Saturday, July 2, 2016

Miss Myanmar World 2016 ပြိုင်ပွဲဝင် အလှမယ် ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန် --------------------------------------



မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် Miss Myanmar World 2016 ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းတွင် ပါဝင်ခဲ့သည့် အလှမယ် ပိုးစန္ဒာခင်သည် ယနေ့ (ဇူလိုင် ၂ ရက်) နံနက် ၉ နာရီခန့်က ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်မျိုးစုက ပြောကြားသည်။

“သူက Gym ကို ပုံမှန် မဆော့ဖြစ်ပေမယ့် အခု ရက်ပိုင်းမှာတော့ Miss Myanmar World ပြိုင်ပွဲ ပြိုင်ဖို့အတွက် သွားဆော့နေတာပါ။ ဒီမနက် ၉ နာရီလောက်မှာ Gym သွားဆော့ပြီး မူးလဲကျသွားတဲ့အတွက် ဆေးရုံ တင်လိုက်ရတယ်။ ဆေးရုံ ရောက်တော့မှ ဆုံးတာပေါ့။ ရင်ခွဲ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတော့မှ သူဆုံးတဲ့အကြောင်းကို သိရမှာပါ”ဟု ၎င်းက ဆိုသည်။

အလှမယ် ပိုးစန္ဒာခင်၏ ရုပ်အလောင်းကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုလ်မည်ဖြစ်ကြောင်း၊ ပိုးစန္ဒာခင် ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ် ရှိပြီဖြစ်ပြီး Miss Nok Air ဆုကို ရရှိထားသလို ၂၀၁၄ -၂၀၁၅ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်လည်း ရွှေကြို တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း ဒေါ်ခင်မျိုးစုက ပြောကြားသည်။

“သေခြင်းတရားဆိုတာ အရမ်းကြောက်ဖို့ ကောင်းတယ်ဗျာ။ ကျွန်တော့်သူငယ်ချင်း ပိုးစန္ဒာခင်ကို ဆုံးရှုံးသွားရပြီဗျာ။ သူများကိုကော မိမိပါ အမြဲ ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး စိတ်ထား အရမ်းကောင်းတဲ့သူပါ။ ဘာကြောင့်လဲဗျာ။ အစောကြီး ခေါ်သွားတာလဲ”ဟု အလှမယ် ပိုးစန္ဒာခင်၏ သူငယ်ချင်းဖြစ်သူ မော်ဒယ်လ် ထူးအောင်က ၎င်း၏ Facebook Page တွင် ရေးသားထားသည်။


No comments: