Tuesday, July 5, 2016

ပဲခူးရိုးမ သစ်ထုတ်လုပ်မှု ဆယ်နှစ်ခန့် ရပ်ဆိုင်းမည်

ပဲခူးရိုးမ တစ်နေရာတွင် ဆင်စခန်းမှ ဆင်တစ်ကောင်နှင့် ဝန်ထမ်းတစ်ဦးတို့ သွားလာနေသည်ကို ၂၀၁၅ နှစ်လယ်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ − BRICE)

မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု အများ ဆုံးဖြစ်ပေါ်နေသည့် ပဲခူးရိုးမ၏ သစ်ထုတ်လုပ်မှုကို ဆယ်နှစ်ခန့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယခုဘဏ္ဍာရေးနှစ် (၂၀၁၆-၁၇) တွင် သစ်ထုတ်လုပ်မှုကို တစ်နှစ်ခန့်ရပ်ဆိုင်းထားပြီး လာမည့်နှစ် (၂၀၁၇- ၁၈) တွင် ပြန်လည်ထုတ်မည်ဖြစ်သည်။

လုပ်ကွက်စာရင်းတွင် အခြားတောများသာပါဝင်ပြီး ပဲခူးရိုးမရှိသစ်တောများကို ထည့်သွင်းထားခြင်းမရှိ ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက အတည်ပြုပြောသည်။

‘‘ဒီနှစ်တွေရော နောက်နှစ်တွေပါ ပဲခူးရိုးမက သစ်မထုတ်လုပ်တော့ပါဘူး။ ပဲခူးရိုးမ သစ်ထုတ်တာ ၁၀ နှစ်နားဖို့ အတည်ဖြစ်ပြီးသွားပါပြီ။ ဝန်ကြီးက အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ လွှတ်တော်မှာ တစ်နိုင်ငံလုံးသစ်ထုတ်တာရပ်ဖို့ရယ်၊ ပဲခူးရိုးမ သစ်ထုတ်တာ ၁၀နှစ်ရပ်ဖို့ရယ် တင်ခဲ့ပါတယ်။ လောလောဆယ် သစ် တောက ရေးဆွဲထားတဲ့ ထုတ်လုပ်မယ့်စာရင်းမှာလည်း ပဲခူးရိုးမမပါတော့ဘူး’’ဟု ၎င်းက ပြောသည်။

ပဲခူးရိုးမ သစ်ထုတ်လုပ်မှုသည် လုံးဝရပ်ဆိုင်း ရမည့်အခြေအနေသို့ ရောက်ရှိနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက မေလ ဒုတိယပတ်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ပဲခူးရိုးမတွင် သစ်ထုတ်လုပ် မှု ဆယ်နှစ်ခန့် ရပ်နားမည့်အစီ အစဉ်နှင့် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်မှု တစ်နှစ်ခန့်ရပ်နားမည့်အစီအစဉ်ကို လွှတ်တော်နှင့် အစိုးရအဖွဲ့ထံ တင်ပြနေဆဲဖြစ်၍ အတည်ပြုချက် မကျသေးသော်လည်း ဝန်ကြီးဌာနက သစ်ထုတ်လုပ်မှုများကို ယခုနှစ် သစ်ထုတ်ရာသီတွင် ရပ်နားထားကြောင်း သတင်းရရှိသည်။

‘‘သစ်ထုတ်လုပ်မှု ရပ်တာပဲ ဖြစ်ဖြစ်၊ လျှော့ထုတ်လုပ်တာပဲ ဖြစ်ဖြစ် ပဲခူးရိုးမကိုတော့ ကျွန်း ရော၊ သစ်မာရော လုံးဝရပ်ဆိုင်း မှ ရပါတော့မယ်’’ ဟု သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ကျော်လွင်က မေလတွင် ပြောကြားခဲ့သည်။

ပဲခူးရိုးမသည် မြန်မာနိုင်ငံ တွင် ကျွန်းသစ်အများဆုံး ပေါက် ရောက်ရာ ဒေသဖြစ်ပြီး ကမ္ဘာ၌ လူကြိုက်များ နာမည်ကျော် သစ်အဖြစ် လူသိများသည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဗြိတိသျှအစိုးရက ရေတပ်သင်္ဘောများအတွက် လိုအပ်သောသစ်များကို ပဲခူးရိုးမမှ ထုတ်လုပ်ခဲ့သည်။

ပဲခူးရိုးမသည် ဗြိတိသျှနယ် ချဲ့အစိုးရအတွက် ရေတပ်သင်္ဘော များ တည်ဆောက်ရာတွင် လို အပ်သော ကျွန်းသစ်ထုတ်လုပ်မှုအတွက် မဟာဗျူဟာမြောက် အရေးပါသော ဒေသဖြစ်ခဲ့၍  ကျွန်းသစ်ထုတ်လုပ်မှုကို အနှစ်သုံး ဆယ်လျှင် တစ်ကြိမ် ထုတ်လုပ်သည့်စနစ် သတ်မှတ်ခဲ့သည်။

စစ်အုပ်ချုပ်ရေးကာလအတွင်းတိုင်းပြည်၏ စီးပွားရေးသည် သစ်ထုတ်လုပ်မှုနှင့် အခြားသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းကို အခြေခံခဲ့ခြင်းကြောင့် အနှစ်သုံးဆယ်တစ်ကြိမ် ထုတ်လုပ်သည့်စနစ်မှာ ပျက်ပြယ်ခဲ့ရသည်။

         ပဲခူးရိုးမဧရိယာသည် တောင်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ နေပြည်တော်အထိ ကျယ်ပြန့်သည်။ ယခင်က ကျွန်းသစ်ထုတ်လုပ်မှုတွင် နာမည်ကျော်ခဲ့သော ပဲခူးရိုးမ၏ ကျွန်းသစ်ပေါက်ရောက်မှုနှုန်းသည်လည်း ကျဆင်းလျက်ရှိသည်။

ယခင်က ပဲခူးရိုးမတွင် သစ်ပင်တစ်ရာလျှင် ကျွန်းပင် ၁၂ ပင်အထက် ပေါက်ရောက်သော် လည်း နှစ်ပေါင်းများစွာ သစ် ထုတ်လုပ်မှုများနှင့် တရားမဝင် သစ်ခိုးထုတ်မှုများ ရှိလာခဲ့သဖြင့် ပဲခူးရိုးမတောကြီး၏ ကျွန်းသစ် ပေါက်ရောက်မှုနှုန်းသည် တဖြည်းဖြည်း ကျဆင်းလာရာ ယခုအခါ သစ်ပင်တစ်ရာလျှင် ရှစ်ပင်အောက်သာ တွေ့ရှိရတော့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

No comments: