Thursday, October 3, 2013

သီတဂူဆရာတော်ပြောသောနိုင်ငံရေး

အချို့သော နိုင်ငံရေး အမြတ်ထုတ်လိုသူများက ၎င်းတို့အကျိုးအတွက် ဘာသာမတူသည့် ပြည်သူများအကြား အမုန်းတရား ကြီးထွားအောင် အခြေအနေအား ပုံကြီးချဲ့တတ်သည်ကို သတိချပ်သင့်ဟု သီတဂူဆရာတော် မိန့်ကြား အချို့သော နိုင်ငံရေး အမြတ်ထုတ်လိုသူများက ၎င်းတို့အကျိုးအတွက် အသုံးချပြီး ဘာသာမတူသည့် ပြည်သူများအကြား အမုန်းတရား ကြီးထွားအောင် အခြေအနေအား ပုံကြီးချဲ့တတ်သည်ကို အားလုံးက သတိချပ်သင့်သည်ဟု သီတဂူဆရာတော် ဒေါက်တာဥာဏိဿရက အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပသော ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲတွင် မိန့်ကြားသည်။ ပဋိပက္ခများ မည်သို့ပင် ပေါ်ပေါက်သည်ဖြစ်စေ တစ်မြေတည်းမှာနေ၊ တစ်ရေတည်း သောက်နေကြသည့် သူတွေအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်ခွင့်လွှတ်ခြင်းဖြင့် ပဋိပက္ခများကို ပြေငြိမ်းသင့်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး သဘောထားချင်း မတိုက်ဆိုင်ကြခြင်းသည် ဖြေရှင်း၍ မရသော ကိစ္စမျိုး မဟုတ်ကြောင်း၊ အားလုံးလုပ်ဆောင် သင့်သည်မှာ မိမိတို့ ကိုးကွယ်ရာ ဘာသာတရား၏ အဆုံးအမများကို လိုက်နာကျင့်သုံးရင်း ငြိမ်းချမ်းပြီး အကြမ်းမဖက်သော ဆွေးနွေးညှိနှိုင်းမှုများဖြင့် အတူလက်တွဲ နေထိုင်သွားနိုင်သည့် အခြေအနေ တစ်ရပ်ကို ဖော်ဆောင်သွားကြရန်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ လက်ရှိ ကမ္ဘာကြီးတွင် နိုင်ငံရေးလောကကိုပဲ ကြည့်ကြည့်၊ စီးပွားရေး လောကကိုပဲ ကြည့်ကြည့်၊ လူမှုရေး လောကကိုပဲ ကြည့်ကြည့် မည်သည့်လောကတွင်မှ တည်ငြိမ်မှုမရှိ ဖြစ်နေပြီး အေးချမ်းမှုမရှိ ဖြစ်နေကြောင်း၊ ပြည်စုံမှုမရှိ ဖြစ်နေကြောင်း၊ တုန်လှုပ်ချောက်ချားနေသော ကမ္ဘာကို တည်ငြိမ်မှုဖြစ်အောင် အားလုံးနည်းလမ်းရှာ ကြရမှာဖြစ်ကြောင်း သီတဂူ ဆရာတော်ကြီးက မိန့်ကြားသည်။ သီတဂူ ဆရာတော်က "အဲဒီ မတည်ငြိမ်မှုတွေ၊ လောင်ကျွမ်းမှုတွေ၊ ရန်ဖြစ်မှုတွေဟာ သက်ဆိုင်ရာ ဘာသာတရားတွေရဲ့ အဆုံးအမအောက်မှာ တည်ငြိမ်အေးချမ်းနေတဲ့ ဘာသာရေး လောကထဲသို့ ၀င်ရောက်လာနေ ကြပါပြီ။ အဲဒါတွေအတွက် ဒီလိုအစည်းအဝေးမျိုး တွေကနေ ဆွေးနွေးညှိနှိုင်း၍ အဖြေရှာပြီး တည်ငြိမ်အေးချမ်းမှုကို ၀ိုင်းဝန်းတည်ဆောက်ကြဖို့ ဖြစ်ပါတယ်" ဟု မိန့်ကြားသည်။ "စိတ်ဓာတ် မွဲပြာကျမှု၊ အသိဥာဏ် ခေါင်းပါးမှု အပိုင်းမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်တွေအားလုံး ၀ိုင်းဝန်းမြှင့်တင်ပေးဖို့ တာဝန်ရှိပါတယ်။ စီးပွားရေး မွဲပြာကျမှု အပိုင်းမှာတော့ သက်ဆိုင်ရာ အစိုးရတွေက တိုးတက်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်" ဟု သီတဂူ ဆရာတော်က မိန့်ကြားသည်။ နိဂုံးချုပ်တွင် သီတဂူ ဆရာတော်ကြီးက မည်သည့်ဘာသာကို ကိုးကွယ်သည့် မည်သည့်ဘာသာဝင်မဆို မိမိတို့ ဘာသာတရား၏ အဓိပ္ပာယ် အနှစ်သာရကို မှန်ကန်စွာ နားလည်နိုင်အောင် လေ့လာသင်ကြားရန် တိုက်တွန်းလိုကြောင်းနှင့် ဘာသာဝင်တိုင်းသည် ကိုယ့်ဘာသာတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးမှု မရှိခြင်းသည်လည်း လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို နှောင့်ယှက်ထိခိုက် စေနိုင်သည့် အကြောင်းအရင်း တစ်ခုဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံပွဲ၌ သီတဂူဆရာတော် မိန့်ကြားစဉ် -- Sent from my Android phone with EMAIL 4 MM.

No comments: