Friday, November 18, 2016

ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်ချင်တော့သည်အထိ စိတ်ပျက်ခဲ့ရကြောင်း ဟီလာရီ ဖွင့်ဟ


ဝါရှင်တန်၊ နိုဝင်ဘာ ၁၇

ပြီးခဲ့သည့်တစ်ပတ်က အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို  ရှုံးနိမ့်ခဲ့ရခြင်းအတွက် အဘယ်မျှ စိတ်ပျက်ခဲ့ရသည် ဆိုခြင်းကို ဟီလာရီကလင်တန်က ပထမဆုံး အများပြည်သူရှေ့ထွက်ပြီး မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းက စာအုပ်ကောင်း တစ်အုပ်ဖြင့်သာ ကွေးနေချင်ပြီး အိမ်ပြင်ကိုပင် ထပ်မထွက်ချင်လောက်အောင် စိတ်ပျက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်တန်ဖိုးများအတွက် တိုက်ပွဲဝင်ရာတွင် “ဘယ်တော့မှ အရှုံးမပေးကြပါနဲ့” ဟု ကလင်တန်က ကလေးသူငယ် ရန်ပုံငွေပွဲတွင် ပရိသတ်များကို တိုက်တွန်းခဲ့သည်။

ကလင်တန်သည် လူထုဆန္ဒမဲတွင် ထရမ့်ထက် အသာရခဲ့သော်လည်း သမ္မတရွေးရာတွင် အဆုံးအဖြတ် ဖြစ်သည့်  ပြည်နယ်အလိုက် လူထုမဲရရှိမှုအပေါ် အခြေခံကာ ခွဲဝေရရှိသည့် ရွေးကောက်မဲအရ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“ဒီည လာရတာ ကျွန်မအတွက် လွယ်လှတဲ့ကိစ္စ မဟုတ်ဘူးလို့ ဝန်ခံပါတယ်။ ရှင်တို့အများစုလည်း ရွေးကောက်ပွဲရလဒ်အပေါ် စိတ်ပျက်နေကြမယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မလည်းပဲ မပြောပြနိုင်လောက်အောင်ကို စိတ်ပျက်မိပါတယ်” ဟု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေပွဲတွင် ဂုဏ်ပြုခံရသော ကလင်တန်က ပြောကြားခဲ့သည်။

“ဒါမလွယ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာ လူတွေက အမေရိကဆိုတာ ငါတို့နားလည်ထားတဲ့ နိုင်ငံမှ ဟုတ်ရဲ့လားလို့ သူတို့ကိုယ်သူတို့ ပြန်မေးခွန်းထုတ်ခဲ့ကြတယ် ဆိုတာ ကျွန်မ သိပါတယ်” ဟု ကလင်တန်က ပြောကြား ခဲ့သည်။

“ဒီရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ အကွဲအပြဲက နက်ရှိုင်းပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောတာကို နားထောင်ကြပါ။ အမေရိကဟာ ထိုက်တန်ပါတယ်။ ကျွန်မတို့ ကလေးတွေဟာ ထိုက်တန်ပါတယ်။  ကျွန်မတို့ တိုင်းပြည်ကို ယုံကြည်ပါ။ ကျွန်မတို့ တန်ဖိုးထားမှုတွေအတွက် တိုက်ပွဲဝင်ပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့” ဟု  ကလင်တန်က တိုက်တွန်းခဲ့သည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်ခံသည့်မိန့်ခွန်း ပြောခဲ့ပြီး နောက်ပိုင်းတွင် ကလင်တန်သည် လမ်းလျှောက်ထွက်ခဲ့မှုမှအပ များသောအားဖြင့် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။       

The voice

No comments: