Tuesday, August 18, 2015

ဘဏ်အချို့နှင့် ပတ်သက်၍ ကောလာဟလ ထုတ်လွှင့်မှုများ ရှိသော်လည်း ပြည်တွင်းဘဏ်များ၏ အခြေအနေ

ဘဏ်အချို့နှင့် ပတ်သက်၍ ကောလာဟလ ထုတ်လွှင့်မှုများ ရှိသော်လည်း ပြည်တွင်းဘဏ်များ၏ အခြေအနေ တည်ငြိမ်မှု ရှိနေ ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ တစ်ခုတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ် ဘဏ်အချို့နှင့် ပတ်သက်၍ ကောလာဟလ ထုတ်လွှင့်မှုများ ရှိသော်လည်း ပြည်တွင်းဘဏ်များ၏ အခြေအနေ တည်ငြိမ်မှု ရှိနေကြောင်း မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်စာရင်းဝင် ဘဏ်များမှ တာဝန်ရှိသူများနှင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ၏ သုံးသပ်မှုများအရ သိရသည်။ သြဂုတ် ၁၇ ရက်တွင် ကောလာဟလ သတင်းအချို့ ထုတ်လွှင့်မှုများ ရှိခဲ့ပြီး လလယ်ရက်များ ဖြစ်သော်လည်း ပြည်တွင်းဘဏ် အချို့တွင် ငွေထုတ်ယူသူ များပြားလျက် ရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသို့ ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။ နိုင်ငံရေးနှင့် ဆက်စပ်ပြီး ကောလာဟလ ဖြစ်လာခြင်းသာဖြစ်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။ “ကောလာဟလတွေကို သိပ်ပြီးတော့ မယုံစေချင်ဘူး။ အခုဖြစ်နေတဲ့ ကိစ္စက နိုင်ငံရေးနဲ့ ချိတ်ဆက်ပြီးတော့ ထင်ကြေးတွေပေးပြီးတော့ လုပ်နေကြတာ။ ဘဏ်တွေကို မြင်တာကတော့ ဘာပြဿနာမှ မရှိဘူး။ ဘဏ်တွေအတွက်က ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားတာလည်း မရှိဘူး။ ဒါပေမဲ့ ဒီလို တက်လာတာကတော့ ကောလာဟလတွေပဲ ဖြစ်တယ်။ Facebook တွေမှာလည်း ဖွတာတွေ ရှိတယ်။ ဘဏ်တွေဘက်က အမှားအယွင်း လုပ်ထားတာ မရှိတဲ့ အတွက်ကြောင့်မို့လို့ ဘဏ်တွေကတော့ ဖြေရှင်းနေစရာ မလိုပါဘူး။ အခု ဖြစ်နေတာက ဘာလဲဆိုတော့ ဘဏ်တွေပျက်စီးသွားရင် တိုင်းပြည်စီးပွားရေး ပျက်စီးတာပဲ။ ဘဏ်တွေက တိုင်းပြည်ရဲ့ ဦးနှောက်ပဲ။ ဦးနှောက်ပျက်စီးသွားပြီဆိုရင် အကုန်လုံးက ပျက်စီးသွားပြီ။ အခုချိန်မှာ နိုင်ငံခြားဘဏ်တွေလည်း ၀င်လာနေပြီ။ ၂၀၀၃ ခုနှစ်တုန်းကလည်း ဒီလိုမျိုးတွေ တစ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။ အဲဒီအချိန်က တိုင်းပြည် ဂျီဒီပီက Minus ကို ရောက်သွားတယ်။ ထုတ်လုပ်မှုတွေ ကျသွားတယ်။ လူတန်းစားတွေ အကုန်လုံး ဒုက္ခရောက်တယ်။ အခုတစ်ခါ ဘဏ်တွေ ဘာညာဖြစ်တယ် ဆိုတာတွေ ပေါ်လာရင် ဘဏ်တွေ တစ်ခုတည်း နစ်နာတာ မဟုတ်ဘူး။ တိုင်းပြည်စီးပွားရေးတစ်ခုလုံး နစ်နာသွားမှာ။ အဲဒါကြောင့် မီဒီယာတွေမှာလည်း တာဝန်ရှိတယ်။ ကောလာဟလတွေကို သတင်းအမှန်ပေးဖို့ တာဝန်ရှိတယ်” ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။ AGD ဘဏ်၌ တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးသူ ဦးရဲမင်းဦးက ၎င်း၏ Facebook စာမျက်နှာ၌ “...ဘဏ်တွေနဲ့ ပတ်သက်ရင် ကောလာဟလတွေဟာ ၂၀၁၀ နောက်ပိုင်းမှာ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။ တစ်စုတစ်ဖွဲ့က တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေသလားလို့ ယူဆရလောက်အောင်ကို ကောလာဟလတွေဟာ နှစ်စဉ်ထွက်ပေါ်လာလေ့ ရှိတယ်။ ထူးခြားဖြစ်စဉ် တစ်ခုခု ရှိပြီဆိုရင် သိပ်မကြာဘူး ဘဏ်တစ်ခုခုရဲ့ အတွင်းသတင်း ဆိုတာမျိုး၊ ဘယ်ဘဏ်တော့ ပျက်တော့မယ် ငွေတွေထုတ်ထား ဆိုတာမျိုး အင်တာနက်ထဲမှာ ပျံ့လွင့်လာလေ့ ရှိပါတယ်။ ဘဏ်တစ်ခုဟာ အပေါ်မှာ တင်ပြခဲ့သလို လိုင်စင်ရဖို့ ဖြတ်သန်းစိစစ် ခံရတာတွေ များပြားသလို၊ ဘဏ်ဖြစ်သွားတဲ့ နောက်ပိုင်းမှာလည်း ဘဏ်ခွဲဖွင့်လှစ်လိုတိုင်း ဗဟိုဘဏ်ရဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။ ဖွင့်လှစ်ပြီးနောက်မှာလည်း ဗဟိုဘဏ်ရဲ့ နေ့စဉ်စောင့်ကြည့်တဲ့ စနစ်အောက်မှာ အလုပ်လုပ်နေရတာမို့ အင်မတန်ကို စိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်။...” ဟု လက်တလော ဖြစ်ပေါ်နေသော ကောလာဟလ သတင်းထုတ်လွှင့်မှုများနှင့် ပတ်သက်၍ ရေးသားခဲ့သည်။ ထို့ပြင် “...ဘဏ်တစ်ခုဟာ သူလက်ခံထားတဲ့ အများပြည်သူရဲ့ စုဆောင်းငွေတွေ အပေါ်မှာ ဘဏ်တိုးပေးရတယ်။ ဒီအတွက် သူက စီးပွားရေးလုပ်ငန်းတွေကို မဖြစ်မနေ ချေးငွေပြန်ထုတ်ချေးထားရပါတယ်။ ဗဟိုဘဏ်က အပ်ငွေရဲ့ ရာခိုင်နှုန်း ၈၀ ကို ပြန်လည်ထုတ်ချေးခွင့် ပြုထားပေမယ့် ဘဏ်တွေဟာ ရာခိုင်နှုန်း ၆၀ နဲ့ ၇၀ ကြားမှာပဲ ထုတ်ချေးနိုင်ပါတယ်။ ကျန်ငွေတွေက ဗဟိုဘဏ်မှာ အပ်နှံထားငွေနဲ့ ဘဏ်ခွဲတွေရဲ့ ငွေတိုက်တွေမှာ အရံဆောင်ထားငွေအဖြစ် ဘဏ်တွေ လက်ထဲမှာပဲ ထားရပါတယ်။ ငွေသားကို အဓိက ကိုင်သုံးတဲ့ နိုင်ငံဖြစ်တာမို့ စာရင်းပြောင်းတာမျိုးနည်းပြီး ငွေသားကိုပဲ လူတွေက လာထုတ်လိုက်၊ လာသွင်းလိုက် လုပ်လေ့ရှိကြပါတယ်။ ဒါကြောင့် ဘဏ်တွေရဲ့ ဘဏ်ခွဲတိုင်းမှာ မြို့ရဲ့ စီးပွားရေး အနေအထား၊ ဘဏ်ရဲ့ အပ်နှံစုဆောင်းငွေ ပမာဏပေါ် မူတည်ပြီး လက်ကျန်ငွေသားကို အမြဲတမ်း တွက်ချက်ထားရှိ ကြရပါတယ်။ ငွေနည်းသွားပြီ ဆိုတာနဲ့ နီးရာမြို့ကြီးတွေက ဘဏ်ခွဲတွေကနေ ငွေစက္ကူ တွေ ပို့ပေးရပါတယ်။ ဆိုလိုချင်တာက ဘဏ်တွေက အပ်နှံငွေကြေးတွေကို ဒီအတိုင်း ငွေတိုက်ထဲမှာ သိမ်းထားပြီး ဘဏ်တိုးထုတ်ပေးနေတာ မဟုတ်ဘူး ဆိုတာပါ။ ဒီအတွက် ကောလာဟလ သတင်းကြားလို့ လူတိုင်းက ဘဏ်ကိုပြေးပြီး ငွေထုတ်ကြမယ်ဆိုရင် ဘဏ်တွေက အားလုံးကို ချက်ချင်းပြန်ထုတ်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။...” ဟု ဦးရဲမင်းဦးက ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည်။ ဆက်လက်၍ ၎င်းက ဘဏ်အဖြစ် လုပ်ငန်းလိုင်စင်တစ်ခု ရရန်မှာ မလွယ်ကြောင်း၊ ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ် အစုအဖွဲ့ သို့မဟုတ် လူတစ်ဦးတစ်ယောက်အား ဘဏ်လိုင်စင်ပေးခြင်းကို အစိုးရအဖွဲ့က ပထမဆုံး ဆုံးဖြတ်ကြောင်း၊ ထို့နောက် ဗဟိုဘဏ်ဥက္ကဋ္ဌအား မည်သူကို လိုင်စင်ပေးမည်ဟု အသိပေးကြောင်း၊ ယင်းနောက် ကုမ္ပဏီမှတ်ပုံတင်ရုံးမှာ ဘဏ်ဟု အမည်ပါသည့် ကုမ္ပဏီနာမည်ကို မှတ်ပုံတင်ရကြောင်း၊ ကနဦး မ,တည် ရင်းနှီးငွေက ကျပ်ဘီလျံ ၂၀ မ,တည်ရင်းနှီးပါမယ်ဟု ထည့်သွင်းဖော်ပြပြီး အစုရှယ်ယာရှင်များအဖြစ် မည်မျှစီ ပါဝင်ပါမည် ဆိုတာကို ဖော်ပြရကြောင်း၊ အမှန်တကယ် ထည့်ဝင်ငွေ ဖြစ်ရမယ့်အပြင် ငွေဖြူဖြစ်ကြောင်း စာရွက်စာတမ်း သက်သေလည်း တင်ပြရကြောင်း၊ ကုမ္ပဏီများကဲ့သို့ ၀န်ထမ်းကို အစုရှယ်ယာရှင်အဖြစ် ဖော်ပြပြီး အမှန်တကယ် ပိုင်ဆိုင်မှုတွင် ပိုင်ရှင်တစ်ဦးတည်းက ပိုင်ဆိုင်ခြင်းမျိုးကို ဘဏ်လုပ်ငန်းအတွက် တည်ထောင်မည့် ကုမ္ပဏီတွင် လုပ်၍မရကြောင်း၊ တင်ပြလျှောက်ထားသည့် စာရွက်စာတမ်း ပြည့်စုံပါက ဗဟိုဘဏ်က ငွေဖြူစိစစ်ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးအပြင် အခွန်ဌာန၊ စာရင်းစစ်ရုံးမှ တာဝန်ရှိသူများက စစ်ဆေးပြီးမှသာ ခွင့်ပြုကြောင်းလည်း ရေးသားဖော်ပြခဲ့သည်။ သြဂုတ် ၁၇ ရက်က AGD ဘဏ်နှင့် CB ဘဏ်များတွင် အပ်ငွေပြန်လည်ထုတ်ယူမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ “AGD နဲ့ CB ဘဏ်ကနေ ငွေတွေထုတ်နေကြတယ်လို့ ကြားတယ်။ ဒီဟာက ဘာနဲ့ပတ်သက်လဲဆိုတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ နေတယ်။ ဘဏ်တွေမှာ ဘယ်သူတွေက ရှယ်ယာပါတယ်ဆိုတာ မသိတဲ့ အခါကျတော့ ဆွဲထုတ်ကုန်တာ ဖြစ်နိုင်တယ်။ တကယ်တမ်းကျတော့ United Amara Bank တို့ဆိုရင် ဆွဲထုတ်သွားနိုင်တယ်။ အတိတ်က ဖြစ်ရပ်တွေနဲ့ ယှဉ်ပြီးတော့ လူတွေက စိုးရိမ်လွန်ကြတာတွေကြောင့်ပေါ့” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားပါသည်။ လက်ရှိ သတင်းထုတ်လွှင့်မှုများနှင့် ပတ်သက်၍ ပြည်တွင်းမှ ထိပ်တန်းဘဏ်လုပ်ငန်းရှင်များအား ဆက်သွယ်မေးမြန်းရာ ပုံမှန်ငွေကြေး စီးဆင်းမှုသာ ရှိကြောင်း၊ ထွက်ပေါ်လာသည့် သတင်းများမှာ ယခင်က အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးသည့် ကောလာဟလ သတင်းမျိုးသာဖြစ်ကြောင်း၊ ဘဏ်များမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိပြီး တည်ငြိမ်မှုရှိနေကြောင်း၊ ဘဏ်များအနေဖြင့်လည်း ဗဟိုဘဏ်၏ ကြီးကြပ်မှုနှင့်အညီ ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့ကြသည်။ လက်ရှိဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်၍ စိုးရိမ်ဖွယ် မရှိကြောင်း၊ ယခုကဲ့သို့ သတင်းထုတ်လွှင်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ဘဏ်များအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်နိုင်ဖွယ် မရှိကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးစံသိန်း (ယခင် SMIDB ဘဏ်၏ အကြံပေး) က သုံးသပ်ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာကလည်း ဦးအောင်သောင်းအား အမေရိကန်က Black list သွင်းမှုနှင့် ပတ်သက်၍ UAB ဘဏ်မှ ငွေအများအပြား ထုတ်ယူမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ အမေရိကန်ပြည်ထောင်စုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ (ယခင် စက်မှု(၁) ၀န်ကြီးဟောင်း) ဖြစ်သူ ဦးအောင်သောင်းအား Sanction Black-list စာရင်းတွင် ထည့်သွင်းကြောင်း သတင်းထွက်ပေါ်ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် ပြည်သူများ အပ်ငွေပေါင်း ၄၄ ဘီလျံအထိရှိပြီး ထုတ်ငွေ ၄၁ ဘီလျံအထိ ရှိခဲ့သော်လည်း နိုဝင်ဘာ ၄ ရက်တွင်မူ ထုတ်ငွေ ၂၆ ဘီလျံနှင့် အပ်ငွေ ၁၆ ဘီလျံအထိ အပ်ငွေနှင့် ထုတ်ငွေ နှစ်ရပ်စလုံးတွင် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော်လည်း ရက်ပိုင်းအတွင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ထိုသို့ ကျဆင်းမှုမှာ ကောလာဟလကြောင့်သာဖြစ်ပြီး ထုတ်ငွေပမာဏ များပြားလာသည် ဆိုရာတွင်လည်း ၁၀ ဘီလျံခန့်သာ ကွာဟခြင်းဖြစ်ကြောင်း အဆိုပါဘဏ်၏ MD ဦးသန်းဝင်းဆွေမှ ထိုအချိန်က ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကလည်း ဘဏ်များအနေဖြင့် ဗဟိုဘဏ်တွင် အပ်နှံထားရသည့် Deposit ကျပ် ၂၀ ဘီလျံရှိကြောင်း၊ လိုအပ်ပါက ဗဟိုဘဏ်မှ ယင်းငွေများ ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားထားသည်။ © Copyright of Eleven Media Group Company Limited 2015 ဘဏ်အချို့နှင့် ပတ်သက်၍ ကောလာဟလ ထုတ်လွှင့်မှုများ ရှိသော်လည်း ပြည်တွင်းဘဏ်များ၏ အခြေအနေ တည်ငြိမ်မှု ရှိနေကြောင်း မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်စာရင်းဝင် ဘဏ်များမှ တာဝန်ရှိသူများနှင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ၏ သုံးသပ်မှုများအရ သိရသည်။သြဂုတ် ၁၇ ရက်တွင် ကောလာဟလ သတင်းအချို့ ထုတ်လွှင့်မှုများ ရှိခဲ့ပြီး လလယ်ရက်… news-eleven.com

No comments: