Friday, November 18, 2016

တာချီလိတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၍ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ကျိုင်းတုံ၊ နိုဝင်ဘာ ၁၈

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်၍ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့ မြို့မရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ဆန်ဆိုင်း(က) ရပ်ကွက်ရှိ 1G1 ဟိုတယ်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

ဟိုတယ်ရှိ နိုက်ကလပ်နှင့် ကေတီဗွီသို့ လာရောက်ပြီး နေအိမ်သို့ ပြန်မည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှင့် ဦးလေးဖြစ်သူ အပါအဝင် လေးဦး စီးနင်းသည့် မော်တော်ယာဉ်ကို ယင်းအမျိုးသမီး၏ ရည်းစားဟောင်း ဆိုသူက သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကောင်မလေး ရည်းစားဟောင်းက သူနဲ့စကားပြောဖို့ ခေါ်တာ မရလို့ သူတို့အဖွဲ့ ဟိုတယ်က ထွက်လာပြီး ကားပါကင်က ကားပေါ်အတက်မှာ ကားရှေ့ကနေရပ်ပြီး သေနတ်နဲ့ ခြောက်ချက်ခန့် ပစ်သွားတာ။ ကောင်မလေးရဲ့ ဦးလေးက သေဆုံးသွားတယ်။ ကောင်မလေးကတော့ ခြေထောက်မှာ သေနတ်ဒဏ်ရာ နှစ်ချက်ရပေမယ့် ကျန်တဲ့သူတွေတော့ ဒဏ်ရာမရဘူး” ဟု ၎င်းက ရှင်းပြသည်။

ယင်းဖြစ်စဉ်တွင် အသက် ၃၀ နှစ်ခန့်အရွယ် ဦးစိုင်းလုံမှာ ရင်ညွှန့်၌ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးခဲ့ပြီး အသက် ၁၉ နှစ်အရွယ် အမျိုးသမီးမှာ ယာဘက်ခြေသလုံး၌ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်၏ ရည်စားဟောင်းဆိုသူ စိုင်းပန်ကို လိုက်လံဖမ်းဆီးနေပြီး ရာဇသတ်ကြီး ပုဒ်မ-၃၀၂/ ၃၀၇ အရ အမှုဖွင့်ထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

No comments: