Saturday, July 2, 2016

ခံစားတတ်တဲ့ နှလုံးသား မရှိသူ

မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ အာဏာ ((noun) power., authority၊ အာဏာရှင် (noun) dictator၊ အာဏာပိုင် (noun)  person in authority လို့ ဖော်ပြထားတယ်။ အာဏာဆိုတာ လုပ်ပိုင်ခွင့်လို့ ဆိုသော်ရမယ် ထင်တယ်။ အဲဒီ လုပ်ပိုင်ခွင့်ကို ရယူ သုံးစွဲသူကို အလွန်အကျူး ဥပဒေမဲ့ သုံးစွဲသူကို အာဏာရှင်လို့ ခေါ်နိုင်သလို ဥပဒေနဲ့အညီ တရားမျှတစွာ သုံးစွဲသူကို အာဏာပိုင်လို့ ခေါ်ကြတယ်။

အာဏာကို ရယူ သုံးစွဲတဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားပေါ် မူတည်ပြီး အာဏာရှင်နဲ့ အာဏာပိုင်လို့ ကွဲပြားသွားတာပဲ။ အာဏာ ဆိုတာက တစ်ခါတစ်ရံ လိုအပ်တယ်။ အာဏာနဲ့ လုပ်မှ လုပ်လို့ရတာ ရှိတယ်။ လူအတော်များများက အာဏာအောက်မှာ အနေကြာလာတဲ့အတွက် အာဏာမပါဘဲ လုပ်ရိုးလုပ်စဉ် လုပ်လို့  အကောင်အထည် မပေါ်နိုင်ဘူး။ အောင်မြင်ဖို့ ခက်ခဲတယ်။ ဒါတောင်မှ လူလစ်ရင် အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အမှိုက်ပစ်ကြတယ်။ ဆေးလိပ်မသောက်ရ ဆိုတဲ့ နေရာမှာ ဆေးလိပ်သောက်တယ်။ ကွမ်းတံတွေး မထွေးရ ဆိုတဲ့ နေရာမှာ ကွမ်းတံတွေး ထွေးကြတယ်။ သဘောကောင်းတဲ့လူ သဘောကောင်းတဲ့ အစိုးရ တော်ရုံတန်ရုံ ဂရုမစိုက်ကြဘူး။

ဆိုတော့ အာဏာပိုင်တွေက ဥပဒေကို စောင့်ကြပ်ဖို့၊ အကောင်အထည်ဖော်ဖို့ ဥပဒေနဲ့အညီ အာဏာကို ရယူ သုံးစွဲကြတယ်။ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးဖို့၊ ဆင်းရဲသူ မျက်နှာငယ်များကို ကာကွယ်ဖို့၊ တရားနဲ့အညီ ပြည်သူကို အုပ်ချုပ်ဖို့၊ လူဆိုး သူခိုးများကို ဖမ်းဆီး နှိမ်နင်းဖို့ အာဏာပိုင်တွေက အာဏာကို ဆင်ခြင်တုံတရားနဲ့အညီ နှလုံးသားနဲ့ ရယူ သုံးစွဲကြတယ်။ အာဏာဟာ နိုင်ငံတော် ဖွံ့ဖြိုးရေး၊ တည်တံရေးအတွက် လိုအပ်တယ်။ အာဏာဟာ အဖိနှိပ်ခံပြည်သူ မတရားမှုကို ကာကွယ်ပေးဖို့ လိုအပ်တယ်။ အာဏာဟာ အကျင့်ပျက် ခြစား ၀န်ထမ်းများကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ အာဏာဟာ အမှန်တရားအတွက် မရှိမဖြစ် လိုအပ်လာပြန်တယ်။ အာဏာပိုင် အုပ်ချုပ်သူကလည်း နားလည်မှု အသိတရား၊ နှလုံးသားနဲ့ အုပ်ချုပ်ဖို့ လိုတယ်။

အာဏာကို ရယူ ကိုင်တွယ်သူဟာ မီးကို ကိုင်တွယ်သူနဲ့ တူတယ်။ သုံးတတ်ရင် အကျိုးရှိသလို မသုံးတတ်ရင် ဘေးတွေ့နိုင်တယ်။ မီးကို ကိုင်တွယ်သူတိုင်းဟာ သတိရှိရတယ်။ အသိတရား ရှိရတယ်။
 
အာဏာရှင်

အာဏာရှင် ဆိုတာကို လူအတော်များများ သာမန် သဘောပေါက်ထားတာက စစ်ရေးအာဏာရှင်၊ နိုင်ငံရေး အာဏာရှင် ဆိုတာကိုပဲ။ တကယ်တော့ အာဏာရှင်ဆိုတာ စစ်တပ်မှာသာ ရှိနေတာ မဟုတ်ပါဘူး။ နိုင်ငံရေး လောကမှာသာ ရှိတာ မဟုတ်ဘူး။ အရပ်ဘက်၊ အိမ်၊ မိသားစုတွေထဲမှာလည်း အာဏာရှင်ဆိုတာ ရှိနေတာပဲ။

ဟစ်တလာလည်း စစ်ထဲ ၀င်ခါစတုန်းက သာမာန်စစ်သား တစ်ယောက်သာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နှစ်တွေကြာ၊ အာဏာတွေ လက်ထဲ စုပြုံရောက်လာတဲ့ အခါကျတော့ နာဇီပါတီရဲ့ အာဏာရှင် ဖြစ်လာတယ်။ ငယ်စဉ်က ဖိနှိပ်ခံရတာတွေ မှန်သမျှ လက်တုံ့ပြန်ဖို့ ဖြစ်လာတယ်။ ဂျာမန် လူမျိုးတွေရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အသုံးချပြီး အမျိုးသား နာဇီပါတီ တည်ထောင်ကာ အာဏာရှင် စနစ်ကို ထူထောင်ခဲ့တယ်။ အာဏာဟာ ဟစ်တလာကို ဖျက်ဆီးပစ်လိုက်တယ်။ ဂျာမန် လူမျိုးတွေကို ဖျက်ဆီး ပစ်လိုက်တယ်။ ကမ္ဘာကိုပါ ဖျက်ဆီးဖို့ ဒုတိယ ကမ္ဘာစစ် ဖန်တီးခဲ့တယ်။ နှလုံးသားမဲ့ အာဏာရှင်နဲ့ နှလုံးသားရှိ လူသားတို့ တိုက်ပွဲဖြစ်တယ်။ ငြိမ်းချမ်းစွာ နေလိုသူတွေရော၊ စစ်ကို အကြောင်းပြုရင်း မိမိကိုယ်ကျိုး ရှာလိုသူတွေပါ အသက်တွေ ပေးဆပ်ရတယ်။ ဘ၀တွေ ဖျက်ဆီးခံရတယ်။

အာဏာရှင်ဖြစ်လာတဲ့ အချိန်ကစလို့ ဟစ်တလာ အပါအ၀င် နာဇီ ပါတီဝင်တွေဟာ နှလုံးသားကို သော့ခတ်လိုက်ကြတယ်။ အရာရာကို နှလုံးသားနဲ့ မစဉ်းစားဘူး။ အာဏာနဲ့ စဉ်းစားတယ်။ အာဏာနဲ့ စီရင်တယ်။ အာဏာနဲ့ ဆုံးဖြတ်တယ်။ အာဏာရဲ့နောက်မှာ လက်နက်ပါတယ်။ အာဏာရဲ့နောက်မှာ အနိုင်ကျင့်မှု၊ ရက်စက်မှု၊ မတရားမှုတွေ ပါတယ်။

လူတစ်ယောက်ကို သတ်ဖို့ဆိုတာ နှလုံးသားရှိတဲ့ လူသားတစ်ယောက်အတွက် လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ် မပြု။ ဘယ်သူ့ကိုမှလည်း မခြိမ်းခြောက်။ အေးချမ်းစွာ အပြစ်ကင်းစွာနေတဲ့ (Innocent) လူတစ်ယောက်ကို သွေးအေးအေးနဲ့ သတ်ရဲ၊ ဖြတ်ရဲဖို့ ရက်စက်ဖို့ ဆိုတာ နှလုံးသားရှိတဲ့ လူတစ်ယောက်အတွက် လွယ်ကူတဲ့ကိစ္စ ဖြစ်ပါ့မလား။ ဒါပေမဲ့ အာဏာရှင်တိုင်း ကျူးလွန်ရဲတယ်။ ခံစားတတ်တဲ့ နှလုံးသားမှ မရှိတာ။ နှလုံးသား ရှိသူတိုင်းကလည်း အာဏာရှင် မဖြစ်ဘူး။ နှလုံးသားရှိသူနဲ့ အာဏာရှင်တို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တယ်။ ခံစားနားလည် ကြင်နာတတ်တဲ့ နှလုံးသား ပီပီပြင်ပြင် ရှိလေလေ အာဏာရှင် မဖြစ်နိုင်လေလေပဲ။

တောအုပ် တစ်ခုမှာ နွားအုပ် တစ်အုပ် အေးအေးလူလူ မြက်စားနေကြတယ်။ နွားတွေမှာ ချိုတွေက ကားနေတာ။ အချို့နွားဆို ချိုတွေက သွေးထားလို့ တမြမြပဲ။ ရုတ်တရက် ကျားတစ်ကောင် ချုံပုတ်နောက်က ခုန်ထွက်လာတယ်။ နွားအုပ်ထဲ အပြေးရောက်လာတယ်။ ချိုရှိတဲ့နွားတွေ ကျားကို ပြန်တိုက်ခိုက်ဖို့ မကြိုးစားကြဘူး။ ထွက်ပဲပြေးကြတယ်။ ရှိနေတဲ့ ချိုက အလကားပဲ။ ကျားကတော့ နီးစပ်ရာ နွားတစ်ကောင်ရဲ့ ကုတ်ပိုးကို အမိအရ ဖက်တွယ် ခုန်တက်ပြီး ဇက်ကို ခဲထားလိုက်တယ်။ အကိုက်ခံနွား ထွက်ပြေးနေရုံမှတစ်ပါး ကျားကို ဘာမှ ပြန်မတိုက်ခိုက်တတ်ဘူး။ ကျားကို ပြန်တိုက်ခိုက်ရမယ်ဆိုတဲ့ အသိတရား နှလုံးသားက ပေးမထားဘူး။ ကျားကိုက်ထားတဲ့ ဒဏ်ရာ သွေးလွန်၊ ပြေးရလွန်းလို့ မောပန်းနာကျင်လွန်းတဲ့ ဒဏ်ကြောင့် မပြေးနိုင်။ ဒီလိုနဲ့ အသေခံသွားကြရတယ်။ နွားရဲ့ နှလုံးသားနဲ့ သဘာဝက အသက်ကို သတ်ဖို့ မဟုတ်ဘူး။ ကျားရဲ့ နှလုံးသားနဲ့ သဘာဝကသာ သူများအသက်ကို သတ်ဖြတ် စားသောက်ဖို့ ဖန်တီးထားတာ။ နွားနဲ့တူတဲ့ လူသားနဲ့ ကျားနဲ့တူတဲ့ လူသားနှစ်ယောက်ဟာ ဘ၀ဇာတ်ခုံရဲ့ နေရာမှာ မထင်မှတ်ဘဲ ဆုံတွေ့ကြတယ်။ နွားနဲ့တူတဲ့ လူသားက ကျားနဲ့တူတဲ့ လူသားကို တန်းတူရည်တူ ပြန်ခုခံ တုံ့ပြန်ဖို့ မဖြစ်နိုင်ဘူး။ ငုံ့ခံ (ဖြစ်သမျှ) လက်ခံဖို့သာ ဖြစ်လာတယ်။ ကျားသနားမှ နွားချမ်းသာဆိုတဲ့ စကား ရှိခဲ့တယ်။ ဘယ်ကျားကများ နွားကို ချမ်းသာပေးဖူးလဲ။

ထို့အတူ ဘယ်အာဏာရှင်ကများ ပြည်သူကို သနားတယ်ဆိုတာ ရှိခဲ့ပါသလား။ ဘယ်အာဏာရှင်ကများ ပြည်သူ့အကျိုး ပြုခဲ့ဖူးသလဲ။ ပြည်သူအတွက် အနစ်နာခံပေးခဲ့ဖူးသလဲ။ အာဏာရှင်တွေက မိမိဘ၀ကို တိုးတက်အောင် တည်ဆောက်ရာမှာ အခြားသူတွေရဲ့ ဘ၀ကို ဖျက်ဆီးပြီးမှ တည်ဆောက်ကြတယ်။

■ နှလုံးသား ရှိပါ

ဘာကြောင့်လဲ။ အာဏာရှင်တွေမှာ ပင်ကိုအရည်အချင်း၊ ပင်ကိုပညာ ပိုင်ပိုင်နိုင်နိုင် မရှိကြဘူး။ ဒီထက် ဆိုးတာက လူလူချင်း ချစ်ခင်စာနာ ကြင်နာမေတ္တာ ထားတတ်တဲ့ နှလုံးသားစစ်စစ် မရှိဘူး။ သူတို့ နှလုံးသားက ထန်ခနဲ၊ ထန်ခနဲ မြည်လောက်အောင် သံမဏိနဲ့ ပြုလုပ်ထားတာ ဖြစ်တာကို။

အာဏာရှင်ရှေ့မှာတင် ပြိုလဲသွားတဲ့ ပညာရေး အဆောက်အအုံအတွက် ၀မ်းနည်းခြင်း မရှိဘူး။ အဆင်းရဲဆုံးနိုင်ငံ LDC(Least Development Country) ဖြစ်သွားလို့ ရှက်ရမှန်း မသိဘူး။ အကြွေးတွေ တင်နေလို့ ပူပင်ရကောင်းမှန်း မရှိဘူး။ ဖားကန့်မှာ မြေစာပြိုလို့ မြေအောက်ပိသေသွားတဲ့ ပြည်သူတွေရဲ့ အသက်ကို ပုရွက်ဆိတ်လောက်မှ တန်ဖိုးထားရကောင်းမှန်း မရှိဘူး။

ဆိုလိုချင်တာက နှလုံးသားနဲ့ ခံစားနားလည်ပေးရမယ့် ကိစ္စတွေကို သူတို့တစ်တွေ ခံစားမပေးကြဘူး။ ကြင်နာတရား မပြကြဘူး။ ကိုယ်ချင်းစာစိတ် မပေါ်ကြဘူး။ မေတ္တာတရားကတော့ ဝေးရော။ ဒါဟာ နှလုံးသား မရှိလို့ပဲ။

လူမှန်ရင် နှလုံးသား ရှိရမယ်လို့ ယေဘုယျ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ အာဏာရှင်မှာရှိတဲ့ နှလုံးသားက သူတို့အတ္တအတွက် အသက်ရှင်သန်ရေး အတွက်ပဲ လုပ်တာဖြစ်တယ်။ နှလုံးသားရဲ့ လုပ်ငန်းဆောင်တာ (Function) ကို အပြည့်အ၀ မလုပ်ကြတော့ဘူး။ နှလုံးသား ရှိသော်လည်း နှလုံးသား မပီသတော့ဘူး။ ဒါကြောင့် အာဏာရှင်မှာ ခံစားတတ်တဲ့ နှလုံးသား မရှိဘူးလို့ ပြောလိုက်ပါရစေ။ ထို့အတူ ထိုထိုသော နှလုံးသားမဲ့ အာဏာရှင်များ နောက်ထပ်တစ်ကျော့ ခေါင်းမော့ ဦးထောင် မလာရန်မှာ နှလုံးသားရှိ လူသားတိုင်းရဲ့ တာဝန်ပင် ဖြစ်ပါကြောင်း။
Writer: 
မောင်တင်ဦး (မြောင်းမြ)

No comments: