Tuesday, November 1, 2016

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စိတ်ဝင်စားဖွယ် ဂျပန်ခရီးစဉ်

Japan Times ပါ သတင်းဆောင်းပါးကို ဆောင်းဦးကိုကို ဘာသာပြန်သည်။

မြန်မာနိုင်ငံ၏ အာဏာရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့၌ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ငါးရက်တာ ခရီးစဉ် သွားရောက်တော့မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ပြိုကမ်းပြို အနိုင်ရအပြီး ပထမဦးဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ခရီးစဉ်သည် ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး အဖြစ် လက်ရှိတာဝန်ထမ်းဆောင်လျက် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး တိုးမြှင့်နိုင်သော အခွင့်အလမ်း ကြီးကြီးမားမား ရှိလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယခင်တပ်မတော်အစိုးရ အုပ်ချုပ်စဉ်က သူသည် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ ပေးအပ်ခဲ့သော စီးပွားရေး ကူညီထောက်ပံ့မှုများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ 

“ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက ဂျပန်နိုင်ငံနဲ့ ပတ်သက်ပြီး ကျေနပ်အားရခြင်း မရှိတဲ့ ခံစားချက်အချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဂျပန်နဲ့ မြန်မာ လက်တွဲပြီး နိုင်ငံရေး အကျိုးအမြတ်များ ရှာဖွေဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု တိုကျို့မြို့ရှိ မူဝါဒ လေ့လာမှုဆိုင်ရာ အမျိုးသားဘွဲ့လွန် အင်စတီကျူ၏ ပါမောက္ခလည်းဖြစ်၊ မြန်မာအရေး ကျွမ်းကျင်သူလည်း ဖြစ်သည့် တိုရှီဟီရိုကူဒိုက ဆိုသည်။

ပါမောက္ခကူဒိုမှ “ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကို နှစ်ပေါင်းများစွာ ကျခံခဲ့ရတာပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံဟာ မြန်မာပြည်သူတို့ရဲ့ လူမှုဘဝများ တိုးတက်လာအောင် ကြိုးစားသည့် အနေနဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေး အထောက်အပံ့များကို ပေးခဲ့ပါတယ်” ဟု ဆိုသည်။ 

သို့သော် အာဏာရပြီးကတည်း ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့ကျသည့် ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်လာခဲ့သည်။ တပ်မတော် ခေါင်းဆောင်နှင့် အာဏာရှင်လက်ထက်တွင် ချမ်းသာကြွယ်ဝလာကြသည့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အငြင်းပွားမှုများ ပြုလုပ်ခြင်း မရှိတော့ဘဲ ယင်းအစား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိကထား လုပ်ဆောင်လာသည်။

သတင်းအရင်းအမြစ်များ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား ၁၄ နှစ်ကျော် ကြာအောင် နေအိမ်အကျယ်ချုပ် ချခဲ့သည့် ယခင်အာဏာရှင် ခေါင်းဆောင်များနှင့် ခင်မင်ရင်းနှီးမှု ရှိသည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ခဲ့သည်။ သူသည် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးများအား  ပစ်မှတ်ထား အရေးယူသည့် အလုပ်ကို ပြုလုပ်မည် မဟုတ်တော့ဟုလည်း ကတိပြုထားသည်။ 

ယင်းမူဝါဒများသည် တိုကျိုတွင် တွေ့ဆုံမည့်  ဆွေးနွေးပွဲ၌ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ ဒေါ်အောင် ဆန်းစုကြည်နှင့် ပိုမိုခိုင်ခံသည့် ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် အကူအညီ ပေးလိမ့်မည်ဟု ကူဒိုက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ဦးစားပေး မူဝါဒများမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မြှင့်တင်ပေးနိုင်ရန်နှင့် ပဋိပက္ခများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းစွာ  ဖြေရှင်းနိုင်ရန် ဖြစ်သည်။

သို့သော်ငြားလည်း အာဏာရစဉ် ကတည်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် ပတ်ဝန်းကျင်ကောင်းနှင့် အာဏာကြီးဆဲ တပ်မတော်နှင့် အပြန်အလှန် အလျှော့ပေး စေ့စပ်ညှိနှိုင်းမှုများသည် ယင်းဦးစားပေး မူဝါဒများ အောင်မြင်အောင် ဆောင်ရွက်ရာ၌ လိုအပ်သည့် အရာများအဖြစ် ယုံကြည်လာပုံ ရသည်ဟု ကူဒိုက ဆိုသည်။ 

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌ အောက်တိုဘာ ၂၂ တွင် ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသည် စီးပွားရေးကို လိုလားသည် ချဉ်းကပ်မှု ပုံစံသစ် ဖြစ်သည်ဟု ပါမောက္ခကူဒိုက ဥပမာပေး ထောက်ပြသည်။ 

“နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးလာပြီလို့ ပြည်သူများမှ ထောက်ပြဝေဖန်တာကို ကျွန်မတို့ အစိုးရက သတိပြုမိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ 

သူက ဆက်လက်ပြီး “ကျွန်မတို့ အစိုးရလောက် မြန်ချင်တာ ဘယ်သူမှ မရှိဘူးလို့ ပြောချင်ပါတယ်၊ စီးပွားရေး တိုးတက်မှု မြန်ဆန်အောင် လုပ်ပေးနိုင်မှသာလျှင် ထူထောင်ချင်တဲ့ စနစ်ကို မြန်မြန်ဆန်ဆန် အမြစ်တွယ်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။ 

ချီဘာမြို့ရှိ ဖွံ့ဖြိုးဆဲ စီးပွားရေးများ လေ့လာရေး  အင်စတီကျူ၏ သုတေသီ နိုရီယူကီ အိုဆာဒါက ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်သည် သံတမန်ရေးရာကို ဘက်ပေါင်းစုံမှ ချဉ်းကပ်ခြင်းဖြစ်ကြောင်း ယုံကြည်လျက် ရှိနေသည်။ 

သူ၏ ဂျပန်ခရီးစဉ်သည် များမကြာမီက သွားရောက်ခဲ့သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံ ခရီးစဉ်များလို မြန်မာနိုင်ငံအား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နေရာကောင်းအဖြစ် ဆွဲဆောင်စည်းရုံးမည် ဖြစ်သည်။ 

“သူဟာ အာရှရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံများ ဖြစ်တဲ့ တရုတ်နဲ့ ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ရရှိအောင် တစ်ချိန်တည်းမှာ ကြိုးစားသွားမယ်လို့ ကျွန်တော် ထင်တယ်” ဟု အိုဆာဒါက ဆိုသည်။ 

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာမှာ သာမန်ပြည်သူထံမှ လာခြင်းဖြစ်သည်ဟု အိုဆာဒါက ထောက်ပြသည်။ အကယ်၍ သူသည် သာမန်ပြည်သူတို့၏ အကျိုးစီးပွားကို မျက်ကွယ်ပြု၍ (အထူးသဖြင့် လူနည်းစု တိုင်းရင်းသားလူမျိုးများ) ဖွံ့ဖြိုးရေး စီမံကိန်းများကို မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ရန် တပ်မတော်နှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အလွန်အကျွံ ဦးစားပေးမည် ဆိုလျှင် သူ့အစိုးရ၏ တရားဝင်မှုကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်သည်ဟု အိုဆာဒါက ဆိုသည်။ 

“အခုအချိန်မှာ ပြည်သူတွေဟာ သူ့ကို အားတက်သရော ထောက်ခံနေကြတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ နောင်ငါးနှစ် (သို့မဟုတ်) ၁၀ နှစ်မှာ သူ့အား လူတွေထောက်ခံပါ့မလား ဆိုတဲ့ မေးခွန်း ပေါ်ကောင်း ပေါ်လာနိုင်ပါတယ်” ဟု အိုဆာဒါက ဆိုသည်။ 

ဒီလအစောပိုင်း အမေရိကန်မှ ယင်း၏ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုများ ဖြုတ်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

ခရီးစဉ်သည် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ အင်အားသစ်ဖြင့် အရှိန်မြှင့်တင် ဝင်ရောက်ခွင့် ပေးသင့်သည်ဟု အမျိုးသားဘွဲ့လွန် အင်စတီကျူမှ ကူဒိုက ဆိုသည်။

အမေရိကန်သည် မြန်မာနိုင်ငံကို ဆယ်စုနှစ် နှစ်စုနီးပါး အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့သော်လည်း  ၂၀၁၂ မှစတင်ပြီး အရေးယူ ပိတ်ဆို့မှုများကို ဖြည်းဖြည်းချင်း လျှော့ပေးခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ဝါရှင်တန်တွင် ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံပြီးနောက် တစ်လအကြာ အောက်တိုဘာ ၇ တွင် အရေးယူပိတ်ဆို့မှု အားလုံးကို ဖြုတ်ပေးခဲ့သည်။  

ထို့ကြောင့်  မြန်မာကုမ္ပဏီ ၁၀၀ ခန့်နှင့် ယခင်အာဏာရှင်များနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် လူပုဂ္ဂိုလ်များသည် အမေရိကန် စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ဆောင်ခွင့် ရရှိသွားခဲ့သည်။  ဂျပန်ကုမ္ပဏီများသည်လည်း အမည်ပျက်စာရင်းဝင်သည့် စီးပွားရေး လုပ်ငန်းများနှင့် ပူးတွဲလုပ်ဆောင်ခြင်းကို ရှောင်ရှားခဲ့ရသည်။ 

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်း နေထိုင်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ အပါအဝင် သဘာဝသယံဇာတများ အလျှံအပယ် ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ 

တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများ ပတ်လည် ဝန်းရံနေခြင်းနှင့်အတူ အာဆီယံ ဒေသတွင်းတွင် မြန်မာနိုင်ငံအား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည့် ‘နောက်ဆုံးနယ်မြေ’ အဖြစ် သတ်မှတ်ကြသည်။ 

ယခင်အစိုးရသည် ၂၀၁၁ တွင် ပြုပြင်ပြောင်းလဲရေးများ စတင်ပြုလုပ်ခဲ့ပြီး နောက်တစ်နှစ်တွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့သည်။ သို့သော် လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးမှုများ၊ အဝေးပြေးလမ်းများနှင့် လေဆိပ်များကဲ့သို့သော အခြေခံအဆောက်အဦများ အပြင် ဆီလျော်မှု ရှိသော ဥပဒေစနစ်များ တိုးတက်ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရှိန် အားနည်းသွားခဲ့သည်ဟု ကူဒိုက ဆိုသည်။ 

“မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ရှိပါသေးတယ်။ စီးပွားရေး အဲဒီမှာ သွားလုပ်ရင်တော့ ပြဿနာများစွာ ကြုံတွေ့ရနိုင်ပါတယ်၊ ဂျပန်လုပ်ငန်း အနည်းငယ်သာ အဲ့ဒီမှာ အမြတ်ကြီးကြီးမားမား ရအောင် လုပ်နိုင်တာပါ” ဟု ကူဒိုက ဆိုသည်။ 

အခုအချိန်ထိတော့ ယင်းအခက်အခဲများသည် ဂျပန်အတွက် ရေရှည်ပြဿနာအဖြစ် ရှိမနေသေးပါ။ 

“မြန်မာနိုင်ငံဟာ ကြီးကျယ်တဲ့ အလားအလာကောင်းတွေ ရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံကို အများကြီး မျှော်လင့်နေတယ်လို့ ကျွန်တော်ထင်တယ်။ စိတ်အားထက်သန်မှုတွေ အားနည်းသွားရခြင်း အဓိက အချက်ကလည်း မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦနဲ့ တရားရေး အဖွဲ့အစည်းများ အားနည်းမှုကြောင့်ပါ” ဟု အိုဆာဒါက ဆိုသည်။





THE VOICE

No comments: