မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 7, 2015
အသည်းရောင်အသားဝါ ဘီရောဂါ ကုလို့ရပါပြီ =============================
အသည်းရောင်အသားဝါ ဘီရောဂါ ကုလို့ရပါပြီ
=============================
အပိုင်း (၄)
ပါမောက္ခ ခင်မောင်ဝင်း (အသည်း)
(ပြီးခဲ့တဲ့အပတ်က ဘီပိုးမဝင်အောင် ကာကွယ်နည်း နှစ်နည်းရှိတဲ့ အထဲက ဘီပိုးကူးစက်မှုနည်းစနစ်တွေကို ရှောင်ပြီး ပိုးမကူးအောင် နည်းတွေ ကို ပြောခဲ့ပါတယ်။ အခုအပတ်မှာတော့ ဘီပိုးကာကွယ်ဆေး စနစ်တကျ ဆေးထိုး ကာကွယ်ဆေးနည်းတွေကို ပြောပြပါမယ်။)
ဘီပိုးကာကွယ်ဆေး စနစ်တကျထိုးနည်း
အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးပေါ်တာဟာ အနှစ် ၂ဝ ကျော်သွားပါပြီ။ ကမ္ဘာပေါ်မှာ ဘီပိုးကာကွယ်ဆေးထိုးပြီးတဲ့သူဟာ သန်းပေါင်းများစွာရှိနေပါပြီ။
ဒါကြောင့်မလို့ ကာကွယ်ဆေးအကြောင်း တိတိကျကျလေးသိဖို့ လိုအပ်ပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေးကို အဓိကအားဖြင့် နှစ်မျိုး နှစ်စားရှိပါတယ်။
(က) သွေးရည်ကြည်ကထုတ်တဲ့ ကာကွယ်ဆေး
(ခ) ရိစ်(တ်) တစေးက ထုတ်တဲ့ကာကွယ်ဆေး
(က) သွေးရည်ကြည်ကထုတ်တဲ့ ကာကွယ်ဆေး
သွေးရည်ကထုတ်တဲ့ ကာကွယ်ဆေးဆိုတာကတော့ ဘီပိုးရှိတဲ့ သူတွေရဲ့ သွေးတွေကနေ ကာကွယ်ဆေးကို ထုတ်တာပါ။ မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာနက ဒီလိုသွေးရည်ကြည်က ထုတ်တဲ့ကာကွယ်ဆေး ကို ထုတ်ခဲ့ဖူးပါတယ်။
အဲဒီတုန်းက ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ဆင့် မြန်မာနိုင်ငံဆေးသုတေသနဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ တဲ့ ကာကွယ်ဆေးပါ။ အဲဒီတုန်းက ဘယ်လို ကာကွယ်ဆေးထုတ်ခဲ့လဲဆို တော့ ဘီပိုးရှိလို့ စွန့်ပစ်ထားတဲ့ သွေးပုလင်းတွေကို ရန်ကုန်မှာရှိတဲ့ ဆေးရုံ တကာက လိုက်ကောက်ပါတယ်။ ပြီးတော့မှ အဲဒီလို ကောက်လာတဲ့ သွေး ပုလင်း လေးဆယ်လောက်မှာ စီပိုး၊ HIV ပိုး ရှိ မရှိ တုတ်ချောင်း (Stick) နဲ့ စစ်ပါတယ်။ ပြီးတော့မှ တခြား ပိုးတွေ မရှိတဲ့ ဘီပိုးရှိတဲ့ သွေးတွေကနေ သွေးရည်ကြည်ထုတ်ပြီး ဘီပိုးကာကွယ်ဆေးကို ထုတ်ပါတယ်။
အဲဒီလို ဘီပိုးကာကွယ်ဆေးတွေကို မသုံးသင့်တော့ဘူးဆိုပြီး ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှာ သွေးကထုတ်တဲ့ ဘီပိုးကာကွယ်ဆေး ထုတ်လုပ်မှုကို ပိတ်ပင်ထားပါတယ်။ ဘာလို့တုန်းဆိုတော့ ထုတ်လုပ်မှု တစ်နေရာရာမှာ နည်းစနစ်တစ်ခုခု ချွတ်ချော်သွားရင် ဘီပိုးအပြင် စီပိုး၊HIV ပိုးတွေပါ ဝင်သွားနိုင်ပါတယ်။
ဒါကြောင့် သွေးကထုတ်တဲ့ ဘီိပိုးကာကွယ်ဆေးကို တစ်ကမ္ဘာလုံးက လက်မခံတော့တာပါ။ မြန်မာနိုင်ငံမှာတော့ ဆက်လက်ထုတ်နေပါသေးတယ်။
(ခ) ရိစ်(တ်) တစေးက ထုတ်တဲ့ကာကွယ်ဆေး
ဒီဘီပိုးကာကွယ်ဆေးကတော့ ရိစ်(တ်) လို့ခေါ်တဲ့ တစေးကိုသုံးပြီး ထုတ်တဲ့ကာကွယ်ဆေးဆိုတော့ ရှေ့မှာပြောခဲ့တဲ့ သွေးရည်ကြည်ကို သုံးပြီး ထုတ်တဲ့ကာကွယ်ဆေးတွေလို စီပိုး၊HIV ပိုးတွေ ဝင်မှာကို စိုးရိမ်စရာ မရှိပါဘူး။ တကယ်ကို စိတ်ချရတဲ့ကာကွယ်ဆေးပါ။
မြန်မာနိုင်ငံမှာတော့ ကိုရီးယားအစိုးရရဲ့ အထောက်အပံ့နဲ့ တည် ဆောက်ထားတဲ့ အဲဒီလို ရိစ်(တ်) ကထုတ်တဲ့ ကာကွယ်ဆေး စက်ရုံ တစ်ရုံ စက်မှုဝန်ကြီးဌာနမှာရှိပြီး ရိစ်(တ်) ကထုတ်တဲ့ ဘီပိုးကာကွယ်ဆေးတွေကို ထုတ်နေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ရိစ်(တ်) ကထုတ်တဲ့ ကာကွယ်ဆေးတွေကို ပြော ရမယ်ဆိုရင်
(၁) စက်မှုဝန်ကြီးဌာနကထုတ်တဲ့LEVOVAX ဘီကာကွယ်ဆေး
(၂)Gloxo Smith Kline ကုမ္ပဏီကထုတ်တဲ့ ENGERIXB ကာကွယ်ဆေး
(၃) ပြင်သစ်နိုင်ငံSNOFI Co. . က ထုတ်တဲ့EUVAX ကာကွယ်ဆေး တို့ ဖြစ်ပါတယ်။
အဲဒီလို ရိစ်(တ်)ကထုတ်တဲ့ ကာကွယ်ဆေးတွေထဲမှာ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနက ထုတ်တဲ့LEVOVAX B ကာကွယ်ဆေးဟာ စိတ်လဲ ချရတယ်။ ဈေးလဲသက်သာတယ်။ ကာကွယ်ဆေးတစ်လုံးကို မြန်မာငွေကျပ် ၄ဝဝဝ ပတ်ဝန်းကျင်လောက်ပဲရှိပါတယ်။ နိုင်ငံခြားကထုတ်တဲ့ ဘီပိုးကာကွယ် ဆေးတွေကတော့ မြန်မာငွေကျပ် ၁ဝဝဝဝ အထက်မှာ ရှိပါတယ်။
ဘယ်ဘီပိုးကာကွယ်ဆေးကို ထိုးရမလဲ
အခုပြောခဲ့တဲ့ သွေးရည်ကြည်ကထုတ်တဲ့ ဘီပိုးကာကွယ်ဆေးနဲ့ ရိစ်(တ်) ကထုတ်တဲ့ ကာကွယ်ဆေး နှစ်ခုကို ယှဉ်ပြီးပြောရမယ်ဆိုရင် သွေးရည်ကြည်က ထုတ်တဲ့ကာကွယ်ဆေးကို လုံးဝ မသုံးသင့်ပါဘူး။ လုံးဝ မသုံးကြပါနဲ့။
ဘီပိုးကာကွယ်ဆေး ထိုးမယ်ဆိုရင် စက်မှုဝန်ကြီးဌာနကထုတ်တဲ့ ဘီပိုး ကာကွယ်ဆေးကိုပဲ ယုံယုံကြည်ကြည်နဲ့ ထိုးကြပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကလည်း အသိအမှတ်ပြုပြီးသားပါ။ ဈေးကလည်း အများကြီး သက်သာပါတယ်။
ဘီပိုးကာကွယ်ဆေးကို ဘယ်လိုထိုးရမှာလဲ
- ဘယ်နားထိုးမှာလဲ
- ဘီပိုးကာကွယ်ဆေးကို လူကြီးမှာဆိုရင် လက်မောင်းမှာ ထိုးပါ။ ကလေးမှာဆိုရင် ပေါင်ရှေ့ဘေးနားလေးမှာ ထိုးပါ။
- ဘယ်လောက်အားကို ထိုးမှာလဲ
- ကလေး ၁ဝ ခါ ထိုးပါ။
- လူကြီး ၂ဝ ခါ ထိုးပါ။
- ဘယ်လောက်ခြားပြီး ထိုးမှာလဲ
- အလွယ်ဆုံးနည်းကတော့ တစ်လတစ်လုံး သုံးလ ဆက်တိုက် ထိုးပါ။
- အခြေအနေ အချိန်အခါပေးမယ်ဆိုရင်တော့ ပထမ တစ်လုံးထိုး၊ နှစ်လကြာရင် တစ်လုံးထိုး၊ ခြောက်လကြာရင် တစ်လုံးထိုးပါ။
- ဘီပိုးကာကွယ်ဆေးထိုးရင် ဘီပိုး Positive ဖြစ်နိုင်လား
- ကျွန်တော့်မိတ်ဆွေ တပ်မတော်အရာရှိကြီးတစ်ဦးဟာ သင်တန်းတစ်ခုတက်စရာရှိလို့ ကျွန်တော့်ကို လာပြရင်းနဲ့ ဘီပိုးကို စစ်လိုက်တော့ ဘီပိုးမရှိပါဘူး။ သူက ဘီပိုးမရှိလို့ ဘီပိုးကာကွယ်ဆေးလည်း ထိုးမထားလို့ ကျွန်တော်က သူ့ကို ဘီပိုးကာကွယ်ဆေးထိုးပါလို့ ပြောလိုက်ပါတယ်။
- အဲဒီလိုပြောတော့ တပ်မတော်အရာရှိက ဘယ်လိုပြန်ပြောလဲ ဆိုရင် 'ဆရာ ကျွန်တော်က နောက်အပတ်မှာ သင်တန်းသွား တက်မှာ။ ဘီပိုးကာကွယ်ဆေးမထိုးရဲဘူး။ ဘီပိုး ကာကွယ် ဆေးထိုးထားရင် B+ ဖြစ်တတ်တယ်လို့ ပြောတယ်ဆရာ။ ကျွန်တော် ဘီပိုးကာကွယ်ဆေး မထိုးပါရစေနဲ့' လို့ ပြောပါ တယ်။
- အဲဒီလိုပြောရင် အရင်တုန်းက ကျွန်တော်က ဘယ်လိုပြော လေ့ရှိလဲဆိုတော့ 'ခင်ဗျားနှယ်ဗျာ၊ ဘယ်လိုမှ မဖြစ်နိုင်တာ၊ ဘီပိုးကာကွယ်ဆေးထိုးတာ ဘီပိုးမဝင်နိုင်အောင် ထိုးတာ ပေါ့။ ဘယ်လိုလုပ်ပြီး ဘီပိုးကာကွယ်ဆေးထိုးတာနဲ့  ဘီပိုး positive ဖြစ်နိုင်မလဲ'လို့ ပြောလေ့ရှိပါတယ်။
- နောက်အတွေ့အကြုံရလာတော့မှာ ဘီပိုးကာကွယ်ဆေးထဲမှာHBsAg တွေပါတာဆိုတော့ ဘီပိုးကာကွယ်ဆေး ထိုးလိုက် ရင် သွေးထဲမှာ တစ်လလောက်HBsAg တွေ ရှိနေမယ်။ ဒါကြောင့် ဘီပိုးကာကွယ်ဆေးထိုးထားတဲ့ သူတွေကို ဘီပိုးရှိမရှိ စစ်လိုက်မယ်ဆိုရင် တစ်လလောက်အတွင်းမှာHBsAg positive ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမေရိ ကန်နိုင်ငံမှာရှိတဲ့ သွေးလှူဘဏ်တွေက ဘီပိုးကာကွယ်ဆေး ထိုးပြီး တစ်လအတွင်းရှိတဲ့သူတွေ သွေးလှူမယ်ဆိုရင် လက်မခံပါဘူး။
- ပြန်ပြောရမယ်ဆိုရင် ဘီပိုးကာကွယ်ဆေးထိုးတဲ့သူတွေဟာ တစ်လအတွင်းမှာHBsAg positive ဖြစ်နိုင်ပါတယ်။ အရပ်ထဲမှာအခေါ်နဲ့ ပြောရမယ်ဆိုရင်B plus (B+) ဖြစ်နိုင်ပါတယ်။ ဘီပိုးဝင်သွားတာတော့ မဟုတ်ဘူး။ HBsAg positive ဖြစ်နေတာပါ။
- ဒါကြောင့် အရေးကြီးတဲ့အလုပ်အကိုင်တွေကို လျှောက်ထား တယ်၊ အရေးကြီးသင်တန်းတွေကို တက်မယ်ဆိုရင် ဘီပိုး ကာကွယ်ဆေး မထိုးကြပါနဲ့။
ဘီပိုးကာကွယ်ဆေးထိုးပြီး အောင်မအောင်ပြန်စစ်ဖို့
- ဘီပိုးကာကွယ်ဆေးထိုးပြီးရင် အောင်မအောင်လို့ခေါ်တဲ့ ကိုယ်ခံ အား(Antibody ) ပေါ်မပေါ် ပြန်စစ်ဖို့ လိုမလိုဆိုတာ မကြာ ခဏ မေးလေ့ရှိပါတယ်။
- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မေးမယ်ဆိုရင်တော့ ဘီပိုးကာကွယ် ဆေး သုံးလုံးထိုးပြီးရင် အောင်မအောင် ဗညအငဘသိပ ပြန်စစ်ဖို့ မလိုပါဘူးလို့ဘဲ ပြောရပါမယ်။
- ဒါပေမယ့်လို့ တစ်ဦးချင်းအနေနဲ့ လာမေးမယ်ဆိုရင်တော့ ဘီပိုးကာကွယ်ဆေး နောက်ဆုံးအလုံး ထိုးပြီး တစ်လအကြာမှာ အောင်မအောင် Antibody ပြန်စစ်သင့်ပါတယ်။
- Antibody ဟာ ၁ဝဝဝ အောက်ဆိုရင် တစ်လုံးပြန်ထိုးသင့်ပါတယ်။
- ဘီပိုးကာကွယ်ဆေးထိုးပြီး ငါးနှစ်ကြာရင် ဘီပိုးကာကွယ်ဆေး တစ်လုံးပြန်ထိုးရမယ်ဆိုတာလည်း မဟုတ်ပါဘူး။
- တကယ်တော့ Antibody ကို ပြန်စစ်သင့်ပါတယ်။ Antibody က ၁ဝဝဝ ကျော်နေရင် ဘီပိုးကာကွယ်ဆေးထိုးပြီး ငါးနှစ်မက လို့ ဘယ်လောက်ပဲကြာကြာ ပြန်ထိုးစရာမလိုပါဘူး။
အနှစ်ချုပ်
- ဘီပိုးကာကွယ်ဆေးထိုးမယ်ဆိုရင် သွေးရည်ကြည်က ထုတ်တဲ့ ကာကွယ်ဆေးကို လုံးဝမထိုးပါနဲ့။
- ရိစ်(တ်)လို့ ခေါ်တဲ့ တစေးကထုတ်တဲ့ ကာကွယ်ဆေးကိုပဲ ထိုးပါ။
- ရိစ်(တ်)ကထွက်တဲ့ ဘယ်ကာကွယ်ဆေးကို ထိုးရမှာလဲလို့ မေးရင် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ကာကွယ်ဆေးကို ဦးစားပေးထိုးပါ။
- GSK ကုမ္ပဏီနဲ့ Sanofico ကုမ္ပဏီတွေက ထုတ်တဲ့ ရိစ်(တ်) ကာကွယ်ဆေးတွေကိုလည်း ထိုးလို့ရပါတယ်။ ဈေး တော့ ကြီးတာပေါ့။
- အရေးကြီးတဲ့သင်တန်းတွေတက်မယ်၊ အလုပ်တွေ လျှောက် မယ်ဆိုရင် တစ်လအတွင်း ဘီပိုးကာကွယ်ဆေး မထိုးပါနဲ့။
(နောက်အပတ်မှာတော့ ဘီပိုးအကြောင်း သိကောင်းစရာများကို ဆက်လက်ရေးပြသွားပါမယ်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment