Wednesday, November 16, 2016

MPT ၏ 4G ဝန်ဆောင်မှု အကြောင်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ 4G ဝန်ဆောင်မှုကို သတ်မှတ်နေရာများတွင် စတင်ဝန်ဆောင်မှု ပေးနေပြီး ၂၀၁၇ ခုနှစ်တွင် အပြည့်အဝ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ Deputy Director for Marketing of MPT-KSGM Joint Operations ဖြစ်သူ  ဦးခင်မောင်မြင့်အား အင်တာနက်ဂျာနယ်မှ သွားရောက်တွေ့ဆုံခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ 4G ဝန်ဆောင်မှုက 4G တာဝါတိုင်တွေကို စိုက်ထူပြီး သီးသန့်ဝန်ဆောင်မှု ပေးတာလား၊ ရှိပြီးသား တာဝါတိုင်တွေကို 4G အဆင့်မြှင့်ပြီးတော့ ပေးတာလားဆိုတာ အရင်ဆုံးသိလိုပါတယ်။

ကျွန်တော်တို့ 4G ဝန်ဆောင်မှုက ရန်ကုန်၊ နေပြည်တော် အဓိကမြို့ကြီးတွေမှာ စတင်ပေးတယ်၊ ဒါက နံပါတ်တစ် ဦးစားပေးပေါ့၊ နံပါတ်နှစ်ကတော့ MPT အများဆုံးသုံးတဲ့နေရာကို လေ့လာဆန်းစစ်ရမယ်၊ အဲလို လုပ်ပြီးတော့ လက်ရှိရှိတဲ့ တိုင်တွေမှာ အဆင့်မြှင့်တာရှိသလို ထပ်ပြီးတာဝါတိုင် တိုးချဲ့ဖို့လိုရင်လည်း ကျွန်တော်တို့ လုပ်သွားမယ်။ အဓိကတော့ အသုံးပြုသူ (Customer) ရဲ့လိုအပ်ချက်အပေါ် မူတည်ပြီးတော့ လုပ်သွားမယ်။

လက်ရှိပေးထားတဲ့ ခြောက်နေရာမှာကရော ဘယ်လိုပုံစံမျိုးနဲ့ ပေးထားတာပါလဲခင်ဗျ။

လက်ရှိပေးထားတဲ့ ခြောက်နေရာမှာ တကယ်တော့ ဒီနေရာတွေမှာက အဆောက်အဦတွေမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ နေရာအရင် ရွေးရတာပေါ့။ အဆောက်အဦတွေရဲ့ ပိုင်ရှင်ကလက်ခံမှ ကျွန်တော်တို့ လုပ်လို့ရမှာလေ။ နောက်ပြီးတော့ ဒီနေရာတွေက တကယ့်ကို လူစည်ကားတဲ့ နေရာတွေ၊ လူအဝင်အထွက် အရမ်းများတဲ့ နေရာတွေ ဖြစ်တယ်၊ MPT ရဲ့ 3G ကွန်ရက်ကို အားပေးနှစ်ခြိုက်ကြတဲ့ သုံးစွဲသူတွေအတွက် အနှောင့်အယှက် မဖြစ်စေဖို့ အခုကာလမှာ 4G ဝန်ဆောင်မှုကို အဆောက်အဦ အတွင်းပိုင်းတွေမှာပဲ အသုံးပြုလို့ရအောင် စီစဉ်ထားခြင်း ဖြစ်ပါတယ်။ 4G ကွန်ရက်တည်ဆောက်မှု အားလုံးပြီးစီးသွားတဲ့ အခါမှာ MPT အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ 4G ဝန်ဆောင်မှုတွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။

MPT ရဲ့တာဝါတိုင်တွေထဲမှာ 4G ရတာက ဘယ်နှစ်ခုလောက် ရှိမလဲခင်ဗျာ။

တကယ်တော့ အတိအကျ မပြောလိုသေးပါဘူး။ နှစ်ကုန်ပိုင်း လောက်မှာတော့ တာဝါတိုင်တွေ တိုးချဲ့သွားဖို့ ရှိပါတယ်။ 4G ဘယ်လောက် ရမလဲဆိုတာတော့ ကျွန်တော်တို့ မပြောသေးဘူး။

အသုံးပြုသူ တစ်ယောက်အနေနဲ့ 4G သုံးချင်တယ်။ အဲဒါဆိုရင် ဘယ်ကနေစပြီး လုပ်ဖို့လိုမလဲဆိုတဲ့ အဆင့်ကို ပြောပြပေးပါခင်ဗျာ။

4G သုံးမယ်ဆိုရင် အသုံးပြုသူရဲ့ ဆင်းမ်ကတ်က 4G အသုံးပြုလို့ရတဲ့ ဆင်းမ်ကတ်ဖြစ်ဖို့ လိုတယ်။ နံပါတ်နှစ် အချက်ကတော့ ကွန်ရက် (Network) ကတော့ 4G ကွန်ရက် ဖြစ်ရမယ့်အပြင် ဆွေသဟာဖြစ်ဖို့ လိုပါမယ်။ နံပါတ်သုံးကတော့ အသုံးပြုသူရဲ့ ဟန်းဆက်က 4G အသုံးပြုနိုင်တဲ့ ဟန်းဆက်ဖြစ်ရပါမယ်။ အခြေခံကတော့ ဒီသုံးခုပါပဲ။

ကိုယ့်ဆင်းမ်ကတ်က 4G ရမရ စစ်နိုင်တာမျိုး ဝန်ဆောင်မှု တစ်ခုအနေနဲ့ MPT က လုပ်သွားဖို့ ရှိပါသလား။

4G Network ဝင်ရင်တော့ 4G (သို့မဟုတ်) LTE ဆိုတာ ပေါ်လာမှာပဲ။ 4G ကွန်ရက်ကိုပြောင်းဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ပြန်ကြေညာပေးပါ့မယ်။ ဘယ်နေရာ 4G ကွန်ရက်ရနေပြီလဲဆိုတာ ကျွန်တော်တို့ တိတိကျကျကြေညာ ပေးသွားမှာပါ။ အသုံးပြုသူ အနေနဲ့ကတော့ 4G ကွန်ရက် အသုံးပြုသူရဲ့ ဆင်းမ်ကတ်ဟာ 4G ဟုတ်မဟုတ် စစ်ဖို့လိုတယ်။ MPT ရဲ့ နောက်ထုတ်တဲ့ ဆင်းမ်ကတ် တော်တော်များများက 4G ကို အသုံးပြုနိုင်ပါတယ်။ 2G ဆင်းမ် အနည်းငယ်လောက်ကိုပဲ 4G ပြောင်းပေးဖို့လိုမယ်။

အသုံးပြုသူ တစ်ယောက်အနေနဲ့ ကိုယ့်ဆင်းမ်ကတ်ကို 4G စနစ်ကိုလဲဖို့ လိုမယ်ဆိုတာ ဘယ်လိုသိနိုင်ပါသလဲ။

ဘယ်ဖုန်းတွေက ဆင်းမ်ကတ်အဟောင်း ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ စာရင်းရှိပါတယ်။ အဲဒါတွေကိုလဲဖို့ လိုလာတဲ့အခါ SMS ပို့ပေးသွားမှာ ဖြစ်ပါတယ်။

1800 MHz လှိုင်းနှုန်းစဉ် အသုံးပြုခွင့်ရတဲ့အခါ 4G တာဝါတိုင်တွေ ဘယ်လိုပုံစံ တိုးချဲ့မလဲခင်ဗျာ။

MPT က 1.8GHz spectrum ကိုရတာနဲ့ တစ်နိုင်ငံလုံး အနေအထားနဲ့ ဝန်ဆောင်မှုပေးသွားဖို့ ပြင်ဆင်နေပါတယ်။ စစချင်းမှာတော့ အဓိကမြို့ကြီးတွေနဲ့ လူဦးရေထူထပ်တဲ့ နေရာတွေမှာ အရင်မိတ်ဆက် သွားပါမယ်။ ပြီးမှ ကျန်နေရာတွေကို ဖြည့်တင်းသွားပါမယ်။

ဆွေသဟာ အစီအစဉ်ကို အသုံးပြုတဲ့ သူတွေကိုပဲ ဘာလို့ 4G စနစ်ပေးရတာပါလဲ။

ဆွေသဟာ ဖြစ်သွားတာနဲ့ ဒီဖုန်းတွေဟာ ဈေးနှုန်းသက်သာလာမှာပါ။ ပြီးတော့  အင်တာနက် မြန်နှုန်းပိုမြင့်တာကိုလည်း ခံစားရမှာပါ။

CDMA 800 Mhz လိုမျိုး မြို့မှာအသုံးပြုနိုင်ပေမယ့် ဆွေသဟာမရတာမျိုး ရှိပါတယ်။ အဲဒါမျိုးတွေအတွက်ကော အစီအစဉ်တွေ ရှိပါသလားခင်ဗျာ။

ကျွန်တော်တို့ အသုံးပြုသူတွေအတွက် ပိုပြီးလွယ်ကူ အဆင်ပြေစေအောင် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ၊ အဆင့်မြှင့်တင်ဖို့တွေ ရှိပါတယ်။

MPT ရဲ့ 4G ကွန်ရက်အမြန်နှုန်း ဘယ်လောက်ရှိနိုင် မလဲခင်ဗျ။

5M Bandwidth ကို အမြင့်ဆုံး 37.5 Mbps နဲ့ရနိုင်မှာပါ။

ဒီအမြန်နှုန်းက လက်ရှိ 3G အမြန်နှုန်းထက်တောင် နှေးကွေးတယ် မဟုတ်လား။

5M Bandwidth ကိုအမြင့်ဆုံး 37.5 Mbps နဲ့ရရှိနိုင်မှာပါ။ Spectrum အသစ်ရတဲ့အခါ bandwidth များများထပ်ချပြီး သွားမှာဖြစ်တဲ့အတွက် အမြန်နှုန်းကို 75 Mbps နဲ့ 150 Mbps ဆိုပြီး ပိုတိုးပြီးရလာမယ်လို့ ကျွန်တော်တို့မျှော်မှန်း ထားပါတယ်။

4G ဆင်းမ်ကတ် ဘယ်လောက်များများ ဖြန့်ချိရောင်းချ ပြီးပါပြီလဲ။

4G စနစ် ထောက်ပံ့ထားတဲ့ nano ဆင်းမ်ကတ်တွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရောင်းချပေးခဲ့ပြီး ဖြစ်ပါတယ်။ အတိအကျကိုတော့ ပြောပြလို့မရပါဘူး ခင်ဗျာ။

4G ဝန်ဆောင်မှုအတွက် MPT ရဲ့ ဈေးကွက်ရှာဖွေရေး မဟာဗျူဟာတွေက ဘာဖြစ်မလဲ။

ကျွန်တော်တို့က 4G ဝန်ဆောင်မှုကို တတ်နိုင်သမျှ လူအမြောက်အမြားဆီကို အရောက်ပို့ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူများအားလုံး 4G ဝန်ဆောင်မှုကို ရယူနိုင်ဖို့ နည်းလမ်းရှာဖွေ သွားမှာပါ။ MPT ရဲ့ဈေးကွက် ဗျူဟာအရ မီဒီယာတွေကတစ်ဆင့် MPT အသုံးပြု သူတွေကိုဖြစ်စေ၊ မပြုသူတွေကိုဖြစ်စေ OOH, PoSM အသုံးပြုတာ တွေကဖြစ်စေ၊ နောက်ပြီးတော့ SMS ကတစ်ဆင့်ဖြစ်စေ နည်းမျိုးစုံကို အသုံးချပြီးတော့ သိရှိအောင်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။

4G ဝန်ဆောင်မှုကို တစ်နိုင်ငံလုံး အနေအထားနဲ့ ရာခိုင်နှုန်းဘယ်လောက်ကို လွှမ်းခြုံသွားမှာပါလဲ။

MPT က 1.8 GHz ကိုအသုံးပြုပြီး 4G ဝန်ဆောင်မှု အပြည့်အဝပေးသွားမှာပါ။ ၂၀၁၇ ခုနှစ် အစောပိုင်းလောက် ဖြစ်မယ်လို့ ထင်ပါတယ်။

3G ကွန်ရက်က အပြည့်တောင် မရသေးဘူး။ 4G ကို ဘာလို့တက်ပြီး လုပ်သလဲဆိုပြီး ပြောတာတွေ တွေ့ရပါတယ်။ အဲဒီအပေါ် MPT ရဲ့ Feed back လေးသိချင်ပါတယ်။

နည်းပညာတွေ ဆန်းသစ်လာတဲ့အခါ ကျွန်တော်တို့က အသုံးပြုသူတွေကို နည်းပညာရဲ့ဆန်းသစ်မှုကို ခံစားစေချင်တယ်။ နောက်တစ်ခုက 3G အပြည့် မပေးဘူးဆိုတာက အခုလက်ရှိ ကျွန်တော်တို့ 3G ကို ၉၆ ရာခိုင်နှုန်းအထိ ပေးနေပါတယ်။ နေရာတော်တော်များများမှာ ရနေပါတယ်။ ဆိုတော့ ကျွန်တော်တို့က 4G ကို သွားကိုသွားရမှာလေ။ Data High Value Customer တွေကျရင် လက်ရှိသုံးနေတဲ့ မြန်နှုန်းထက် ပိုပြီးမြန်တဲ့မြန်နှုန်းကို ပိုပြီးလိုချင်ကြတယ်။ ဒါကြောင့် 4G ကိုသွားမယ်။ 3G သွားသလိုမျိုးတော့ သွားမှာမဟုတ်ဘူး။ ဈေးကွက်ဝေစုများတဲ့ နေရာတွေ၊ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုသူရှိတဲ့ နေရာတွေ ဒီနေရာတွေမှာ ဦးစားပေးပြီးတော့မှ တစ်နိုင်ငံလုံးကို သွားမှာပါ။

BY ထွန်းထွန်း

No comments: