Saturday, July 2, 2016

အိန္ဒိယ လေတပ်က ပထမဆုံး ပြည်တွင်းထုတ် ဂျက်လေယာဉ်များ ရရှိ

ဇူလိုင် ၁ ရက်က ဘန်ဂလိုမြို့တွင် တွေ့ရသော ပြည်တွင်းလုပ် Tejas တိုက်လေယာဉ် တစ်စင်း (Photo: AFP)
အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ပေါ့ပါးသည့် တိုက်လေယာဉ်များကို ဇူလိုင် ၁ ရက်က လေတပ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဘေးကင်းလုံခြုံမှုအရ စိတ်ချရမှု ဆိုးရွားသောကြောင့် “အခေါင်းပျံ” များဟု အမည်ပြောင် ပေးခံထားရသည့် အိန္ဒိယ လေတပ်ရှိ ရုရှားလုပ် MiG-21 ဂျက်လေယာဉ်များကို အစိုးရက တစ်စတစ်စ ဖျက်သိမ်းနေစဉ် ယခုကဲ့သို့ ပြည်တွင်းထုတ် Tejas ဂျက်လေယာဉ် နှစ်စင်းကို လေတပ်၌ စတင် အသုံးပြုတော့မည် ဖြစ်သည်။
ပြိုင်ဘက် ပါကစ္စတန်၊ တရုတ်တို့နှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် အိန္ဒိယ စစ်တပ်ထဲမှ ဆိုဗီယက်ခေတ် စစ်လက်နက် ကိရိယာကို အဆင့်မြှင့်တင်ရန် အစိုးရ၏ ဒေါ်လာဘီလျံ များစွာ တန်ဖိုးရှိသော စီမံကိန်းထဲ၌ ယခု Tejas တိုက်လေယာဉ်များမှာလည်း တစ်စိတ်တစ်ပိုင်း အပါအ၀င် ဖြစ်သည်။
ဝေဟင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ မြေပြင်ပစ် လက်နက်များကို သယ်ဆောင် ပစ်ခတ်နိုင်သော Tejas လေယာဉ် နှစ်စင်းသည် Flying Daggers 45 လေယာဉ် တပ်ရင်းထဲသို့ ရောက်သွားမည်ဖြစ်သည်။ အိန္ဒိယလေတပ်က လာမည့် နှစ်နှစ်အတွင်း Tejas လေယာဉ် ၁၄ စင်းကို လေတပ်ထဲသို့ ထပ်မံ ထည့်သွင်းရန် စီစဉ်ထားသည်ဟု သိရသည်။
ဟိန္ဒူစတန် လေယာဉ်တည်ဆောက်ရေးမှ ဆယ်စုနှစ် သုံးခုကြာ တည်ဆောက်ခဲ့ရသည့် Tejas ဂျက်လေယာဉ်များသည် ၎င်းအမျိုးအစား လေယာဉ်များထဲတွင် အသေးငယ်ဆုံးနှင့် အပေါ့ပါးဆုံး ဖြစ်သည်ဟု အမွှမ်းတင်ခံ ထားရသည်။
အိန္ဒိယ အစိုးရသည် လက်ရှိတွင်လည်း ပြင်သစ် Dassault Aviation မှ ထုတ်သည့် ရာဖေး ဂျက်တိုက်လေယာဉ် ၃၆ စင်းကို ၀ယ်ယူရန် နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် နရင်ဒရာမိုဒီက အိန္ဒိယကို ကမ္ဘာ့နံပါတ်တစ် ကာကွယ်ရေးပစ္စည်း တင်သွင်းသည့် နိုင်ငံ ဖြစ်နေခြင်းမှ အဆုံးသတ်ပြီး ယင်းအစား ကာကွယ်ရေး ပစ္စည်းများကို ပြည်တွင်းမှာပင် ထုတ်လုပ်သွားမည်ဟု ကတိပြုထားသည်။
Ref: AFP

No comments: