Monday, March 21, 2016
ပြည်သူက ရွေးကောက် တင်မြှောက်ပြီးသည့် နောက် .... =========
ပြည်သူက ရွေးကောက် တင်မြှောက်ပြီးသည့် နောက်  ....
============================
ကျွန်တော်  အခုတင်ပြနေတဲ့  ကိစ္စဟာ
ဥပဒေ နဲ့  မကိုက်ညီ သဘာဝမကျ ဖြစ်နေတဲ့ 
အကြောင်းချင်းရာ ကိစ္စ ဖြစ်ပါတယ် ...
အခု ဒုသမ္မတ အဖြစ် စာရင်းတင်သွင်းလာတဲ့  ဦးဟင်နရီ ဗန်ထီးယူဟာ
နိုင်ငံခြားမှာ မိသားစုနဲ့  ခြောက်နှစ်နေခဲ့ပါတယ် ။
မည်သည့်နေရာမှာ နေခဲ့ပြီး မည်သို့ သော အလုပ်အကိုင်များလုပ်ကိုင်ခဲ့တယ်ဆိုတာလဲ
ကျွန်တော်တို့ တိတိကျကျ မသိရပါဘူး ။
နှစ်အကြာကြီး နေထိုင်တာ ဖြစ်လို့ 
ပြည်ပအထောက်အပံ့  ရယူမူ ရှိမရှိလဲ ကျွန်တော်တို့ မသိရပါဘူး ။
ဦးဟင်နရီ ဗန်ထီးယူကို မေးမြန်းချိန်မှာလဲ စပျစ်ခြံမှာ အလုပ်လုပ်တယ် ။
ပြည်ပအထောက်အပံ့ မယူဘူးလို့ ပဲ ဖြေပါတယ် ။
အခြေခံဥပဒေ ပုဒ်မ ၁၂၁ (ဆ) အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ
နိုင်ငံခြားတိုင်းပြည်တစ်ခုခု ရဲ့ အစိုးရ သို့ မဟုတ်
ဘာသာရေးအဖွဲ့ အစည်း သို့ မဟုတ်
အခြားအဖွဲ့ အစည်းများမှ တိုက်ရိုက် သို့ မဟုတ် သွယ်ဝိုက်ပြီး
အထောက်အပံ့ ရယူနေတဲ့ သူ မဖြစ်ရပါဘူး ။
တစ်ခါ အခြေခံ ဥပဒေပုဒ်မ ၅၉ (င) အရ သမ္မတ ဒုသမ္မတတွေဟာ
ရွေးကောက်တင်မြှောက်ခံရတဲ့ အချိန်နဲ့ တစ်ဆက်တစ်စပ်တည်း
အနှစ် ၂၀ ပြည်တွင်းမှာ အခြေချနေထိုင်သူတွေ ဖြစ်ရပါမယ် ။
ချွင်းချက်ဖြစ်တဲ့  နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့  ဆိုတဲ့  စကားရပ်နဲ့ ပတ်သက်ပြီး
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေရေးဆွဲဖို့  အခြေခံရမယ့်မူ ၁၀၄ ချက်ကို ရေးဆွဲချိန်မှာ
အမျိုးသား ညီလာခံ အစည်းအဝေး မှတ်တမ်း အတွဲ ၃ ၊
ပထမပိုင်း နဲ့ ဒုတိယပိုင်းမှာ ပါရှိတဲ့  ဦးအောင်တိုး ၊
ဦးမားကိုးစ် ( ၀ တိုင်းရင်းသား ကိုယ်စားလှယ် ) ၊
ဦးစံလှ ( တစည ကိုယ်စားလှယ် ) ၊
ဒေါက်တာသိန်းလွင် (NLD ကိုယ်စားလှယ် ) တွေရဲ့ ဆွေးနွေးချက်တွေမှာ
နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ဆိုတဲ့  စကားနှင့် ပတ်သက်ပြီးတော့
အစိုးရက စေလွှတ်တဲ့  သင်တန်းများ ၊ တာဝန်အရသွားခြင်း ၊
စီမံကိန်းဆိုင်ရာ လုပ်ငန်းများလို့ ဖော်ပြထားခဲ့ပါတယ် ။
ဒုသမ္မတလောင်း ဦးဟင်နရီ ဗန်ထီးယူ ပြည်ပမှာ သွားရောက်နေထိုင်ခဲ့တဲ့ ကိစ္စဟာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားခဲ့တာ ဖြစ်ပါတယ် ။
ဒါကြောင့် ပုဒ်မ ၅၉ ( င ) နဲ့  ညှိစွန်းနေကြောင်း ပြောရတာ ဖြစ်ပါတယ် ။
အခု ဥက္ကဌတို့ က ညှိစွန်းမူ မရှိဘူးလို့  ပြောနေတယ်ဆိုရင် 
နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆိုတဲ့  စကားရဲ့ 
အနက် အဓိပ္ပာယ်ကို ကွဲကွဲပြားပြား ဖြစ်စေဖို့ 
အခြေခံဥပဒေ ခုံရုံးကို မေးမြန်းပြီး အဆုံးအဖြတ်ခံယူသင့်ကြောင်း တင်ပြလိုပါတယ် ။
ဒီပြောဆိုနေတဲ့  စကားတွေကတော့ ၁၅.၃.၂၀၁၆ ရက်နေ့  လွှတ်တော်အတွင်းက
တပ်မတော်သားကိုယ်စားလှယ် တစ်ဦးတို့ တစ်နာရီကြာ
အကြီးအကျယ် အငြင်းပွားခဲ့ရတဲ့  စကားလုံးတွေ ဖြစ်နိုင်ပါတယ် ။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက
NLD ပါတီက အမည်စာရင်းတင်ပြလာတဲ့ 
ဒုတိယသမ္မတလောင်း ဦးဟင်နရီ ဗန်ထီးယူကို
အခြေခံဥပဒေနဲ့  ကိုက်ညီမူ မရှိတဲ့ အတွက် ကန့် ကွက်ခဲ့တာ ဖြစ်ပါတယ် ။
စကားလုံး အဓိပ္ပာယ် ဖွင့်ဆိုမူအပေါ်
ဖွဲ့ စည်းပုံ အခြေခံဥပဒေခုံရုံးကို မေးမြန်းပြီး အဆုံးအဖြတ်ခံဖို့ ဆိုတဲ့ ကိစ္စကိုလဲ
ဒုသမ္မတ အရည်အချင်းနဲ့ ကိုက်ညီတယ်လို့ ပဲ ဆုံးဖြတ်ပြစ်ခဲ့ပါတယ် ။
ဒီလို ဆုံးဖြတ်ချက်ဟာ လူများစုက NLD ပါတီဝင်တွေ ဖြစ်နေတဲ့ 
သမ္မတရွေးချယ် စိစစ်ရေးကော်မတီ တစ်ခုအတွက် အထူးအဆန်းမဟုတ်ပေမယ့် 
ဦးဟင်နရီ ဗန်ထီးယူ ဒုတိယ သမ္မတ ဖြစ်လာတဲ့  ကိစ္စကတော့
အနည်းငယ် အံသြဖွယ် အချက်လေးတွေ ရှိနေပါသေးတယ် ။
ဦးဟင်နရီ ဗန်ထီးယူဟာ ၁၇.၆.၂၀၀၉ မှာ ပြည်ပကို ထွက်ခွာသွားတာပါ ။
၁၅.၁.၂၀၁၅ မှာတော့ Flight No. SQ 998 နဲ့ 
မြန်မာပြည်ကို ပြန်ရောက်လာပါတယ် ။
ပြန်ရောက်ပြီး မကြာခင်မှာပဲ NLD ပါတီကို ၀င်ရောက်ခဲ့ပါတယ် ။
နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ ၀င်ပြီး အခု မတ်လမှာ
ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဒုတိယ သမ္မတ တစ်ယောက်ဖြစ်ဖို့ 
အတော်ကြီး မြန်ဆန် လွယ်ကူတဲ့  အခြေအနေ အခွင့်အရေးကို ရခဲ့တယ်ဆိုတာတော့
ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ကိုယ်တိုင်ပါ
ငြင်းဆန်လို့ ရနိုင်မယ် မဟုတ်ပါဘူး ။
ဒီကိစ္စတွေရဲ့ ဇာတ်လမ်းအစကတော့ အခုလို စဖြစ်ခဲ့တာ ဖြစ်ပါတယ် ။
...........................
..................................
............................................
..................................................
ရေးသားသူ - နေရီ ( ရဲမိုး )
( ဆောင်းပါး အပြည့်အစုံကို
၂၃.၃.၂၀၁၆ ရက် ဗုဒ္ဓဟူးနေ့  ထွက်ရှိမည့်
The Myanmar Review Journal တွင်
ဆက်လက် ဖတ်ရူပါရန် )t
No comments: