Sunday, October 18, 2015

သဘာဝ အလှတရားတွေနဲ့ ထုံမွမ်းနေသည့် မိန်းမလှကျွန်းဆီသို့

သဘာဝ အလှတရားတွေနဲ့ ထုံမွမ်းနေသည့် မိန်းမလှကျွန်းဆီသို့

သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-မောင်ချစ်ကြည်
ဘိုကလေးမြစ်အတိုင်း ခုတ်မောင်းလာသော စက်လှေက ရေပြင်တွင် ရှပ်တိုက်ပြေးနေသည်။ စက်လှေအရှိန်ကြောင့် လှေဦးတွင်ရေပန်းများ တဖွားဖွား ထွက်ပေါ်လာသည်။ လေတိုက်နေသဖြင့် ရေပန်းများက မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်လွင့်စဉ်ကျလာသည်မှာ မိုးရွာ သည့်နှယ်။ ဘိုကလေးမြို့မှ နံနက် ၆ နာရီခန့်က ထွက်လာသော ကျွန်တော်တို့ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဦးတည်နေခြင်းဖြစ်သည်။
မိန်းမလှကျွန်းက ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်း တည်ရှိနေခြင်းဖြစ်ရာ ဘိုကလေးမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဘိုကလေးမြစ်၏ အရှေ့ဘက်၌ရှိပြီး ကဒုံကနိမြစ် အနောက်ဘက်တွင် ရှိသည်ဖြစ်ရာ စက်လှေဖြင့်သွားခြင်း က လျင်မြန်ပြီး အချိန်တို အတွင်း ရောက် ရှိလေသည်။ ကျွန်တော်တို့ မိန်းမလှကျွန်းသို့ ရောက်ရှိချိန် မှာ နံနက် ၇ နာရီခွဲခန့်သာရှိသေးရာ နံနက်ခင်းနေရောင်ဖြာကျ နေသည့် မိန်းမလှကျွန်းအလှကို အနီးကပ်လေ့လာခွင့် ရရှိသည်။ ဆောင်းဝင်စမို့လား မသိ ကျွန်းပေါ်တွင် အေးစိမ့်စိမ့်ဖြစ်နေဆဲ။
ကျွန်းပုံစံက အဝေးမှလှမ်းကြည့်လျှင် မိန်းမလှ တစ်ဦး၏ပုံသဏ္ဌာန်နှင့် တူသဖြင့် မိန်းမလှကျွန်းဟု ခေါ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုစိုးသိန်းက ပြုံးလျက်ပြောပြသည်။ ခရီးလမ်းက ကုန်းတစ်တန် ၊ ရေတစ်တန်လာရသော်လည်း ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်အချို့ လာရောက်လေ့လာကြသည်ဟုလည်း ဆိုသည်။ အထူးသဖြင့် တောရိုင်း တိရစ္ဆာန်များ ကို လာရောက်လေ့လာသူများနှင့် သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသူများဖြစ်ကြောင်း သိရသည်။
မိန်းမလှကျွန်းက ရန်ကုန်မြို့ အနောက်တောင်ဘက် တွင်ရှိပြီး ရန်ကုန်နှင့် ဘိုကလေးမြို့သို့ ကုန်းလမ်းနှင့် ရေလမ်းတို့ဖြင့်လည်း သွားရောက်နိုင်ပြီး ဘိုကလေးမြို့မှ မိန်းမလှကျွန်းသို့ စက်လှေဖြင့် လွယ်ကူစွာ လာရောက် နိုင်သည်။ ရန်ကုန်မှ နေ့ချင်းပြန်ခရီးသွားလာ၍ ရသည့် ခရီးစဉ်ဖြစ်ရာ နောက်ပိုင်းတွင်သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက် စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခု အဖြစ် လူကြိုက်များလာမည် မှာ သေချာသည် ဟုတွေးနေမိ သည်။ မိန်းမလှကျွန်းပေါ်သို့ ရောက်ရှိပြီးလေ့လာခဲ့သည်။ စိမ်းစိုသောသစ်ရွက်ဖားဖားဖြင့်အပင်မြင့်များက ကိုင်းချင်း ယှက်လျက်၊ အချို့နေရာများတွင် နေပြောက်မထိုးနိုင် အောင် အုပ်အုပ်ဆိုင်းဆိုင်းရှိနေသည်။
အပင်မျိုးစုံ ပေါက်ရောက်နေသည်ကိုတွေ့ရပြီး ကနစို၊ မဒမ၊ သင်ပေါင်း၊ တရော်ပင်များကိုလည်း မြင်တွေ့ရသည်။ မိန်းမလှကျွန်းပေါ်တွင် သစ်ပင် မျိုးစိတ်ပေါင်း ၂၉ မျိုးကျော် ရှိရာ အပင်ကြီး၊ အပင်ငယ်တို့အပြင် ချုံပင် ၊ နွယ်ပင်များ ကိုလည်း နေရာတိုင်း၌ လက်တစ်ကမ်းအကွာ နေရာများ တွင် မြင်တွေ့ရသည်။ စိမ်းစိုလန်းဆန်းပြီး တိတ်ဆိတ်သည့် ဝန်းကျင်တစ်ခု၊ ကမ္ဘာလေးတစ်ခုဆီ သို့ ရောက်သွားသကဲ့သို့ ခံစားနေမိသည်။
လူသွားလမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်ကာ တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်းတို့ဖြင့် လွှမ်းခြုံနေသည့် မိန်းမလှကျွန်းပေါ်တွင် လမ်းလျှောက် ရင်း သဘာဝ ပတ်ဝန်းကျင်နှင့် တောတောင်ရေမြေအလှကို ပကတိ အတိုင်း အပြည့်အဝခံစားနေမိသည်။ အချို့သစ်ပင် ပေါ်တွင် သဘာဝ အလျောက် ပေါက်ရောက်နေသော သစ်ခွရိုင်းများကို မြင်တွေ့ ရသဖြင့် အံ့သြမိသည်။ ခရမ်း ရောင်မကျတကျ၊ အဖြူရောင်နှင့်ရောစပ်ကာ သဘာဝ အတိုင်း ပေါက်ရောက်နေသော သစ်ခွများပင်။ ခူးရန် ကြိုးစားသော်လည်း လက်လှမ်းမမီသဖြင့်မရချေ။ သစ်ခွပန်းများကို ငေးကြည့်နေခိုက် ဝမ်းဗိုက်တွင် အဖြူရောင်နှင့် အမွှေးအတောင် မီးခိုးရောင်ရှိသော ငှက်တစ်အုပ်သစ်ပင်အမြင့်တွင် နားနေရာမှ ရုတ်တရက် ထပြန်သွားသည်။ ကျွန်တော်တို့၏ ခြေသံ၊ လှုပ်ရှားသံနှင့် စကားပြောသံတို့ကြောင့် ဖြစ်မည်။ မိန်းမလှကျွန်းပေါ်တွင် ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့် ကျက်စားနေ ထိုင်ကြောင်း သိရသည်။ ၁၉၈၆ ခုနှစ်မှ စတင်ကာ မိန်းမလှကျွန်းတော ရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ထူထောင်ခဲ့ ခြင်းဖြစ်ရာ ငှက်မျိုးစုံစွာလာရောက်နားခို ကျက်စားနေ ကြခြင်းလည်းဖြစ်သည်။
ချောင်းငယ်တစ်ခုပေါ်တွင် တံတားသဖွယ် ပြုလုပ် ထားသော ခုတ်လှဲထားသည့် သစ်ပင်ခြောက်ပေါ်မှ ဖြတ်သန်းရင်း ပတ်ဝန်းကျင်ကို ကြည့်မိသည်။ ခပ်လှမ်းလှမ်းရေစပ်၌ အစိမ်းပုပ်ရောင်အမွေးအတောင် များ ဖုံးလွှမ်းနေသည့် ငှက်ခြောက်ကောင်ကို တွေ့လိုက် ရသည်။ မယ်ညိုငှက်နှင့် ခပ်ဆင်ဆင်တူသော်လည်း အသေအချာကြည့်လိုက်ရာ မဟုတ်ချေ။ ခြေတံ အနည်းငယ်ရှည်သဖြင့် မည်သည့်ငှက်မျိုးဖြစ်သည်ကို ဝေခွဲမရဖြစ်ရသည်။
မိန်းမလှကျွန်းပေါ်သို့ ဆောင်းခိုငှက်များ လာရောက် နားခိုလေ့ရှိကြောင်း ၊ နှစ်စဉ်နိုဝင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် ဆောင်းခိုငှက်များကြည့်ရန် အကောင်းဆုံးကာလပင်ဖြစ်ကြောင်း ကိုစိုးသိန်းက ပြောသည်။ လေ အဝှေ့ဝယ် စွေ့စွေ့သင်းပျံ့သော တောပန်းရနံ့တို့ကို ရှူရှိုက်ရသဖြင့် အမောပြေရသည်။
ကျွန်တော်တို့လေ့လာကြည့်ရှုရင်း လျှောက်လာခဲ့ရာ မိန်းမလှကျွန်းပေါ်ရှိ '' မိကျောင်းခေါင်းပုတ်စခန်း'' ဆိုသည့် အောက်ခံအစိမ်းရောင်ပေါ်တွင် အဖြူရောင်ဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို တွေ့ရသည်။ ယင်းဆိုင်းဘုတ်နှင့် ကပ်လျက် သတိပေးဆိုင်းဘုတ် တစ်ခုစိုက်ထားသည် ကိုလည်း တွေ့မြင်ရသည်။ ဖတ် ကြည့်လိုက်ရာ '' နိုင်ငံခြားသားများကို ကူညီပါ'' ဆိုသည့် သတိပေးဆိုင်းဘုတ်စိုက်ထူထားသည်ကို တွေ့မြင်ရ သည်။
မိန်းမလှကျွန်းပေါ်တွင် နိုင်ငံခြားသားခရီးသွား အချို့ကို လှမ်းမြင်ရသဖြင့် လိုအပ်ပါက ဒေသခံများက အကူအညီပေးရန် နှိုးဆော်ထားခြင်းပင် ။ နိုင်ငံခြားသား ခရီးသွားများက တစ်ဦးချင်းလာသလို နှစ်ဦး၊ သုံးဦး လာရောက် လေ့လာကြကြောင်း သိရသည်။
သွပ်မိုး၊ ပျဉ်ကာဖြင့် အိမ်သေးသေးတစ်လုံးစာ အရွယ်အစားသာရှိသည့် မိကျောင်းခေါင်းပုတ်စခန်းက သစ်ပင်များအလယ်တွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ မိန်းမလှကျွန်းပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရေးအပြင် လိုအပ် သော အကူအညီများပေးရန် တည်ဆောက်ထား ခြင်းဖြစ်သည်ဟု ကိုစိုးသိန်းက ပြောပြသည်။ စခန်း အတွင်းမဝင်တော့ဘဲ အပြင်မှလှမ်းကြည့်ကာ ဆက်လက်ထွက်ခွာခဲ့သည်။ အတန်ကြာလျှောက်လာ ခဲ့ရာ ခပ်ဝေးဝေးမှလာသော အသံတစ်သံကြား ရသဖြင့် မေးကြည့်ရာ တောခွေးသံဟုပြောသဖြင့် မိန်းမလှ ကျွန်းပေါ် တွင် တောခွေးများလည်းရှိကြောင်း သိရသည်။ တောခွေးများက အုပ်စု ဖွဲ့နေထိုင်လေ့ရှိသော်လည်း လူများကို ရန်မူသည့်ဖြစ်ရပ်မျိုး ဤကျွန်းပေါ် တွင် မရှိကြောင်းလည်းသိရသဖြင့် စိတ်အေးရသည် ။ တော တောင်များ အတွင်း လျင်မြန်စွာ သွားလာတတ်ပြီး အန္တရာယ်ပေးတတ်သော တိရစ္ဆာန် မျိုးဖြစ်ရာ စိုးရိမ်စိတ် ဖြစ်သွားရာမှ သက်သာရ ပင့်သက်ချမိသည်။
မိန်းမလှကျွန်းက စုစုပေါင်းအကျယ်အဝန်း ၅၂ ဒသမ ၇၉ စတုရန်းမိုင် ခန့်ရှိပြီးရန်ကုန်မြို့မှ ဘိုကလေး မြို့သို့ ရေမိုင် ၉၉ မိုင်ခန့် နှင့်ဘိုကလေးမြို့မှ မိန်းမလှ ကျွန်းသို့ ၁၂ မိုင်ခန့်ရှိသည်။ သစ်ပင်မျိုးစိတ်၊ ငှက်မျိုး စိတ်၊ ငါးနှင့်ကုန်းရေနှစ်မျိုးနေ သတ္တဝါမျိုးစိတ်များ စုံလင်စွာ နေထိုင် ကျက်စားပျော်မွေ့ရာ ကျွန်းတစ်ကျွန်း လည်းဖြစ်ရာ ကျွန်တော်တို့ အတွက် လေ့လာစရာ များလှသည်။ မိုးရာသီ ဇွန်လမှ သြဂုတ်လအထိ သွားလာရေးခက်ခဲသော်လည်း ကျန်ကာလများတွင် သွားလာရ အဆင်ပြေသည်။
အကောင်းဆုံးမှာ နှစ်စဉ်မတ်လမှ မေလအတွင်း ခြောက်သွေ့ရာသီဖြစ်ရာ မိန်းမလှကျွန်းပေါ်အနှံ့ နေ့၊ ည သွားလာပြီး လေ့လာ၍ရသည်။
ကျွန်တော်တို့ ကမ်းခြေဘက်ထွက်ခဲ့သည်။
အပန်းဖြေကမ်းခြေပုံသဏ္ဌာန်မရှိသော်လည်း ငါးနှင့်ကုန်းရေ နှစ်မျိုးနေ သတ္တဝါအချို့ကို မြင်တွေ့ခွင့်ရရန် ကမ်းခြေသို့ဆင်းခဲ့ခြင်းဖြစ်သည်။ ရေနှင့် ကုန်းစပ်ကမ်းခြေတစ်နေရာ တွင် မြူးထူးဆော့ကစားနေသော သတ္တဝါနှစ်ကောင်ကို အဝေးမှလှမ်းမြင်ရသဖြင့် အသာရပ်ကြည့်လိုက်ရာ ဖျံနှစ်ကောင်ဖြစ်နေသည်။ ရေထဲဆင်းလိုက်၊ ကမ်းစပ်တက်လိုက်၊ တစ်ကောင်နှင့် တစ်ကောင် ဆော့ကစားလိုက် နှင့် လွတ်လပ် စွာ မြူး ထူးနေကြသည်မှာ အနှောင့်အယှက် ကင်းစွာရှိနေသည်။ တစ်ခဏအကြာ ကျွန်တော်တို့ လူရိပ်မြင်၍လားမသိ ရေထဲဆင်းသွားတော့ သည်။ တော်တော်နှင့်ပေါ်မလာတော့။
သစ်ပင်နှင့်ရေစပ်နေရာများတွင် ကဏန်းအချို့ကို မြင်တွေ့ရသည်။ ဝမ်းဗိုက်အဖြူ၊ ကျောခွံအညိုနှင့် ခြေလက်မများက အဖြူအညိုရောစပ်နေသော အရောင်အဆင်းရှိ ကဏန်းများဖြစ်သည်။ ကျွန်တော် အနီးကပ် လေ့လာ ကြည့်ရှုရာ အဝေးသို့မပြေးဘဲ ငြိမ်သက်ရပ်တန့်နေသည်။ မိန်းမလှကျွန်းတွင် ငါးမျိုးစိတ် ၅၉ မျိုးနှင့် ပုစွန်မျိုးစိတ် ၁၂ မျိုးခန့်ရှိကြောင်း သိရသည်။
''မိကျောင်းတွေကို လေ့လာချင်ရင် ညဘက်မှာ လှေနဲ့လေ့လာလို့ရတယ်'' ဟု ပြောရာ စိတ်ဝင်စားသွား သည်။
မိန်းမလှကျွန်းတစ်ဝိုက်တွင် ရေငန်မိကျောင်းများ နေထိုင်ကျက်စားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရေငန် မိကျောင်းအများဆုံး နေထိုင်ကျက်စား ရာ နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အချို့ခရီးသွားဧည့်သည် များက မိန်းမလှကျွန်းပေါ် ညအိပ်တည်းခိုကာ မိကျောင်းများနေထိုင် နားစက်မှုကို လှေငှားကာလေ့လာကြသည်ဟု ဆိုသည်။ လှေငှားပြီး ညဘက်မိကျောင်းများ နားခိုအိပ်စက်ရာ နေရာများသို့ သွားရောက် ကာ လေ့လာလိုစိတ်ရှိသော် လည်း အချိန်မရသဖြင့် ယင်းအစီအစဉ်ကို လက်လျှော့ခဲ့ရသည်။
ကျွန်တော်တို့ မိန်းမလှကျွန်းပေါ် ပြန်တက် ခဲ့သည်။ လှေတစ်စင်းငှားပြီး ကျွန်းပတ်လည်အချို့နေရာများကို လေ့လာရန်ကြိုးစားရာ ဒေသခံတစ်ဦးက အခမဲ့လိုက်ပို့မည်ဆိုသဖြင့် ဝမ်းသာပြီး လှေရှိရာထွက်ခွာခဲ့သည်။ မိန်းမလှကျွန်းပတ်လည်ကို ကြည့်ရှုရန်ထက် လိပ်ဥကျွန်းများရှိရာသို့ သွားလျှင် ပိုကောင်းသည်ဆိုသဖြင့် လှေဖြင့်ထွက်ခဲ့သည်။
မိန်းမလှကျွန်း တောင်ဘက် ၁ဝ ကီလိုမီတာခန့်အကွာ ကမ်းခြေသို့ရောက် ပြီး လှေပေါ်မှဆင်းကာ သဲဆန်သော မြေပြင် တစ်လျှောက် လိုက်လံလေ့ လာကြသည်။ ပင်လယ်လိပ်များ လာရောက်နေထိုင်ကျက်စားပြီး ဥကျင်း များပြုလုပ်ကာ လိပ်ဥများ ဥလေ့ရှိကြောင်း သိရသည်။
လိပ်ဥကျင်းဟောင်းနေရာများကိုတွေ့ရပြီး အရွယ်အစားမျိုးစုံသော လိပ်ဥကျင်းနေရာများက အများအားဖြင့် သုံးကျင်းအရာများသာတွေ့ရသည်။ အတန်ကြာ လှည့်လည်ကြည့်ရှုရာမှာ လိပ်ဥကျင်း တစ်ကျင်းကိုတွေ့ရသဖြင့် ကြည့်လိုက်ရာ လိပ်ဥအချို့ကိုတွေ့ရပြီး ဥကျင်းနှင့် မလှမ်းမကမ်းတွင် လိပ်တစ်ကောင်ကိုလည်းမြင်ရသည်။ အခွံမာလိပ်မျိုးဖြစ်ပြီး အရွယ်အစားမှာ ပုံမှန်အရွယ်သာဖြစ်သည်။ တွေ့ရ သော လိပ်ဥကျင်းနှင့် ဆက်စပ်မှုရှိ မရှိ သေချာစွာ မသိရှိချေ။ ခပ်လှမ်းလှမ်း တွင်လည်း လိပ်နှစ်ကောင် ဖြည်းဖြည်းချင်း ကမ်းစပ်သို့ဆင်းသက်နေသည်ကို လည်းမြင်ရသည်။ မြန်မာနိုင်ငံတွင် လိပ်မျိုးစိတ်ငါးမျိုးခန့်ရှိပြီး ၁၉၈၆ ခုနှစ်ကစတင်၍ ပင်လယ်လိပ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ၁၉၆၃ ခုနှစ်ကပင် သမီးလှကျွန်းတို့၌ ပင်လယ်လိပ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောပြသည်။
အတန်ကြာ လေ့လာကြည့်ရှုပြီးနောက် လှေဖြင့် မိန်းမလှကျွန်းဘက် သို့ ပြန်ထွက်ခဲ့သည်။ မိန်းမလှ ကျွန်းတွင် ချောင်းငယ်များ လည်းဖြတ်သန်း စီးဆင်းနေရာ ဒီရေအတက်အကျကြောင့် ရွှံ့နွံ့များဖြစ်ပေါ်နေသည် ကို လည်းတွေ့ရသည်။ ကျွန်းပေါ်ပြန်တက်ရာ ကမ်းစပ်တွင် လမုပင် များပေါက်ရောက်နေပြီး သဘာဝဘေးဒဏ် ကို ကာ ကွယ်ပေးနေသော အပင်များဖြစ်၍ ပိုမို တိုးပွားအောင် ပြုစုပျိုးထောင် သင့်ကြောင်း တွေးမိသည်။
မိန်းမလှကျွန်းပေါ်ပြန်တက်ပြီး စက်လှေရှိရာသို့ဆက်လက်ထွက်ခဲ့သည်။ စက်လှေပေါ်ရောက်ပြီး မိန်းမလှ ကျွန်းမှ ထွက်ခွာခဲ့ရာ စက်လှေသံကြောင့် သစ်ပင်များပေါ်မှ ငှက်တချို့လန့်ပြီး ထပြန်သွားသည်ကိုတွေ့ရသည်။ တဖြည်းဖြည်းဝေးကွာ ကျန်ရစ်ခဲ့သော မိန်းမလှကျွန်းက အလည် လာရောက် ဦးမည့် ခရီးသွားဧည့်သည်များကို ငံ့လင့်နေဆဲ။ ။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: