝင်ကြတာပါ။”ဟု မူဆယ်မြို့မှ သစ်သီးပွဲရုံ ပိုင်ရှင် တစ်ဦးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့နေမှုကြောင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ သစ်သီးတင်ယာဉ်(၅၀)စီးခန့်သာ ဝင်ရောက်လာ ပြီး ဒီဇင်ဘာ ၂၀ ရက်က သစ်သီးတင်ယာဉ်(၁၅၀)စီးခန့်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“အဒေါ်တို့က အရင်တစ်ခါကလည်း တွေ့ကြုံခံစားဖူးလို့ လမ်းမှာနားနေတာပါ။ အခြနေကောင်းလောက်မှပဲ တက်ရောင်းတော့မယ်။ ဒီလိုအချိန်မှာတော့ ဝင်သမျှအသီးရောင်းရပါတယ်။ တရုတ်ယွမ်ဈေးမကျဖို့ကိုပဲ ဆုတောင်းနေရမှာပါ။”ဟု လားရှိုးမြို့မှ သစ်သီးတင်ပို့သူ ဒေါ်နန်းအေးကပြောသည်။
လက်ရှိတွင် သစ်သီးတင်ယာဉ်များကို ရောက်ရှိသည့်နေရာ၌ ရပ်တန့်ထားခြင်းကြောင့် မူဆယ်ဈေးကွက်တွင် တင်ပို့သောအသီးမှန်သမျှကို ဝယ်လိုအားရှိနေပြီး ဒီဇင်ဘာ၂၀ ရက် တရုတ်ယွမ်ဈေးကွက်တွင် တစ်ယွမ်လျှင် မြန်မာငွေ(၁၉၂)ကျပ်ရှိရာမှ ဒီဇင်ဘာ ၂၂ ရက်တွင် တစ်ယွမ်လျှင် မြန်မာငွေ(၁၉၄)ကျပ်အထိ ဈေးတက်လာ ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
No comments:
Post a Comment