Friday, November 25, 2016

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ နေပြည်တော်တွင် ယနေ့ တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ နေပြည်တော်တွင် ယနေ့ (နိုဝင်ဘာလ ၂၅ ရက်နေ့) ညနေတွင် တွေ့ဆုံမည် ဖြစ်ကြောင်း KNU ခေါင်းဆောင်ပိုင်းထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခသစ်များ ပေါ်ထွက်လာပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် မရေရာမှုများ ဖြစ်ပေါ်လာချိန် တပ်မတော် ခေါင်းဆောင်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် KNU တို့ တွေ့ဆုံရန် စီစဉ်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် KNU ဥက္ကဋ္ဌမှာ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန် စီစဉ်နေသော်လည်း မသေချာသေးဟု တွေ့ဆုံပွဲ စီစဉ်သူများထံမှ သိရသည်။

“လက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေး အခြေအနေတွေကို ဆွေးနွေးကြမှာပါ။ ငြိမ်းချမ်းရေး ဆိုတာက သေနတ်နဲ့ တည်ဆောက်လို့ မရဘူးလေ” ဟု ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမည့် အစီအစဉ်နှင့် လတ်တလော အခြေအနေများအပေါ် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက  မှတ်ချက်ပြု ပြောဆိုသည်။

စောမူတူးစေးဖိုး ဦးဆောင်သော KNU အဖွဲ့မှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရ၊ တပ်မတော်တို့နှင့် ဆက်ဆံရေး အကောင်းဆုံး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အဖြစ် သတ်မှတ်ခံရပြီး NLD အစိုးရ လက်ထက်တွင်မူ KNU နှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမှုများ ကျဲပါးသွားခဲ့သည်။

လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များစွာ အနက် ဝါအရင့်ဆုံး အဖွဲ့အစည်းဟု သတ်မှတ်ခံရသော KNU မှာ အခြားသော ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ခု ဖြစ်သည့် DKBA နှင့် KNU/KNLA (PC) တို့ကိုလည်း နိုင်ငံရေးအရ ဦးဆောင်နေသောအဖွဲ့ ဖြစ်သည်။       

THE VOICE

No comments: