ဖတ်ကြည့်ပါ
“ရေမြှုပ်ဗုံး ဇာတ်လမ်း”
------------------------
တကယ့်ဖြစ်ရပ်မှန် သမိုင်းစာမျက်နှာထဲမှ လုပ်ကြံဖန်တီးထားသည့် သမိုင်းဖြစ်ရပ်လေးများကို ဖတ်ရလျှင် “ဆွမ်းဆန်ထဲ ကြွက်ချေးရော”ဆိုသကဲ့သို့ အရသာ ပျက်သွားတော့၏။
ထိုသမိုင်းဖြစ်စဉ်ကား “ရေမြှုပ်ဗုံးဇာတ်သိမ်းခန်း”ပင် ဖြစ်၏။ တွေးကြည့်လေ အဓိပ္ပါယ်မရှိလေပင်တည်း။ ဥာဏ်ဖြင့် စေ့ငု ဖတ်ရှုကြည့်ပါဦးလော။
“မင်းတုန်းမင်းကြီးလက်ထက်မှာ ကနောင်မင်းသားကြီးက အောင်ပင်လယ်ကန်မှာ ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲတယ်။ အဲဒီ ပေါက်ကွဲသံကြီးကို နန်းတော်မှာ ဆွမ်းစားနေတဲ့ သာသနာပိုင်ဆရာတော်က ကြားသွားတယ်။
ကြားရတော့ မင်းတုန်းမင်းကို ဘာသံလဲဆိုပြီးမေးတယ်။ မင်းတုန်းမင်းကြီးက ရေမြှုပ်ဗုံးထုတ်လုပ်နေကြောင်း လျှောက်ထားလိုက်တယ်”။
“ဒီတော့ သာသနာပိုင်ဆရာတော်က သတ္တဝါတွေကို သေကြေပျက်စီးစေတဲ့ လက်နက်ကို ဘာ့ကြောင့်လုပ်ရတာလဲ၊ သူတစ်ပါး နှိပ်စက်တာတွေ သတ်ဖြတ်တာတွေဟာ မလုပ်သင့်တဲ့အလုပ်တွေပဲ၊ ဒါကြောင့် လက်နက်ကို ဆက်လက်ပြီး မလုပ်ပါနဲ့လို့ တားမြစ် လိုက်တယ်။”
“သာသနာပိုင်ဆရာတော်၏ အမိန့်ကြောင့် မင်းတုန်းမင်းက ကနောင်မင်သားကို လက်နက် မထုတ်လုပ်ဖို့ရန် အမိန့်ပေးလိုက် တယ်။ ဒါကြောင့် ရေမြှုပ်ဗုံးဟာ အဲဒီမှာတင် ဇာတ်သိမ်းသွားတယ်။ အဲဒီလို ဇာတ်သိမ်းသွားသည့်အတွက် အင်္ဂလိပ်များ မြန်မာပြည် သိမ်းပိုက်သောအခါ အင်္ဂလိပ်ကို ပြန်လည်ခုခံ နိုင်စွမ်း မရှိတော့ပါ။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကျွန် ဖြစ်ခဲ့ရတယ်။ တရားခံကား ဆရာတော်သံဃာတော်တွေပဲ ဖြစ်ပါတယ်”တဲ့။
ဤကား သံဃာတော်အရှင်မြတ်များကို စော်ကားချင်သည့် သူက တမင်ဖန်တီးထားသည့် “လုပ်ကြံဇာတ်လမ်း”သာ ဖြစ်ပါသည်။
ထိုဖြစ်ရပ်ကို “မုသားမပါ သမိုင်းမသွက်”လို့ ခံယူချက်ရှိသည့် လူတစ်စုကလည်း ဆက်လက် ရေးသားကြပြန်၏။ ထိုကြောင့် “ရေမြှုပ်ဗုံးဇာတ်လမ်း”သည် မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာမှာ “ဖြစ်ရပ်မှန်”ကဲ့သို့ နေရာရလာခြင်း ဖြစ်ပေသည်။
“ဝေဖန်ဆန်းစစ်ခြင်း”
************************
၁။ မိမိသည် ထို“လုပ်ကြံဇာတ်လမ်း”ကို တစ်ခုချင်း သုံးသပ်ကြည့်၏။ ထိုဖြစ်ရပ်၌ “သာသနာပိုင် ဆရာတော်”သည် “ဘယ်ကျောင်းတိုက်က ဖြစ်သည်၊ ဘယ်မှာ သီတင်းသုံးသည်၊ ဘွဲ့တော်က ဘယ်လိုခေါ်သည်”စသည်ဖြင့် တိတိကျကျ မပါရှိပါ။ ထို့ကြောင့် သမိုင်းအထောက်အထား ခိုင်မာမှု မရှိသည့်ဖြစ်ရပ်ဟု ပြောရမည် ဖြစ်ပေသည်။
“သမိုင်းသင်ယူလေ့လာခြင်းသည် မအ-အောင်လို့ပါ” ဟုပြောခဲ့သည့် သမိုင်းသုတေသီပညာရှင် ဒေါက်တာ သန်းထွန်းကလည်း ယုတ္တိမရှိသည့် သမိုင်းဖြစ်ကြောင်း ပြောခဲ့ပါသည်။ သို့ဖြစ်ရကား သာသနာပိုင်ဆရာတော်၏ အမိန့်အရ မင်းတုန်းမင်းကြီးက “ရေမြှုပ်ဗုံး”ကို ပိတ်ပင်ခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။
၂။ အကယ်၍ သာသနာပိုင်ဆရာတော်ပြောသည့်အတိုင်း မင်းတုန်းမင်းက ရေမြှုပ်ဗုံးကို ပိတ်ပင်သည်ဆိုလျှင် လက်နက်မှန်သမျှဟာ သတ္တ၀ါတွေကို သေကြေစေနိုင်သည့်အတွက် မည်သူ့ကိုမျှ လက်နက်ကိုင်ခွင့် ပေးတော့မည် မဟုတ်ပေ။
လက်နက်ကိုင်ခွင့်မရှိလျှင် ကာကွယ်ရေးတပ်ဆိုသည်မှာလည်း ရှိတော့မည် မဟုတ်တော့ပေ။ ကာကွယ်ရေးတပ် မရှိလျှင် မြန်မာနိုင်ငံသည် မင်းတုန်းမင်းလက်ထက်ကတည်းက အင်္ဂလိပ်လက်အောက်မှာ ကျွန်သပေါက် ဖြစ်သွားပေတော့မည်။
လက်နက်အင်အားတောင့်တင်းမှ တိုင်းပြည်ကို ကာကွယ်နိုင်မည်ဆိုသည်မှာ ဘုရင်တိုင်း သိ၏။ မင်းတုန်းမင်းကြီးသည် အမြော်အမြင်ရှိသည့် ဘုရင်ဖြစ်သောကြောင့် တိုင်းပြည်ကာကွယ်ဖို့အတွက် ဖြစ်ရကား မည်သည့်လက်နက်မျိုးပဲ ထုတ်လုတ် ထုတ်လုပ် ပိတ်ပင်တားဆီးမည် မဟုတ်ပေ။ ထို့ကြောင့် မင်းတုန်းမင်းက “ရေမြှုပ်ဗုံး”ကို ပိတ်ပင်ခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။
၃။ မင်းတုန်မင်းကြီးလက်ထက်တွင် မန္တလေးနေပြည်တော်ကြီး၌ တည်ဆောက်ခဲ့သည့် စက်ရုံတို့တွင် လက်နက်ထုတ်လုပ် သည့် စက်ရုံက အများဆုံး ဖြစ်၏။
အိမ်ရှေ့မင်းသားကြီး ကနောင်သည် တိုင်းချစ်ပြည်ချစ် ဝံသာနုမင်းသားကြီး ဖြစ်သောကြောင့် အင်္ဂလိပ်က သိမ်းပိုက်ထားသည့် မြန်မာပြည်အောက်ပိုင်းကို ပြန်လည် သိမ်းပိုက်ဖို့ စိတ်ကူး ရှိ၏။ ထိုသို့သိမ်းပိုက်နိုင်ဖို့ အတွက် လက်နက်များ လိုအပ်နေသောကြောင့် လက်နက်စက်ရုံများကို ဦးစားပေး ဆောက်လုပ်ခြင်း ဖြစ်သည်။
မင်းတုန်းမင်းကြီးက ထိုလက်နက်စက်ရုံများကို ဘာ့ကြောင့် ခွင့်ပြုသနည်း။ လက်နက်မှန်သမျှ သတ္တ၀ါတွေကို သေကြေ ပျက်စီးစေနိုင်သည် မဟုတ်ပါလော။ လက်နက်စက်ရုံများကိုတောင် ခွင့်ပြုလျှင် ရေမြှုပ်ဗုံးကိုလည်း ခွင့်မပြုနိုင်စရာ အကြောင်း မရှိပါ။
အခုတော့ မင်းတုန်းမင်းတရားက “သတ္တ၀ါတွေကို သေကြေပျက်စီးစေလိုသောကြောင့် ရေမြှုပ်ဗုံးကို ခွင့်မပြု”တဲ့။ ထိုအမိန့်သည် “မုဆိုး မြား မကိုင်ရ”ဟု အမိန့်ပေးသလို ဖြစ်နေပေတော့သည်။ ထို့ကြောင့် မင်းတုန်းမင်းကြီးက “ရေမြှုပ်ဗုံး” ပိတ်ပင်ခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။
၎။ စစ်ကိုင်းမြို့၏တစ်ဘက်ကမ်းမှာ ရှိသည့် ခံတပ်ကြီးကို မင်းတုန်းမင်းလက်ထက်က တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မိကျောင်းရဲမြို့အနီး၌ ဂွေ့ကျောင်းခံတပ်ကြီးကိုလည်းကောင်း၊ မင်းလှမြို့အနီး၌ မင်းလှခံတပ်ကြီးကို လည်းကောင်း မင်းတုန်းမင်းလက်ထက်မှာပင် ကနောင်မင်းသားကြီးက တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိသည် ထိုခံတပ်ကြီးများကို ရောက်ခဲ့စဉ်က ကနောင်မင်းသားကြီးကို သတိရမိ၏ ။
ကနောင်မင်းသားကြီးသည် လူငယ်လေး များကို အီတလီ ပြင်သစ်စသည့် နိုင်ငံရပ်ခြား တိုင်းတပါးသို့ ပညာတော်သင် လွှတ်၏။ နိုင်ငံခြားမှ ပြန်လာသည့် လူငယ် လေးများဖြင့် လက်နက်များကိုလည်း အမျိုးမျိုး ထုတ်လုပ်ခဲ့၏။ အင်္ဂလိပ်ကို တော်လှန်ဖို့အတွက် ကာကွယ်ရေးတပ်ကိုလည်း ခေတ်မီမီ ပြုပြင် ပြင်ဆင်ခဲ့၏။ သို့သော် ထီးနန်းလုချင်သည့် မင်းတုန်းမင်း၏ သားတော်တို့က ကနောင်မင်းသားကြီးကို လုပ်ကြံသတ်ဖြတ်လိုက်သည့် အတွက် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေမှာ ယိမ်းယိုင်ချိနဲ့သွားလေတော့သည်။
ကနောင်မင်းသားကြီးသာ လုပ်ကြံမခံရလျှင် မြန်မာနိုင်ငံသည် ကျွန်သပေါက်ဘ၀ ရောက်စရာ အကြောင်း မရှိပါ။ ထို့ကြောင့် “ကနောင် ကျဆုံးသွားလို့ မြန်မာကျဆုံးသွားတာပါ”ဟု ပြောချင်ပါတော့သည်။
ထိုခံတပ်ကြီးများကိုလည်း ကနောင်မင်းသားကြီးက နိုင်ငံခြားမှ ပညာရှင်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ယင်း ခံတပ်ကြီးများကို မင်းတုန်းမင်း ဘာ့ကြောင့် ခွင့်ပြုခဲ့သနည်း။ ခံတပ်ဆိုသည်မှာ ရန်သူများကို တိုက်ခိုက်ဖို့ပင် ဖြစ်သည် မဟုတ်ပါလော။
ခံတပ်ကြီးများတောင် တည်ဆောက်ခွင့်ပြုသည်ဆိုလျှင် ရေမြှုပ်ဗုံးကိုလည်း ခွင့်မပြုနိုင်စရာ အကြောင်း မရှိပါ။ ထို့ကြောင့် မင်းတုန်းမင်းက “ရေမြှုပ်ဗုံး” ကို ပိတ်ပင်ခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။
၅။ အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းပိုက်သော အခါ လက်နက်တိုက်များ၊ လက်နက်ထုတ်စက်ရုံများကို ၀င်ရောက် စစ်ဆေး လေသည်။ ထိုသို့စစ်ဆေးသည့်အခါ ရေမြှုပ်ဗုံးများကိုလည်း တွေ့ရှိရ၏။
အကယ်၍သာ မင်းတုန်းမင်းကြီးက ရေမြှုပ်ဗုံး ပိတ်ပင်ခဲ့သည်ဆိုလျှင် ရေမြှုပ်ဗုံးကို ဖမ်းမိစရာ မရှိပေ။ ထို့ကြောင့် မင်းတုန်းမင်းက “ရေမြှုပ်ဗုံး” ကို ပိတ်ပင်ခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။
၇။ ကမ္ဘာ၌ “စစ်ကိုမလိုလားသော ဘုရင်”သာ ရှိ၏။ “တိုင်းပြည်ကို မကာကွယ်လိုသော ဘုရင်”ဟူသည်မှာ မရှိပါ။ ထို့ကြောင့် ဘုရင်မှန်သမျှသည် တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်တပ် ထားရပါသည်။ စစ်တပ်ဆိုသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းပင် ဖြစ်၏။
လက်နက်ရှိမှလည်း တိုင်းပြည်ကို ကာကွယ်နိုင်မည် မဟုတ်ပါလော။ သို့ဖြစ်ရကား “လက်နက်ခဲယမ်း ပြည့်စုံလေ နိုင်ငံ့အင်အား ကြီးလေ၊ နိုင်ငံ့အင်အားကြီးလေ ရန်သူများ ကြောက်လေပင်တည်း”ဆိုသည်ကို ဥာဏ်ရှိသည့် ဘုရင်တိုင်း သိ၏။ ထိုကြောင့် နိုင်ငံတိုင်းက လက်နက်မျိုးစုံကို ထုတ်လုပ် စုဆောင်းကြသည်မှာ ကမ္ဘာ့အစဉ်အလာတစ်ခုပင် တည်း။
ဤအစဉ် အလာသည် ရှေးတုံးကလည်း ရှိခဲ့သည်။ အခုလည်း ရှိနေသည်။ နောင်လည်း ရှိနေဦးမည် ဖြစ်ပေသည်။ မင်းတုန်းမင်းကြီးသည် ဥာဏ်ထက်မြက်သည့် မင်းဖြစ်သောကြောင့် ထိုအစဉ်အလာကို မသိစရာ အကြောင်းမရှိ။ ထို့ကြောင့် ထိုအစဉ်အလာနှင့် ဆန့်ကျင်ပြီး “ရေမြှုပ်ဗုံး”ကို ကန့်ကွက်သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါ။ သံဃာတော်အရှင်မြတ်များကို စော်ကားချင်သည့် စိတ်ဖြင့် တမင်ဖန်တီးထားသည့် “လုပ်ကြံဇာတ်လမ်း”သာ ဖြစ်ပါသည်။
“လုပ်ကြံဇာတ်လမ်း စစ်စစ်ပါ”
ထို“ရေမြှုပ်ဗုံးဇာတ်လမ်း”သည် သံဃာတော်အရှင်မြတ်များကို စော်ကားချင်သည့် လူများအတွက် “တိုက်ကွက်တစ်ခု”လို ဖြစ်သွားတော့သည်။ ဘာသာခြား နိုင်ငံရေးသမားတစ်ယောက်က ဆိုလျှင် ထိုလုပ်ကြံဇာတ်လမ်းဖြင့် သံဃာတော်အရှင်မြတ် များကို မှိုချိုးမြှစ်ချိုး ပြောလေတော့၏။
“ဘာသာရေးသမားဟာ ဘာသာရေးပဲလုပ်၊ နိုင်ငံရေးမလုပ်နဲ့၊ နိုင်ငံရေးကိစ္စတွေမှာ သံဃာတွေ ၀င်ရှုပ်လို့ နိုင်ငံကြီး ကျွန်ဖြစ်ခဲ့တာ၊ သမိုင်းအထောက်အထားရှိပါတယ်၊ ရေမြှုပ်ဗုံးကို တားမြစ်ခဲ့တာ ဗုဒ္ဓဘာသာဘုန်းကြီးတွေပဲ မဟုတ်လား”
“ ဒီဖြစ်ရပ်က ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိုင်ငံရေးရာကိစ္စတွေမှာ ၀င်မရှုတ်ကြဖို့ သင်ခန်းစာပေးနေပါတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ ကိုယ့်ကျောင်းကိုယ် အေးအေးနေကြပါ၊ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ကြပေါ့”ဟု အာဘောင်အာရင်း သန်သန်နှင့် ဝေဖန်ပုတ်ခတ်လေတော့သည်။
ဤကား “ရေမြှုပ်ဗုံးဇာတ်လမ်း”ဖြင့် ဆရာတော်သံဃာတော်များကို ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်ပေသည်။
သမိုင်းဆိုသည်မှာ ခံစားချက်ကို ရှေ့တန်းတင်၍ မရေးရ၊ ဖြစ်ရပ်မှန်ကိုသာ အရှိကိုအရှိအတိုင်း ရေးရ၏။ ယခုတော့ သံဃာတော်များအပေါ်မှာ မလိုတမာဖြစ်နေသည့် သူက အလိုဆိုးကို ရှေ့တန်းတင်ပြီး ဤ “လုပ်ကြံဇာတ်လမ်း”ကို ပုံဖေါ်ခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ရည်ရွယ်ချက်မှာ သံဃာတော်များအပေါ်မှာ လူအများက ယုံကြည်မှု ကင်းမဲ့သွားအောင်၊ တိုင်းရေးပြည်ရာကိစ္စ တွေမှာ သုံးစားလို့ မရအောင် တမင်ဖန်တီး၍ ရေးထားခြင်းပင် ဖြစ်ပါသည်။
ထို့အပြင် သံဃာတော်အရှင်မြတ်များကို မနှစ်မြို့သည့် မိစ္ဆာဝါဒီ လူအချို့ကလည်း ထိုလုပ်ကြံဇာတ်လမ်းကို “ဖြစ်ရပ်မှန်” ကဲ့သို့ ထင်လာအောင် အဆက်ဆက် ချဲ့ကား၍ ရေးခဲ့ကြပြန်၏။ တချို့စာရေးဆရာများကလည်း ယုတ္တိရှိ/ မရှိ မစဉ်းစားဘဲ ထိုဇာတ်လမ်းကို ဆက်၍ ရေးကြပြန်၏။
ထိုသို့အဆက်ဆက် မှားခဲ့သောကြောင့် “ရေမြှုပ်ဗုံး ဇာတ်လမ်း”သည် ထင်ရှားလာခြင်း ဖြစ်ပေသည်။ “အမှားကြာတော့ အမှန်ဖြစ်”ဆိုသကဲ့သို့ ထိုလုပ်ကြံဇာတ်လမ်းသည် အချိန်ကာလ ကြာညောင်းလာသောအခါ နှောင်းခေတ်လူတို့က “တကယ့် ဖြစ်ရပ်မှန်”ကဲ့သို့ ထင်သွားကြလေတော့သည်။
အမှန်တကယ်ကား . . . “ရေမြှုပ်ဗုံးဇာတ်လမ်း”သည် ယုတ္တိမရှိသော၊ သဘာဝမကျသော၊ အထောက်အထား မခိုင်လုံသော၊ သုတေသီ သမိုင်းပညာရှင်များ လက်မခံသော၊ မလိုတမာစိတ်ဖြင့် သံဃာတော်အရှင်မြတ်များကို ချေမှုန်းထားသည့် “လုပ်ကြံ ဇာတ်လမ်းစစ်စစ်”သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
------------------------------------------------
Credit - Day Weinda Ashin
No comments:
Post a Comment