Friday, November 18, 2016

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၇၀ ကျော်ကို မြန်မာ့တပ်မတော် ပစ်သတ်မှု သတင်း မမှန်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းသည့် ဘင်္ဂါလီ ၇၂ ဦး ကို မြန်မာ့တပ်မတော်က ပစ်သတ်မှု သတင်းမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ယင်းနယ်မြေရှိ တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသို့ နယ်စပ်ဒေသ၌ ထိတွေ့မှုများ ရှိမရှိ စိစစ်မေးမြန်းရာ ယင်းပစ်ခတ်သတ်ဖြတ်မှုမှာ လုံးဝမဟုတ်မှန်ကြောင်း၊ ပူးပေါင်းအဖွဲ့ အနေဖြင့် အတွင်းပိုင်း နယ်မြေရှင်းလင်း စစ်ဆေးနေပြီး နယ်စပ်ပိုင်း၌ ထိတွေ့မှု မရှိဟု ပြောဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ သတင်းကို ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

နတ်မြစ်အား ဖြတ်ကျော်၍ မြန်မာဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ (၂၀၀) ဦးခန့်အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး၍ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်စေလွှတ်ခဲ့သည် ဆိုသည့် သတင်းကိုလည်း စိစစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသတင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အမှတ် (၂) ဘီဂျီဘီ တပ်ရင်းမှူး ဒုမှူးကြီး အာဘူဝေဟာဇာဟိရ်နှင့် အမှတ် (၃၄) ဘီဂျီဘီ ဒုတပ်ရင်းမှူး မိုဟာမတ်အာဟူလ်နိုင်းတို့အား စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ရာ ယင်းသတင်းများ ထွက်ပေါ်နေသည်ကို ကြားသိရသော်လည်း မြေပြင်၌ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း မရှိဟု ပြန်လည်ဖြေကြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ  - State Counsellor Office Information Committee

No comments: