Monday, December 26, 2016

တိုင်းရင်းသား လူမျိုးစုဦးရေ သန်းခေါင်စာရင်း လာမည့်နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်နိုင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုမှ နောက်ဆုံးထုတ်ပြန်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုဦးရေ သန်းခေါင်စာရင်း အချက်အလက်များကို လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်နိုင်ရန် ကြိုးစားနေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

တိုင်းရင်းသားလူမျိုးစုဦးရေ အချက်အလက်ကို ထုတ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ် စိစစ်သုံးသပ်မှုများ ပြုလုပ်ရန် ကျန်ရှိနေခြင်းကြောင့် ယခုနှစ်အတွင်း ထုတ်ပြန်ရန် မဖြစ်နိုင်သေးဘဲ လာမည့်နှစ် ပထမ လေးလတာ ကာလအတွင်း ထုတ်ပြန်နိုင်ရန် ကြိုးစားနေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်ဦးမြင့်ကြိုင်က ပြောသည်။

“ဒီထဲမှာ တိုင်းရင်းသားလူမျိုး ဘယ်နှမျိုးဆိုတာကို အတည်ပြုပြီးတော့ ပြဋ္ဌာန်းပေးမယ်။ တိုင်းရင်းသားလူမျိုး ဘယ်လောက်ရှိတယ် ဆိုတာကို သတ်မှတ်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ နောက်ပြီး သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်တွေ၊ လူဦးရေ ပညာရှင်တွေနဲ့ ဆွေးနွေးပြီးတော့ တိုင်းရင်းသား လူမျိုးစာရင်းကို ကြေညာပေးမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အချက်အလက်များသည် ၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုမှ စာရင်းပြုစုနေခြင်း ဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းသား  လူမျိုးအမည် ရေးသွင်းဖြည့်သွင်းချက် အချို့သည် အခေါ်အဝေါ်တူညီပြီး သတ်ပုံလွဲမှားချက်များ ရှိနေခြင်း၊ အကြောင်းအရာထပ်နေခြင်း၊ တိုင်းရင်းသား အမည်အသစ်များ ထည့်သွင်းချက်များ ရှိနေခြင်းများကြောင့် သမိုင်းကြောင်းနှင့် လွဲမှားမှု မရှိစေရန် အသေးစိတ် စိစစ်မှုများ ပြုလုပ်နေရကြောင်း ၎င်းက ရှင်းပြသည်။

“အမည်သစ်တိုးတယ် ဆိုတာက အရင်တုန်းကဆို တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါတာဆို တိုင်းလျန်ပေါ့။ အခုကတော့ ရှမ်းနီလို့ ပြောင်းခေါ်နေကြတော့ စာရင်းကောက်ယူတဲ့အခါမှာ တိုင်းလျန်လို့ ဖြေတဲ့သူ ရှိတယ်။ ရှမ်းနီလို့ ပြောတဲ့သူလည်း ရှိတယ်။ အဲ့လိုမျိုးဟာတွေကို အမည်သစ်တိုးလာတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ထားပြီး ယခုထုတ်ပြန်မည့် ၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူချက်အရ တိုင်းရင်းသားလူမျိုးစု ဦးရေ သန်းခေါင်စာရင်းတွင် ယခုအရေအတွက်ထက် ပို၍ ထွက်ပေါ်လာနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

အလားတူ ၂ဝ၁၆ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်နှင့် ခရိုင်အသီးသီးအလိုက် ကိုးကွယ်ရာ ဘာသာလူဦးရေ စာရင်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက နေပြည်တော်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးဆောင်ကာ နိုင်ငံတကာ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ၂ဝ၁၄ ခုနှစ် မတ်လ ၂၉ ရက်မှ ဧပြီလ ၁ဝ ရက်အထိ ၁၂ရက်ကြာအောင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ရှေ့ပြေးသန်းခေါင်စာရင်း အချက်အလက် ထုတ်ပြန်မှုကို ၂ဝ၁၄ သြဂုတ်လတွင် ပထမဆုံး ထုတ်ပြန်ခဲ့ပြီး ပင်မသန်းခေါင်စာရင်း အစီရင်ခံစာကို ၂ဝ၁၅ မေလကုန်တွင် ထုတ်ပြန်ခဲ့ သည်။

No comments: