တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ
==================================
ပြီးခဲ့သည့်လက မြန်မာ့တပ်မတော်တွင် စံချိန်တင်ရာထူးအပြောင်းအလဲပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများအပါအ၀င် တပ်မတော်ထိပ်တန်းအရာရှိ ၆၀ ခန့်အား အငြိမ်းစားပေးခဲ့သည်။ ယင်းပမာဏမှာ မြန်မာ့တပ်မတော်သမိုင်းတွင် အများဆုံး ရာထူးအပြောင်းအလဲ ဖြစ်သည်ဟု မြန်မာ့တပ်မတော်အရေး လေ့လာသူများကဆိုသည်။
ထို့အပြင် ထူးခြားမှုများစွာလည်းရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ တတိယခေါင်းဆောင် ရာထူးကို တပ်မတော်(လေ)က ရရှိလာခြင်းမှာလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ ထို့အပြင် ယခုအပြောင်းအလဲကြောင့် ၂၀၁၆ တွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာနိုင်သူကိုလည်း ခန့်မှန်း နိုင်မည်ဖြစ်သည်။
ပထမဆုံးထူးခြားချက်မှာ မြန်မာ့တပ်မတော်၏ တတိယခေါင်းဆောင်ဖြစ်သော ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်အား ခန့်အပ်လိုက်ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်နေရာများကို ကြည်းတပ်မှ အရာရှိများအား အများဆုံးခန့်အပ်သည့် အစဉ်အလာသာရှိခဲ့သည်။
ထိုကဲ့သို့ခန့်အပ်ရသည်မှာလည်း မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူများသည် ကြည်းတပ်မှဖြစ်ခဲ့ကြသလို တိုက်ပွဲအများဆုံးတိုက်ခဲ့ရသူလည်း ကြည်းတပ်က လာသူများ ဖြစ်နေသောကြောင့်ဖြစ်သည်။
မြန်မာ့တပ်မတော်တွင် ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့ကြသော သူရဦးရွှေမန်း၊ လက်ရှိ တပ်ချုပ်နှင့် ဦးလှဌေးဝင်းတို့မှာ ကြည်းတပ်က လာသူများသာဖြစ်သည်။ ထိုအစဉ်အလာမှ ခွဲထွက်၍ တပ်မတော်(လေ)က အရာရှိအား မြန်မာ့တပ်မတော်၏ တတိယခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အရေး လေ့လာသူများက ပြောသည်။
‘‘ဒါက ဘာအဓိပ္ပာယ်လဲဆိုတော့ Standard Army ကို သွားနေတယ်ဆိုတာပြတာ။ အရည်အချင်းရှိရင် နေရာရနိုင်တယ်။ ဒါမျိုးခန့်အပ်တာ အမေရိကန်စစ်တပ်မှာရှိတယ်။ အရည်အချင်းရှိရင် ရေတပ်ကလူလည်း စစ်ဦးစီးချုပ်ဖြစ်တာပဲ။ အမေရိကန်စစ်တပ်မှာတော့’’ဟု အငြိမ်းစားတပ်မတော် အရာရှိကြီးတစ်ဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း မြန်မာ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး နှစ်ခုလုပ်ဆောင်နေကြောင်း မီဒီယာအင်တာဗျူးများတွင် ပြောကြားခဲ့သည်။ Standard Army ဖြစ်ရေးနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတို့ဖြစ်သည်။ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံက အဓိက ကူညီဆောင်ရွက် ပေးလျက်ရှိသည်ဟုလည်း ဂျပန်အခြေစိုက်တို ကျိုသတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် တပ်ချုပ်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းလေ့ကျင့်ရေး သင်တန်းများကိုလည်း တိုးချဲ့လုပ်ကိုင်လာခဲ့သည်။ ထို့အပြင် ကျန်ခဲ့သည့် ၂ နှစ်ခန့်က မိတ္တီလာ ဒေသတွင် ကြည်းတပ်နှင့် လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု (လေ၊ ကြည်း) ပြုလုပ်ခဲ့သည်။ လေတပ်အတွက် တိုက်လေယာဉ်များကိုလည်း ယခု နှစ်ပိုင်းအတွင်း ထပ်မံဝယ်ယူခဲ့သည်။
ထိုအချက်အလက်များကို ကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပရန် ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာသည်ကိုလည်း ထင်ထင်ရှားရှား တွေ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပရန်ရှိနေပြီလား တွေးစရာရှိလာသည်။
ဒုတိယ ထူးခြားမှုအနေဖြင့် လေကြောင်းရန် ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ် သည်။ မြန်မာ့တပ်မတော်ကို မည်သည့်အခါမှ အကောင်းမပြောသည့် သူများသည်ပင် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းအား လူကောင်းဟု ပြောဆိုကြသည်။
‘‘ဦးအောင်ကျော်ဇောတောင် ဗိုလ်ချုပ်စိန်ဝင်းကို လူကောင်းလို့ပြောတယ်’’ဟု တိုင်းရင်းသား ရေးရာသတင်းများ ရေးသားနေသူ သတင်းထောက်တစ်ဦးက ပြောသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်မှာ ထူးခြားမှုတစ်ခုဟု လေ့လာ သူများက သုံးသပ်သည်။
တတိယထူးခြားမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြီးလျှင် တပ်ချုပ်ဖြစ်လာနိုင်သူကို ယခုအပြောင်းအလဲမှတစ်ဆင့် သုံးသပ်၍ ရနိုင်ခြင်းဖြစ်သည်။ အငြိမ်းစားယူသွားသူများထဲတွင် စီနီယာဗိုလ်ချုပ်များစွာ ပါသွားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖယ်လိုက်ပါက စီနီယာကျသူ ငါးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကစထမှူး ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ်အပတ်စဉ်(၁၉)အတူဆင်းခဲ့ကြသူများဖြစ်၍ သူသည်လည်း မကြာမီ အသက် (၆၀) ပြည့်ကာ အငြိမ်းစားရတော့မည်ဖြစ်သည်။
ထိုနေရာများအတွက် နေရာလွတ်များဖြစ်လာတော့မည်။ ကျန်ရှိသူ စီနီယာများထဲမှ ကာကွယ်ရေးဦးစီးချုပ် တစ်ဦးနှင့် ပြည်ထဲရေးဝန်ကြီးတို့ ဖြစ်လာဖွယ်ရှိကြောင်း လေ့လာသူများက အကဲခတ်သည်။ လက်ရှိစစ်တက္ကသိုလ် အပတ်စဉ်အရ စီနီယာအကျဆုံးမှာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဖြစ်သည်။ သူသည် စစ်တက္ကသိုလ်(၂၀)သင်တန်းဆင်းဖြစ်သည်။ မြန်မာ့တပ်မတော်တွင် တပ်မတော်(လေ)မှ တပ်ချုပ်ဖြစ်လာသည့် အစဉ်အလာမရှိပေ။ ထို့အပြင် သူ့အနေဖြင့်လည်း ၂၀၁၇ တွင် အသက်(၆၀) ပြည့်မည်ဖြစ်သည်။
ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်သူ စီနီယာနှစ်ဦးသာကျန်တော့သည်ဟု ဆိုနိုင် သည်။ လက်ရှိဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၂) ဆင်းခဲ့ကြသူများ ဖြစ်သည်။ သို့သော် မကြာသေးမီက ရာထူးအပြောင်းအလဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်လိုက်သည်။ မြန်မာ့တပ်မတော်၏ အစဉ်အလာအရ အရပ်ဘက်(သို့မဟုတ်) အရပ်သားဝန်ကြီးဌာနဘက် ပြောင်းသွားသူတစ်ဦးမှာ တပ်ချုပ်ဖြစ်လာသော အစဉ်အလာမရှိပေ။
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စစ်တက္ကသိုလ်(၂၅) သင်တန်းဆင်းဖြစ်သဖြင့် သူတို့နှစ်ဦးနှင့်ယှဉ်ပါက ဂျူနီယာဟုဆိုရမည်ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှာလည်း မကြာသေးမီကမှ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ) ဖြစ်လာသူ ဖြစ်သဖြင့် ရာထူးအရ ဂျူနီယာကျသူဖြစ်နေပြန်သည်။ ထို့ကြောင့် တပ်ချုပ်ဖြစ်လာရန် အလားအလာအကောင်းဆုံးမှာ လက်ရှိဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသာဖြစ်သည်။ မြန်မာ့တပ်မတော်အရေးလေ့လာသူများအဆိုအရ မြန်မာ့တပ်မတော် တွင် အာဏာရှင်စစ်ခေါင်းဆောင်တစ်ဦး နောက်ထပ်မပေါ်လာစေရန် န၀တခေတ် တပ်မတော် ခေါင်းဆောင်များက စနစ်တကျဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် တပ်ချုပ်တစ်ဦး၏ သက်တမ်းကို ငါးနှစ်သာသတ်မှတ်ပြီး စနစ်တကျပြင်ဆင် ခဲ့သည်ဟုဆိုသည်။ ထိုသို့ဖြစ်လာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်ချုပ်ကို နိုင်ငံ့ဝန်ထမ်း အဖြစ် သတ်မှတ်ထားသည်။ ထို့နောက် အစိုးရသက်တမ်း ငါးနှစ်နှင့်အတူ အသက် (၆၀) ပြည့်မည့် သူများအား တပ်ချုပ်ဖြစ်လာစေရန် ပြင်ဆင်ခဲ့သည်။
ထို့ကြောင့်လည်း မြန်မာ့တပ်မတော်တွင် စီနီ ယာများစွာရှိသည်ကြားက ၂၀၁၆ တွင် အသက် (၆၀) ပြည့်မည့် လက်ရှိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား န၀တဗိုလ်ချုပ်များက တပ်ချုပ်ခန့်ခဲ့သည်။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ၂၀၁၆ တွင် အသက် (၆၀) ပြည့်မည်ဟု မီဒီယာများအား ဖြေကြားဖူးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အငြိမ်းစားယူပြီး နောက်ငါးနှစ်တွင် အသက် (၆၀) ပြည့်မည့် လက်ရှိဒုတပ်ချုပ်အား တပ်ချုပ်ဖြစ်လာရန် လျာထားခဲ့သည်။ ဒုတပ်ချုပ်သည် စစ်တက္ကသိုလ် ၂၂ ဆင်းများထဲတွင် သူတစ်ဦးတည်းသာ ၁၉၆၀ ပြည့်နှစ် မွေးဖွားခဲ့သူဖြစ်ကြောင်း လေ့လာသူများကဆိုသည်။ ထို့ကြောင့် ၂၀၂၀ ရောက်မှသာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အသက် (၆၀) ပြည့်မည်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အငြိမ်းစားယူပြီး နောက် တပ်ချုပ်ဖြစ်လာစေရန်လျာထားခဲ့ပြီး ဒုတပ်ချုပ်ရာထူးပေးခဲ့သည်ဟု တပ်မတော်အရေး လေ့လာသူများကသုံးသပ်သည်။
၎င်းနှင့် စစ်တက္ကသိုလ်အပတ်စဉ်တူသူ အများစုမှာ အရပ်ဘက်သို့ ပြောင်းကုန်ပြီဖြစ်သည်။ သို့သော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်သမ္မတက ခန့်အပ်ရသည်။ လက်ရှိအနေအထားအရ ဒုတပ်ချုပ်တာဝန်ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ၂၀၁၆ တွင် တပ်ချုပ်ဖြစ်လာရန် အအလားအလာအကောင်းဆုံး ဖြစ်သော်လည်း ၂၀၁၆ တွင် သမ္မတဖြစ်လာမည့်သူက ကြိုက်နှစ်သက်ရန်တော့ လိုသေးသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ထူးခြားမှုမှာ သားသမီးမရှိဘဲ မည်သည့်စီးပွားရေးမှ မလုပ်ခြင်း ဖြစ်သည်။ တပ်ထဲတွင် သူ့ကို တော်တော်လန့်ကြပြီး လုပ်မည်ဆိုပါက တကယ်လုပ်သူဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်း တစ်ဦးက ပြောပါသည်။
‘‘Mr.Clean လို့ပြောလို့ရတာပေါ့။ စာအုပ်ကြီးသမား။ ချမယ်ဆိုရင်တော့ တကယ်ချတဲ့ လူမျိုး။ စစ်သားစစ်စစ်ကြီးလို့ ပြောရမှာပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။ သူ့အနေဖြင့် တပ်မတော်မှ အငြိမ်းစားယူပါက နိုင်ငံရေးလောကထဲ ၀င်လာမည့်သူမျိုးမဟုတ်ဟုလည်း သုံးသပ် ကြသည်။ ဒုတပ်ချုပ်မှာ ၂၀၁၆တွင် တပ်ချုပ်ဖြစ်လာပါက ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်ပြီး လက်ရှိဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးထဲမှ တစ်ဦး မှာလည်း ပြည်ထဲရေးဝန်ကြီးဖြစ်လာတော့မည် ဖြစ်သည်။
၂၀၁၆ တွင် အစိုးရသစ်နှင့်အတူ မြန်မာ့တပ်မတော်၌လည်း တပ်ချုပ်အသစ်ကို မြင်တွေ့ရ မည်ဖြစ်သည်။ လက်ရှိတွင် တိုင်းမှူးနှင့် ကစထမှူးများအား အသစ်ခန့်အပ်ပြီးဖြစ်သည်။ တပ်မတော် ထိပ်တန်းရာထူးများ မည်သူဖြစ်လာမည်လဲဆိုသည်က မြန်မာနိုင်ငံအသွင်ကူးပြောင်း ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်များစွာ သက်ရောက်မှုရှိလာပေလိမ့်မည် ဖြစ်သည်။
By 7Days
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment