ရှေးဟောင်းဂူများရှိရာ ဓနုတို့ဌာနေ ရွာငံမြေသို့
ရွာငံမြို့ကိုရောက်တော့ နံနက် ၈ နာရီ တစ်ကြိမ်မျှမရောက်ဖူးသော ရွာငံမြို့က ကျွန်တော်နှင့်စိမ်းနေသည်။
ဓနုတိုင်းရင်းသားအများစုနေထိုင်သည့်မြို့ဖြစ်ပြီး နေအိမ်နှင့် လမ်းများကြောင့် နေချင် စဖွယ်အဖြစ် မြင်တွေ့ရသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့သစ်မြို့ဖြစ်သော်လည်း ရာသီဥတုပြောင်းလဲ မှုကြောင့် လားမသိ။ နံနက်ပိုင်းမှာပင် အိုက်စပ် စပ်ဖြစ်နေသည်။ ရွာငံမြို့တွင် အနားမယူတော့ဘဲ ပြဒါးလင်းဂူသို့ ဆက်လက်ထွက်ခွာခဲ့သည်။
မိုးမရွာ၊ လေမတိုက်သဖြင့် နံနက်ခင်းနေရောင်ခြည်ဖျော့ဖျော့ကို ထိတွေ့ခံစား ရင်းခရီးသွားရသည်မှာ စိတ်လက်ပေါ့ပါးနေသည်က အမှန်ပင်။
ရွာငံမြို့အနောက် ဘက်ထွက်လိုက်သည်နှင့် လယ် ကွင်းများ၊ ရှမ်းတောင် တန်း၊ တောင်စွယ်များကို လှမ်းမြင် ရသည်။ မြူခိုး များဝေနေသော တောင် တန်းများ၊ တောင် များက စိမ်းညို့နေသောအရောင်ဖြင့် တည်ငြိမ်စွာသဘာဝ အလှတရားကို ဖြည့်ဆည်းပေးလျက်ရှိသည်။ တောင် တန်းတောင် စွယ်များပေါ်တွင် စေတီငယ်ဖြူ ဖြူ အချို့ကို မြင်တွေ့ဖူးမြော်ရ သည်။ မြန်မာ လူမျိုးတို့က တောင်များ၊ တောင်တန်းနှင့် တောင်စွယ်များပေါ်တွင် စေတီများတည် ထားကိုးကွယ်လေ့ရှိကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီကာ ရှိခဲ့ပြီ။
လမ်းခရီးတစ်လျှောက် လယ်ယာလုပ်ငန်း လုပ်ကိုင်နေ သော ဒေသခံ ဓနုတိုင်းရင်းသားအချို့ကို မြင်တွေ့ရသည်။ အချို့လယ်ကွက်များက ရိတ်သိမ်းပြီးဖြစ်သလို အချို့က တောင်ယာလုပ်ငန်းခွင်ဝင်နေသူများကို လှမ်းမြင်နေရ သည်။ နယ်မြေအေးချမ်းမှုရှိသည်ဖြစ်ရာ ဒေသခံတို့၏ သွားလာလှုပ်ရှားမှုများနှင့် လုပ်ငန်းခွင်ဝင်ရောက်မှု များမှာ အေးအေး ချမ်းချမ်းရှိလှသည်ကို တွေ့ရသည်။
ရွာငံမြို့နှင့် ရွာငံမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ရှိသဖြင့် ဒေသခံတိုင်းရင်းသား များက မိရိုးဖလာလုပ်ငန်းများ လုပ်ကိုင်ရင်း အေးချမ်းစွာ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြသူများဖြစ်သည်။ ရွာငံမြို့မှ အနောက်ဘက် ၁၄ မိုင်ခန့်အကွာအထိ ဆိုင်ကယ်ဖြင့် လာခဲ့ရာ မိနစ် ၃ဝခန့်တွင် ပြဒါးလင်းတောင်သို့ ရောက်ရှိ လေသည်။ ပြဒါးလင်းတောင်ကို အစွဲပြုပြီးပြဒါးလင်းဂူဟု ခေါ်တွင်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည် ဟု အတူလိုက်ပါလာသူ ဓနုတိုင်းရင်းသား ကိုဝင်းဇော်က ပြောပြသည်။
ပြဒါးလင်းဂူရှိရာ ပြဒါးလင်းတောင် အလယ်ခန့်အထိ တက်ရောက်ခဲ့ သည်။ ပြဒါးလင်းဂူသည်ပင်လယ်ရေ မျက်နှာပြင်အထက် ၃၅၅ ပေအမြင့်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ပြဒါးလင်းဂူပေါက်သို့ သွားနေရင်းပတ်ဝန်း ကျင်ကို လေ့လာကြည့်ရာ တောင်ကုန်း၊ တောင်တန်းများ၊ ကျေးရွာအချို့နှင့်လယ်ကွင်းများကို လှမ်းမြင်ရသည်။ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ ရှိနေသော်လည်း သစ်ပင်များဖြင့် စိမ်းနေသော တောင်တန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းငယ်သာရှိနေသည် ကို မြင်တွေ့ရသဖြင့် စိတ်သက်သာရာရမိသည်။
အချိန်တိုအတွင်း ပြဒါးလင်းဂူသို့ရောက်ရှိခဲ့သည်။ ပြဒါးလင်းဂူသည် မြန်မာနိုင်ငံတွင် ရှေးအကျဆုံးဂူတစ်ဂူ ဖြစ်ပြီး သမိုင်းမစတင်မီ ကျောက်ခေတ်ကာလကပင် တည် ရှိနေခဲ့သည့်ဂူဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာ ရှင်အချို့က ဆိုထားသည်။ အချို့ ရှေးဟောင်းသုတေသန ပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၈ဝဝဝမှ ၁၃ဝဝဝ အကြားတည်ရှိခဲ့သောဂူဖြစ်ကြောင်း ယူဆထားသလို အချို့ပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝဝဝမှ ၁၅ဝဝဝ ခန့်အတွင်း တည်ရှိခဲ့သည့် ရှေးအလွန်ကျသော ဂူဖြစ်ကြောင်း မှတ်ချက်ပြုထားသည်ဟု သိရသည်။
ပြဒါးလင်းဂူအတွင်း ဝင်ရောက်လေ့လာသည့်အခါ ဂူအမိုးနံရံထက်မှ တွဲလျားကျသော ကျောက်ပန်းခက်များ၊ ဂူကြမ်းခင်းမှ ထိုး ထွက်နေသော ကျောက်သားအချွန် အတက်များနှင့် ညီညာမှုမရှိသော ဂူနံရံများကို မြင်တွေ့ ရသည်။
ဂူနံရံအချို့နေရာများတွင် ပြေပြစ်မှုရှိရာ ယင်း နေရာများ၌ ရှေးခေတ် လက်ရာနံရံပန်းချီရေးဆွဲထားမှု များကို မြင်တွေ့ရသည်။ ဂူနံရံရှိ ပန်းချီလက်ရာများကြောင့် ရှေးခေတ် လူသားတို့ ပန်းချီအနုပညာနယ်ပယ် အရပ်ရပ်တွင် ဖွံ့ဖြိုးနေပြီဟု ယူဆရဖွယ်ရှိသည်။
ပြဒါးလင်းဂူအတွင်း ကျောက်ခေတ်လက်နက်များ၊ ကျောက်ခေတ်လူ့အသုံးအဆောင် ကျောက်ပစ္စည်းများနှင့် တိရစ္ဆာန်အရိုးများ ကို မြင်တွေ့ ရသည်။ ကျောက် လက်နက် များမှာ မျိုးစုံဖြစ်ပြီး ကျောက်ခေတ်လူသားတို့၏ အသုံး အဆောင်နှင့် ကျောက် လက်နက်များမှာ အရေအတွက် ၁၆ဝဝ ခန့် တွေ့ ရှိကြောင်း သိရသည်။ ပြဒါးလင်းဂူအတွင်းရှိ နံရံပန်းချီများမှာလည်း စိတ်ဝင်စား စရာကောင်းသလို ပန်းချီလက်ရာ၏ အဓိပ္ပာယ်ကို လည်း ပေါ် လွင်အောင် ရေးဆွဲနိုင်သည်ကို မြင်တွေ့ရသည်။
ကျွန်တော်တို့ ပြဒါးလင်းဂူအတွင်း ကြည့်ရှုနေချိန်တွင် ကမ္ဘာလှည့်ခရီးသွားသုံးဦး ရောက်ရှိလေ့လာနေကြသည်ကို တွေ့ရသည်။ လူလတ်ပိုင်းအမျိုးသားများဖြစ်ရာ ရှေး ဟောင်းဂူနံရံပန်းချီများကို အနီးကပ်လေ့လာမှတ်တမ်းတင် နေကြသည်မှာ ပတ်ဝန်းကျင်ကိုပင် သတိထားမိပုံမပေါ်ချေ။ မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးက ပန်းချီလက်ရာ များကို စူးနစ်စွာ အာရုံစိုက်ကြည့်ရှုနေသဖြင့် ၄င်းအနီးတွင် ရပ်နေစဉ်မှာပင် လှည့်ကြည့်ပြီး ပြုံးပြသဖြင့် မိတ်ဆက် မေးမြန်းကြည့်ရာ ဂျာမနီနိုင်ငံမှဖြစ်ကြောင်း ၁၅ ရက်ခရီး စဉ်အတွင်း ပုဂံ၊ ပုပ္ပားနှင့် ပင်းတယဂူ၊ ပြဒါးလင်းဂူတို့ ကိုလေ့လာရေးခရီး လာ ခဲ့ခြင်းဖြစ်ကြောင်း၊
နှစ်ပေါင်း သောင်းချီကာ ဖြစ်တည်ခဲ့သော ရှေးဟောင်းဂူများကို စိတ်ဝင်စားကြောင်း၊ ပြဒါးလင်းဂူမှာ မိမိတို့အတွက် စိတ် ဝင်စားစရာအကောင်းဆုံးဖြစ်ပြီး စနစ်တကျထိန်း သိမ်း စောင့်ရှောက်သင့်ကြောင်း ပြောပြသည်။
တကယ်တော့ ပြဒါးလင်းဂူမှာ သက်တမ်းရင့်ပြီး အလွန်ရှေးကျသော ဂူနံရံပန်းချီများနှင့် ကျောက်လက်နက် များက သမိုင်းတန်ဖိုးကြီးမား လျက်ရှိသည်။ ပြဒါးလင်းဂူကို ၁၉၆ဝ ပြည့်နှစ်က ဘူမိဗေဒပညာရှင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနက ထိန်း သိမ်းစောင့်ရှောက် ထားလျက်ရှိသဖြင့် ပျက်စီးမှုနည်းပါး နေခြင်းဖြစ်သည်။
ပြဒါးလင်းဂူအတွင်း ကျေနပ်လောက်အောင် လေ့လာ ကြည့်ရှုပြီးနောက် အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။ ပြဒါးလင်းဂူ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ် သက်ကာ အေးချမ်းမှုရှိနေ သည်။ ရှေးဟောင်း သုတေသနပညာရှင် များ၊ သမိုင်းသုတေသီများ အတွက် အေးချမ်းစွာ အချိန်ယူ လေ့လာနိုင်သည့်နေရာတစ်ခုလည်းဖြစ်သည်။ ပြဒါးလင်း ဂူမှာနှစ်ဂူရှိပြီး တစ်ဂူနှင့်တစ်ဂူမှာ မဝေးလှချေ။ ကျွန်တော် တို့ ဝင်ရောက်လေ့လာခဲ့သည့် ဂူမှာ အလျားပေ ၈ဝဝ ခန့်ရှည်သော ဂူဖြစ်ပြီး နောက်ဂူတစ်လုံးမှာ ဂူငယ်ဖြစ်သည်။
ယင်းဂူအတွင်းဝင်ရောက်လေ့လာကြည့်ရှုခဲ့ရာ ရှေးဟောင်း ဂူနံရံပန်းချီလက်ရာ အချို့နှင့် ကျောက်ခေတ်သုံး ပစ္စည်း များကို တွေ့ရသည်။
ပြဒါးလင်း ဂူနှစ်လုံး ကို လေ့လာပြီး ပြန်ထွက်လာချိန် တွင် နေမွန်း တည့်နေပြီဖြစ် သည်။ ပြဒါးလင်းဂူရှိရာ ရွာငံမြို့ နယ်အတွင်း သမိုင်းပုံရိပ်များစွာရှိနေသည်။ ရှေးနှစ်ပေါင်း များစွာက ရှေးခေတ် လူသားတို့ နေထိုင်ခဲ့ရာ ဂူအချို့နှင့် ဥမင်သဖွယ်တည်ရှိနေသော ထူးခြားသည့်နေရာများစွာ လည်း တည်ရှိနေသည့် မြို့နယ် တစ်ခုလည်းဖြစ်သည်။
ရွာငံမြို့အနီး မြေပြန့်နှင့် တောင်ကြောနေရာအစပ်တွင် သစ်ပင်ချုံနွယ်များ အုပ်ဆိုင်းနေသော နေရာတွင် ကံပြင်ဂူ အမည်ရှိ ဂူတစ်လုံးလည်းရှိသည်။ ဂူပေါက်မှ ဂူအတွင်း ဆင်းရန် အနေတော်သစ်ပင်နှစ်ပင်ကိုထောင်ပြီးချထား သဖြင့် အလွယ်တကူ မဟုတ်သော်လည်း ဖြည်းဖြည်းထိန်း ကာ ဆင်းရသည်။ ပေ ၁ဝဝ ခန့်အနက် ဆင်းပြီးသည်နှင့် ဂူကြမ်းခင်း သို့ ရောက်နိုင်ပြီး ရေစီးဆင်းနေသော မြောင်း ငယ်တစ်ခုကို လည်း မြင်တွေ့ရသည်။ ရေစီးမြောင်းအတွင်း ထူးခြားသော အဖြူရောင်ငါးလေးများ ကူးခတ်သွားလာ နေကြသည်ဟု ကိုဝင်းဇော်က ပြောပြသည်။ ကျွန်တော်တို့ ဂူအပေါ်ဘက် အပေါက်ဝမှ အောက်သို့ အတန်ကြာ ငုံ့ကြည့်ပြီး ပြန်ထွက်လာခဲ့သည်။
ဤဂူကို ဒေသခံတိုင်းရင်း သားတို့ပင် သိပ်မသိကြဟုဆိုသဖြင့် အံ့သြမိသည်။
ရှေးဟောင်းသမိုင်းဝင်ဂူနေရာများသည် သွားလာရေး အဆင်ပြေပြီး အခြားအပန်းဖြေစရာ ရေတံခွန်ကဲ့သို့ အရာများနှင့် သဘာဝပတ်ဝန်းကျင် အလှအပများ ရှိမှသာ အသွားအလာနှင့် ဧည့်သည်လာရောက်မှု များပြားတတ် လေ့ရှိသည်။ အစားအစာနှင့် တည်းခိုနေထိုင်စရာလည်းရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းပါက ပြည်တွင်းပြည်ပခရီး သွားများမပြတ်တမ်း စည်ကားစွာ လာရောက်ကြမည်မှာ အမှန်ပင် ဖြစ်သည်။ ရွာငံမြို့၌ ညအိပ်တည်းခိုရန်နေရာက ပြည့်စုံမှုမရှိသေး။
ယခုအခါ ရွာငံမြို့အနီးတွင် ဟိုတယ်ဇုန်စီမံကိန်းရှိ နေသဖြင့် မကြာမီကာလအတွင်း ခရီးသွားဧည့်သည်များ အတွက် ညအိပ်တည်းခိုစရာ အခန်းများ ထွက်ပေါ်လာ တော့ မည်ဖြစ်သည်။ ရွာငံမြို့နယ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးခရိုင်အတွင်း ပါဝင်နေသော်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ရှိနေသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနိုင်သည့် သမိုင်းလက်ဆောင် ကောင်းများ လည်းရှိနေ သဖြင့် အနာဂတ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည့်နေရာဒေ သဖြစ်လာမည်ဟု တွေး နေမိသည်။
ပြဒါးလင်းဂူမှ ပြန်ထွက် လာသော ကျွန်တော်တို့ ကံပြင်ဂူသို့ သွားရောက်ခဲ့ပြီးနောက် ကမ်းပါးနီဂူသို့ ဆက် လက်ထွက်ခွာ လာခဲ့သည်။ ပြင်းပြင်းပူသော မွန်းတည့်နေကို တိုက်ရိုက်ထိတွေ့ရသဖြင့် တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေ သည်။ ဆိုင်ကယ်မောင်းနှင်နေသော အရှိန်ကြောင့် လေတိုးလျက်ရှိရာ အပူဒဏ်မှ အနည်းငယ်သက်သာခွင့် ရနေသည်။ လမ်းခရီးတစ်လျှောက်ဒေသခံ ဓနုတိုင်းရင်း သားတစ်ဦးစ နှစ်ဦးစကိုတစ်ခါတစ်ရံ မြင်တွေ့ရသည်။
ကမ်းပါးနီဂူသည် ရွာငံမြို့နယ်အတွင်းတည်ရှိပြီး ပြဒါး လင်းဂူ၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာတည် ရှိသဖြင့် ခရီးကမဝေးကွာလှ။ ကမ်းပါးနီဂူသည် ပဲဒွေး တောင်သစ်တောကြိုးဝိုင်းအတွင်း တည်ရှိနေခြင်းဖြစ်ရာ ဂူနေရာ အနီးဝန်းကျင်ကို ရှေးဟောင်းဇုန်နယ်မြေသတ် မှတ်ရန် တာဝန်ရှိသူများက ညှိနှိုင်းနေကြောင်း သိရသည်။
မိနစ်ပိုင်းအတွင်းကမ်းပါးနီဂူသို့ ရောက်ရှိခဲ့သည်။ ကမ်းပါးနီဂူ အတွင်း ဝင်ရောက်လေ့လာရာ ဂူနံရံများ တွင် ရှေးခေတ်လက်ရာ နံရံပန်းချီများကို မြင်တွေ့ရသည်။ တိရစ္ဆာန်ပုံများ၊ လူလက်ဝါးပုံနှင့် ဆင်ပုံများကို တွေ့ရသည် မှာ ရှေးခေတ်လူသားတို့အနုပညာအပေါ် စိတ်ဝင်စားမှုနှင့် ပန်းချီအနုပညာ အဆင့်အတန်းကို သတိပြုမိသည်။ ကမ်းပါးနီဂူကို ၂ဝ၁၅ခုနှစ် မေလက ဒေသခံတစ်ဦး ဖြစ် သည့် ဦးဝင်းဘိုကတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကမ်းပါးနီဂူတွင် လေ့လာစရာများကို အချိန်ယူ လေ့လာလျှင် ရှေးဟောင်း သမိုင်းမှတ်တမ်းအချက်အလက် များစွာရရှိကာ စိတ်ဝင်စားဖွယ် လည်း ကောင်းမည်ဖြစ် သည်။ သို့သော်အချိန်နည်းပါးသည့် ကျွန်တော်တို့ အတွက် ကမ်းပါးနီဂူမှ ပြန်ထွက်လာခဲ့သည်။ အပြန်တွင် မည်သည့်နေရာမှ မဝင်တော့ဘဲ ရွာငံမြို့သို့တိုက် ရိုက်ပြန် လာခဲ့သည်။
ရွာငံမြို့နယ်တွင် ပြဒါးလင်းဂူ၊ ကမ်းပါးနီဂူ၊ ကံပြင်ဂူ နှင့် ရေပြာအိုင်တို့ တည်ရှိနေရာ ရှေးဟောင်းသမိုင်းမှတ်တမ်း ကောင်းများကို စိတ်ဝင်စားသည့် ခရီးသွားများအတွက် အကောင်းဆုံး ခရီးစဉ်တစ်ခုပင်ဖြစ်သည်။
မန္တလေးမြို့မှ ပြဒါးလင်း ဂူသို့အချိန် သုံးနာရီကျော်ခန့်ဖြင့် ရောက်ရှိနိုင် သည်ဖြစ်ရာ နေ့ချင်းပြန်ခရီးသွားများအတွက်လည်း အဆင်ပြေသည့် လေ့လာ စရာနေရာကောင်းတစ်ခုပင်ဖြစ် သည်။ ရွာငံမြို့မှ အပြန်ခရီးတွင် ရှေးနှစ်ပေါင်း ၁ဝဝဝဝ ကျော်ကတည်းက တည်ရှိနေခဲ့ပြီး ကျောက်ခေတ်လူသား များနေထိုင်ခဲ့သော ပြဒါးလင်းဂူနှင့်ရွာငံဒေသဝန်းကျင်ပုံရိပ်များက အတွေးထဲမပြတ်တမ်းရစ်ဝဲနေမိသည်က အမှန် ပင်။ ။
သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-မောင်ချစ်ကြည်
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment