Saturday, February 20, 2016

အနာဂတ်တွင် ဂွါဒီယိုလာလက်အောက်၌ကစားလိုကြောင်း ပေါ့ဘာဖွင့်ဟ

အနာဂတ်တွင် ဂွါဒီယိုလာလက်အောက်၌ကစားလိုကြောင်း ပေါ့ဘာဖွင့်ဟ ----------------------------------------------------------------- ဂျူဗင်တပ်စ်အသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါလ်ပေါ့ဘာက သူ့အနေဖြင့် အနာဂတ်ကစားသမားဘ၀ယခုထက်ပိုမိုတိုးတက်ရေးအတွက် နည်းပြဂွါဒီယိုလာလက်အောက်တွင် ကစားလိုကြောင်းဖွင့်ဟခဲ့သည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး စသည့်ဥရောပထိပ်သီးအသင်းများ၏ တန်ဖိုးကြီးပစ်မှတ်ဖြစ်သော ပေါ့ဘာသည် ကမ်းလှမ်းမှုများကိုငြင်းပယ်ကာ ဂျူဗင်တပ်စ်၌ဆက်လက်ကစားခဲ့သလို၊ ဂျူဗင်တပ်စ်အသင်းကလည်း ၄င်းတို့၏ကစားသမားကိုလုံးဝမရောင်းချခဲ့ဘဲ အသင်း၌သာဆက်ရှိစေခဲ့သည်။ သို့သော် လာမည့်ရာသီတွင် မန်စီးတီးအသင်းအား နည်းပြဂွါဒီယိုလာကိုင်တွယ်မည်ဖြစ်ပြီး မန်စီးတီးအသင်းမှာလည်းပေါ့ဘာအားခေါ်ယူရန်စိတ်အားထက်သန်လျက်ရှိရာ ယခုပေါ့ဘော၏ပြောစကားကြောင့် မန်စီးတီးအသင်းနှင့်ပေါ့ဘာ၏အပြောင်းအရွှေ့သတင်းများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဂွါဒီယိုလာနှင့်ပတ်သတ်ပြီးပေါ့ဘာက" သူဟာ အတွေ့အကြုံကောင်းတွေအများကြီးရှိပြီး တကယ်ကိုထူးချွန်တဲ့နည်းပြတစ်ဦးပါ။ သူ့မှာ ဘောလုံးနဲ့ပတ်သတ်တဲ့ ဒဿန ကောင်းတွေလည်းရှိပါတယ်။ ကစားသမားတိုင်းကလည်းလေးစားမှုအပြည့်ရှိပြီး သူ့ဆီကနေသင်ယူစရာများစွာလည်းရှိပါတယ်"ဟု Sky Sports Deutschland သို့ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့သူ ပေါ့ဘာသည် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူများထဲတွင်တစ်ဦးအပါအ၀င်ဖြစ်ပြီး ၂၀၁၅ ဖီဖာကမ္ဘာ့အကောင်းဆုံးအသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်အထိတောက်ပခဲ့သည့်ကြယ်ပွင့်ဖြစ်သည်။ ပြီးခဲ့သည့်နွေရာသီက ပေါင်သန်း(၈၀)နှင့် ကမ်းလှမ်းခံခဲ့ရဖူးသူ ပေါ့ဘာသည် မန်ယူအသင်းတွင် (၇)ပွဲသာကစားခဲ့ရပြီး လက်ရှိဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၆၃)ပွဲကစားကာ (၃၀)ဂိုးအထိသွင်းယူပေးခဲ့သည်။ ၄င်း၏အနာဂတ်နှင့်ပတ်သတ်ပြီးလည်း ပေါ့ဘာက"ကျွန်တော်ဟာလက်ရှိအချိန်အထိ ဂျူဗင်တပ်စ်ကစားသမားပါ။ ဒါပေမဲ့အနာဂတ်မှာတော့ ဂွါဒီယိုလာနဲ့အတူလက်တွဲဖို့ဆန္ဒရှိပါတယ်" ဟုဖွင့်ဟခဲ့သည်။ ပုံစာ-ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဘာ Photo: Getty Images

No comments: