Sunday, July 3, 2016

မော်ချီး၌ ငန်းရိုးကိုက်ခြင်း







(၁)

ခန့်မှန်းခြေ ပင်လယ်ရေမျက်နှာပြင် ပေလေးထောင်နီးပါးတော့ မြင့်မှာသေချာသည်။ ကယား ပြည်နယ် ဖားဆောင်းမြို့နယ်ထဲ က နာမည်ကျော် မော်ချီး။ ခဲမဖြူ ကြောင့် နာမည်ကျော်၊ အဖြိုက် နက်ကြောင့် နာမည်ကျော်၊ သတ္တု တွင်းလုပ်ငန်းများကြောင့် နာမည် ကျော်။ အစိုးရရော၊ စီးပွားရေး သမားတွေရော ခေတ်အဆက် ဆက် မျက်စိကျခဲ့ကြရာဒေသ။

မော်ချီး တောင်စောင်း၊ တောင်ထိပ်တွေပေါ်မှာ၊ လျှို မြောင်တွေကြားမှာ၊ ချောက်ကမ်း ပါးတွေကြားမှာ အဖိုးတန်သတ္တု တွေ ဘယ်ကတည်းက ထွက်ပေါ် လို့ ဘယ်ကတည်းက တူးဖော်ခဲ့ ကြသလဲဆိုတာကို စေ့ငုကြည့်မိ တော့ အကြာကြီးဆိုမှ အကြာကြီး ကြာခဲ့ပါပြီ။ ရှေးနှစ်ပေါင်းများစွာ ကတည်းက ခဲမဖြူ၊ အဖြိုက်နက် လုပ်ငန်းတွေကို ဒေသခံများ တစ် နိုင်တစ်ပိုင်လုပ်ကိုင်ခဲ့ကြတာပါ တဲ့။ ၁၈၃၀ ပြည့်နှစ်မှာ အင်္ဂလိပ် အစိုးရက သုတေသနပြုပြီး ကရင် နီ (ယခု ကယား)စော်ဘွားကေးဖိုး ဒူနှင့် သဘောတူညီမှုရယူကာ သတ္တုအမြောက်အမြားထုတ်လုပ် မှု အစပြုခဲ့ကြပါသတဲ့။ ဂျပန် ခေတ်ကြီးရောက်လာပြန်တော့ လည်း နိပွန်မာစတာတွေက မော် ချီးကို အလွတ်မပေးဘဲ ၂ နှစ် လောက် သတ္တုတူးဖော်မှုတွေ လုပ်သွားသေးဆိုပဲ။ ဂျပန်အတွက် အင်္ဂလိပ်တွေ ပြန်ဝင်လာပြန်ရာ မော်ချီးက အင်္ဂလိပ်လက်အောက် မှာ သတ္တုတွေအလုံးအရင်းဖော် ထုတ်ပေးခဲ့ရပြန်သည်။

လွတ်လပ်ရေးရပြီးနောက် ပိုင်း မြန်မာအစိုးရ အဆက်ဆက် က မော်ချီးသတ္တုတွင်းလုပ်ငန်း တွေကို ဦးစီးလုပ်ကိုင်လာခဲ့ရာ ယခုအခါမှာတော့ ဦးပိုင်ကုမ္ပဏီ လီမိတက် နှင့် Kayah State Mining Product Company (KMPC) အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီအချို့က ရင်းနှီးမြှပ်နှံလုပ်ကိုင်နေသည်။


ဩော်.. နှစ်အဆက်ဆက်၊ ခေတ်အဆက်ဆက် သူ့ရင်ထဲကနေ သယံဇာတတွေ ထုတ်ဖော်ပေးခဲ့သည့် မော်ချီးတောင်ပေါ်ကို လွန်ခဲ့သည့်နှစ်က ကျွန်တော်တို့ ရောက်သွားသည့် အခိုက်အတန့် မှာတော့ ဒေသခံတွေ၏ မျက်နှာ တွေမှာ ပူဆွေးမှုတွေ၊ ကြောက်ရွံ့ မှုတွေ၊ တုန်လှုပ်မှုတွေ၊ ဆောက် တည်ရာမဲ့သဏ္ဌာန်တွေ၊ မျက် ရည်စတွေက မဖုံးနိုင်၊ မဖိနိုင်ဖြစ် နေခဲ့ကြလေသည်။

(၂)

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀၊ ၁၁ ရက်နေ့တွေမှာ အငြိုး တကြီးရွာချခဲ့သောမိုးက မော်ချီး ကို မိုးရေတွေရော၊ မျက်ရည်တွေ ပါ ဖုံးလွှမ်းစေခဲ့ခြင်းဖြစ်သည်။ မိုး နှင့်အတူ တောင်ပေါ်၊ တောင် စောင်း၊ တောင်ထိပ်က မြေစိုင် မြေခဲတွေ ဖွာထွက်ပြိုကျလာ လိုက်ကြတာ တကယ့်ကို ငရဲပွက်သလို ဖြစ်သွားခဲ့ရသည်။

မြေဘေးဆိုမှတော့ ပြေးစရာမြေမရှိစတမ်းပေါ့။ ကိုယ်မှီ တင်းရာ၊ ကိုယ်နေထိုင်ရာ မဟာ ပထဝီမြေကြီးက ကိုယ့်ကိုပြန်ဒုက္ခ ပေးပြီဆိုမှတော့ ခါးစည်းခံ၊ ရင် စည်းခံကြရုံ။ လူနေအိမ် ၆၀ ခန့် သည် မြေပြိုဒဏ်ကြောင့် အမိုး တခြား၊ အကာတခြား၊ အခင်း တခြား တစ်စစီပြန့်ကျဲနေလျက်။ မော်ချီးတောင်ပေါ် (၁၅)ရပ်ကွက် က ၂၉ လုံးတဲ့။ ဇီးပင်ကွေ့မှ (၂၉) လုံးတဲ့။ အိမ်တွေ.. အိမ်တွေ ဒေါ သတကြီး ပြိုဆင်းလာကြသည့် မြေတွေအောက်မှာ မွမွကြေအောင်ပျက်စီးကုန်ကြတော့သည်။

‘‘ဘာကြောင့်များ ဥမင်၊ ကလိုဏ်ပေါက်၊ ဝင်္ကပါလိုဖြစ်နေ တဲ့ တောင်စောင်းတွေပေါ် ရဲရဲ ကြီးအိမ်ဆောက်ထားကြသလဲ’’ ဟု အံ့ဩတကြီးမေးမိတော့ ဒေသခံတစ်ဦး ပြန်ဖြေပုံက စုတ်သပ် ချင်စရာ။ ‘‘ဒီဒေသကို နတ်ဒေဝ တာများ စောင့်ရှောက်တယ်။ ဒုက္ခမရောက်နိုင်ဘူးလို့ အစဉ်အဆက် ယုံကြည်ခဲ့ကြတယ် ဆရာရဲ့’’တဲ့။ ငွေနောက်ကို အမောတကော လိုက်ရင်း အသိတွေအဝေးကြီး ကျန်ခဲ့ကြဟန်တူပါရဲ့ဟုသာ ဖြေ တွေးတွေးလိုက်မိရသည်။

အိမ်တွေပျက်စီးမှတော့ ထို အိမ်တွေမှာရှိနေသည့် လူတွေ လည်း ပြေးမလွတ်နိုင်တော့ပါ။ အရှင်လတ်လတ် မြေကြီးဝါးမျိုခံ လိုက်ရသူတွေ စုစုပေါင်း ၂၈ ဦး လောက်ရှိသတဲ့။ မြေကြီးထဲ ပြန် ဖော်ကြတော့ အားလုံးအသက်မဲ့ ခန္ဓာကိုယ်တွေဖြစ်သွားကြပြီ။ စိတ်ထိခိုက်စရာအကောင်းဆုံး တစ်ခုက မြေကြီးထဲ ပြန်ဖော်လို့ရ လာသည့် ရုပ်အလောင်းတွေထဲ မှာ အသက် (၃)နှစ်သားအရွယ် လူမမည်ကလေးတစ်ဦးပါဝင်နေ ခြင်း။ တစ်ကိုယ်လုံး မြေနီနီတွေ ဖုံးလို့။ ကံဆိုးလှချည်လား ကလေးရယ်.. ။

‘‘ဟိုနားက မြင်နေရတဲ့ ပြို ကျနေတဲ့ အိမ်နေရာထဲမှာ သူ.. သူရှိနေတယ် ဆရာ’’

အသက် (၃၀)ခန့် အမျိုး သမီးတစ်ဦးက တောင်အောက် တစ်နေရာကို လက်ညှိုးထိုးပြ သည်။ သူ့မျက်ဝန်းတွေက ဘယ် နှကြိမ်မြောက် ကျလာမှန်းမသိ သည့် မျက်ရည်တွေနဲ့ စိုရွှဲလို့။

‘‘အဲဒီနေ့က သူက သူ့အုံနာ ဆီမှာ လုပ်အားခသွားထုတ်တာ။ မြေပြိုတော့ သူအပါအဝင် လူငါး ယောက်ပါသွားတယ်။ အုံနာက တော့ အသက်ရှင်တယ်။ ကျွန်မ ယောက်ျားကို အခုထိ ဖော်လို့မရ သေးဘူး။ ဖြစ်ခါစကတော့ သွား ဖော်ကြသေးတယ်။ ဒါပေမဲ့ ကူညီ မယ့်သူ အလုံအလောက်မရလို့ မဖော်နိုင်ဘူးတဲ့လေ’’

သူ့အသံ ဆက်မထွက်လာတော့။ ခံစားရဆိုးလွန်းလှပါသည်။လေအဝှေ့မှာ ရလာသည့် ပုပ်အဲ့အဲ့အနံ့တွေက မြေကျင်းထဲပိတ်မိ သေဆုံးကုန်ကြသည့် ဝိညာဉ်တွေရဲ့ ကြေကွဲမှုနိမိတ်တွေများလား။

‘‘ကျွန်တော်တို့နေတဲ့ တောင်ပေါ်က လမ်းပန်းဆက်သွယ်ရေး ဆိုးလွန်းလို့ အကူအညီပေးသူ တွေ မလာနိုင်ကြဘူး။ အောက် စခန်းက ခွဲပေးသလောက်ပဲရ တာ။ လူကိုယ်တိုင် ကိုယ်ထိလက် ရောက်လာလှူတာ ဆရာတို့အဖွဲ့ ပဲရှိသေးတယ်’’

တောင်ပေါ်လမ်းကို ဆိုင် ကယ်နောက်က ဘုရားတပြီး လိုက်သွားရကျိုးနပ်သွားစေသည့် စကား။

နိုင်ငံ့သယံဇာတတွေ အများ ဆုံးထုတ်ပေးနေသည့်၊ နိုင်ငံ့ဘဏ္ဍာတွေ အများကြီးရှာပေးနေသည့် မော်ချီး။ ဆက်သွယ်ရေးကျတော့ ခက်ခဲလိုက်တာလွန်ရော။ ဖုန်း မမိ၊ အင်တာနက်မရှိ။ (ဒီနှစ်ပိုင်း တော့ ရှိလာပြီလား မပြောတတ်) ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းမရှိ။ ဒေသခံတွေ ကို အသိအမြင်တိုးပွားစေမည့် စာကြည့်တိုက်ကောင်းကောင်းမရှိ။ ရှိသည်ထားဦး။ ဒီကလူတွေ စာ ကြည့်တိုက်ထဲလာဖို့ အချိန်ပေး နိုင်မည်မထင်။ ခဲကျင်းတွေမှာ ခဲ လိုက်ကောက်သည့် (၁၃)နှစ်သား လေးကတောင် တစ်ရက်နှစ် သောင်း၊ သုံးသောင်းလောက်ရ နေသည်ဆိုမှတော့ စာသင် ကျောင်းတွေမှာ ကျောင်းသားတွေ အလျော့လျော့အနည်းနည်း ဖြစ်နေတာ မဆန်းလှတော့။ တစ်ခုတည်းသော အထက်တန်းကျောင်းကြီး၏ ၂၀၁၄-၁၅ ဆယ်တန်းအောင်ချက် ရာခိုင်နှုန်းက သုညရာခိုင်နှုန်းပါတဲ့။

သည်ဒေသကို ငွေရဖို့ တစ် ခုတည်းကလွဲလို့ သည်လိုအဖြစ် မျိုးရောက်အောင် လုပ်ခဲ့ကြသည့် တရားခံတွေက ဘယ်သူပါလိမ့်။ သက်ပြင်းမောသာ အခါခါထပ်ချ ရပါသည်။

(၃)

‘‘ဘုံပျောက်လာသည့် မော် ချီးဒေသခံများ’’ဟု အမည်ပေး ထားသော မိုလိုအမျိုးသမီးသတ္တု တွင်းစောင့်ကြည့်ရေးကွန်ရက် အစီရင်ခံစာတွင် ခဲမဖြူသတ္တုတူး ဖော်မှု စီမံကိန်းကြောင့် ဘိုးဘွားပိုင်မြေဆုံးရှုံးမှုတွေ ဖြစ်လာရကြောင်း၊ ဧက ၃၀၀လောက်ကျယ်ဝန်းသည့် သတ္တုတွင်းလုပ်ငန်းများ ကြောင့် အနီးတစ်ဝိုက် အောက် ရွာ၊ လိုခါးလို၊ ၁၃ ကုန်း စသည့်ရွာ ကိုးရွာအောက်တွင် လိုဏ်ခေါင်း ပုံဖြစ်လာရကြောင်း၊ ခဲကျင်းများ မှာ မိုင်းခွဲချိန်၌ အိမ်တွေတုန်ခါကာ အိမ်ပြိုကျမှုများဖြစ်နိုင် ကြောင်း သိပ်မကြာသေးမီ နှစ်ပိုင်းအတွင်းကပင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ခဲသတ္တုတူးဖော်မှုလုပ်ကွက် ၂၆၄ ကွက်ခန့်ရှိရာ လုပ်ကွက်တစ် ကွက်လျှင် ခဲမဖြူ ၁၅၀ ပိဿာခန့် ထွက်သည်ဟု ဆိုပါသည်။ ခဲကျင်းထဲက ထွက်လာသည့် မြေစာ၊ အသုံးမလိုတော့သည့် မြေခဲများ ကို တောင်စောင်းကနေ ချောင်းထဲ၊ မြောင်းထဲလှမ်းပြီး စွန့်ပစ်လေ့ရှိရာ ချောင်းရေတွေ ညစ်ညမ်းပြီး သောက်သုံးရေ ပြဿနာနှင့်ပါ ရင်ဆိုင်လာရတော့သည်။ ချောင်း အောက်ပိုင်းနေထိုင်သည့် ကျေးရွာတွေက ရေကို လုံးဝသောက် သုံး၍ မရတော့ပါ။ သတ္တုထုတ်လုပ်မှု စွန့်ပစ်ပစ္စည်းတွေကြောင့် လည်း အဆုတ်နှင့် ကျီးပေါင်းရောဂါများအဖြစ် များလာကြပြန် သည်ဆိုပါသည်။ ခဲလုပ်သားများ ဘဝလုံခြုံမှု အားနည်းတာ၊ သစ်တောပြုန်းတီးတာ စသည်တို့ ကြောင့် မော်ချီးတွင် သတ္တုတွင်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း ရပ်တန့်ပေးရန် အဆိုပါကွန်ရက် က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်.. ဟုတ်သည်။ သို့ သော်.. ဝိသမလောဘသားတွေ၊ ခရိုနီ၊ ခရိုနက်တွေ၊ အထက်ဖား အောက်ဖိ အာဏာပိုင်တွေ ကြီး စိုးသည့် မြန်မာ့စနစ်အတိုင်း မိုလို ကွန်ရက်၏ အစီရင်ခံစာက အ မှိုက်ပုံးထဲ ရောက်သွားခဲ့ရဟန်တူ ပါသည်။ ဘုံမကလို့ ဘာပဲပျောက် ပျောက်၊ ဘယ်သူသေသေ ငတေ မာပြီးရောဆိုသည့် လုပ်ခင်း၊ လုပ် ကွက်တွေထဲမှာ တကယ်တမ်း စတေးခံလိုက်ရသူတွေကတော့ ဝမ်းရေးနောက်လိုက်ကြရရှာ သည့် ဒေသခံအလုပ်သမားတွေပဲ ဖြစ်ပါသည်။

 တစ်ရက်နှစ်သောင်းဆို လည်းဟုတ်၊ သုံးသောင်းဆိုလည်း ဟုတ်မို့ သယံဇာတကျိန် စာသင့်ခြင်းကို မေ့လျော့နေခဲ့ကြသော ခဲကျင်းလုပ်သားတွေမှာ အခုတော့ခဲကျင်းတွေထဲမှာပင် ပိတ်မိလို့။ မြေမြုပ်သင်္ဂြိုဟ်ပြီးသားဖြစ်လို့။ ကျန်ရစ်သူတွေ မျက်ရည်သီသီဝေ့လို့။

မျှော်လင့်ချက်တွေ ကင်းမဲ့လို့။ နေစရာ၊ စားစရာ၊ ဝတ်စရာ အခက်ကြီးခက်တော့မှ သဘာဝတရားကြီးကို သတိထားမိကြလေတော့သည်။

ခလုတ်ထိမှ အမိတသည်ဟု မဆိုချင်ပါလေတော့။

ကျွန်တော့်သဘောကတော့ ရေနံတွင်းကြီးရှိနေလို့ ဒီအတိုင်းပဲ အလှထားတာမျိုး၊ ခဲ၊ သတ္တုတွင်း တွေကို ဘာမှမတူးမဖော်ဘဲ အလှကြည့်နေတာမျိုးကိုလည်း သဘောကျလှသည်မဟုတ်ပါ။ နိုင်ငံ့သယံဇာတဆိုသည်မှာ နိုင်ငံ အတွက် အကျိုးရှိအောင် တူးကြ၊ ဖော်ကြ၊ ရောင်းကြ၊ ဝယ်ကြရ စမြဲပင် ဖြစ်ပါသည်။ သို့သော် ဒေသခံပြည်သူလူထုအတွက် တကယ်အကျိုးဖြစ်ထွန်းစေမည့်၊ လုံခြုံမှုအပြည့်အဝရရှိစေမည့်၊ သဘာဝဂေဟစနစ်ကို မပျက်စီး စေမည့်၊ ပတ်ဝန်းကျင်မပျက်သုဉ်း စေမည့် လုပ်ခင်း၊ လုပ်ကွက်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီ ကြီးတွေ ဖြစ်လာဖို့က အဓိကကျ လှပါသည်။

ကုန်ကြမ်းကို သည်အတိုင်း ဈေးပေါပေါနှင့် ရောင်းနေခြင်းမျိုး မဟုတ်ဘဲ ကုန်ကြမ်းလည်း ကိုယ့် ဆီက၊ ကုန်ချောလည်း ကိုယ့်ဆီ က တူးကြ၊ ဖော်ကြ၊ ထုတ်ကြ၊ လုပ်ကြ၊ ရောင်းကြ၊ ဝယ်ကြဆို လျှင် ဘယ်လောက်ကောင်းပါ လိမ့်မလဲ။ အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေဆိုတာ ကိုယ့်ဒေသခံတွေအတွက် ရရှိသည့် အကျိုးအမြတ်တွေက ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် စသည်.. စသည်ဖြင့် အကောင်အထည် ဖော်ဆောင်ပေးနိုင်မည့် စနစ် ကောင်းရှိရေးကလည်း အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

ပုံပြင်ထဲမှာတော့ တစ်နေ့ ရွှေဥတစ်လုံး မှန်မှန်ဥပေးနေ သော ငန်းကို မတင်းတိမ်နိုင်သည့် ငန်းရှင်က ငန်းဗိုက်ကိုခွဲကာ ရွှေဥ တွေရှာခဲ့သည်။ သို့သော် ရွှေဥ လည်းမတွေ့၊ ငန်းလည်းရှုံး။ အလိုကြီး အရနည်းဖြစ်ခဲ့ရသည်။ နှစ် ပေါင်းတစ်ရာနီးနီး တူးဖော်ထုတ် လုပ်လာသော မော်ချီးဒေသရှိ ခဲသတ္တုကျင်းတွေကိုလည်း ငန်း ရှင်နှင့်တူသည့်သူတွေက ငန်းဗိုက် ခွဲသလို အပြိုင်းအရိုင်းထုတ်ယူ လာကြလေသောအခါ ယခုတော့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းရ၊ လူတွေလည်း အတိဒုက္ခရောက် ကြနှင့် ဘဝတွေ ဖရိုဖရဲပြိုကွဲကြ ရတော့သည်။

ယခုရက်ပိုင်း သတင်းစာ မျက်နှာများတွင် မော်ချီးဒေသ ပြန်လည်ထူထောင်ရေးအတွက် အစိုးရနှင့် ဒေသခံများ ဆွေးနွေးနေကြ သည့် သတင်းတွေကို ခပ်စိပ်စိပ်ဖတ်လာရသောအခါ ကျွန်တော်သည် အလိုကြီးအရနည်းသည့် ပုံပြင်ကိုသာ သတိရနေမိပါသည်။ ကျွန်တော် ထင်ပါသည်။ ပုံပြင်ထဲက ငန်းကို သတ်လိုက်သော ငန်းရှင်ကတော့ အနည်းဆုံး ငန်းသားလောက်တော့ စားရပါဦးမည်။ မော်ချီးဒေသခံတွေက တော့ ငန်းရိုးကိုက်ရရုံလောက်သာ..


No comments: