Wednesday, November 16, 2016

မောင်တောမြို့နယ် မြောက်ပိုင်း တိုင်းရင်းသား ကျေးရွာများတွင် ရွာပြင်မထွက်နိုင်သဖြင့် စပါးခင်းများ ရိတ်သိမ်းချိန်လွန်ကာ ပျက်စီးဆုံးရှုံးမှုများ ရှိနေ

မောင်တောမြောက်ပိုင်း လောင်းဒုံကျေးရွာတွင် မရိတ်သိမ်းနိုင်သေးသော စပါးခင်းများကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက တွေ့ရစဉ်

မောင်တောမြို့နယ် မြောက်ပိုင်း တိုင်းရင်းသား ကျေးရွာများတွင် ရွာပြင်မထွက်နိုင်သဖြင့် စပါးခင်းများ ရိတ်သိမ်းချိန်လွန်ကာ ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ထို့အပြင် တစ်နေ့ရှာ တစ်နေ့စားနေရသော ကျေးရွာသားများ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်နေပြီဖြစ်ကာ လမ်းများ ပိတ်ထားသဖြင့် အလှူအဖွဲ့များလည်း လာရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားရာနှင့် အနီးဆုံးကျေးရွာ ဖြစ်သော ရွက်ညိုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီက “အခု အချိန်ကလည်း စပါးခင်းတွေက ရွှေဝါရောင်ဖြစ်လို့ ရိတ်သိမ်းချိန် ဖြစ်နေပေမယ့် မရိတ်သိမ်းနိုင်တော့ဘူး။ ရွာထဲက ရွာပြင်ကို မထွက်နိုင်တော့ စပါးခင်းတွေကိုလည်း ပစ်ထားလိုက်ရပါတယ်။ စားဝတ်နေရေးက ရွာပြင်ထွက်မရတဲ့အခါ လက်လုပ်လက်စားတွေ ဖားရှာငါးရှာ မလုပ်နိုင်တော့ တော်တော် အခက်အခဲ ကြုံတွေ့နေရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ လာလှူမှ စားဖို့ အဆင်ပြေပါမယ်။ နောက်ငါးရက်စာလောက်ပဲ ရိက္ခာ ကျန်ပါတော့တယ်။ လမ်းလည်း ပိတ်နေတော့ ဘာမှမရှိ ဖြစ်နေပြီ။ မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြ အကူအညီတောင်းထားပါတယ်။ အခုပိတ်မိနေတဲ့ ကျွန်တော်တို့ ရွာသားတွေ စားနပ်ရိက္ခာ လိုအပ်နေပါတယ်။ ဒါကြောင့် ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သရက်အုပ်၊ ရွက်ညိုတောင်ဖက်ကို အမြန်ဆုံး ရောက်စေချင်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်း ရွာနီးပါးချင်းမှ ဘင်္ဂါလီများ ဆူပူမှုများ၊ အကြမ်းဖက်မှုများ၊ မိုင်းထောင်မှုများ ရှိလာသဖြင့် အနီးဆုံး ကြိမ်ချောင်းကျေးရွာသို့ပင် သွားမရတော့ကြောင်းနှင့် စပါးရိတ်သိမ်းစက် ရောက်ရှိနေသော်လည်း စပါးရိတ်သိမ်းရန် မဖြစ်နိုင်ကြောင်း လောင်းဒုံကျေးရွာသားများက ပြောကြားသည်။

လောင်းဒုံကျေးရွာမှ ဦးကျော်ဝင်းက “စပါးခင်းတွေကို ဒီအတိုင်း ပစ်ထားလိုက်ရတယ်။ စပါးရိပ်စက်တော့ နိုဝင်ဘာ ၁၁ ရက်က ရောက်နေတယ်။ စပါးခင်းတွေကတော့ အားလုံးအပင်ကျိုးပြီး ပျက်စီးသွားကြပြီ။ ခြံပြင် ရွာသားတွေမှာလည်း စပါးခင်းတွေကို ဒီအတိုင်း ပစ်ထားလိုက်ရတယ်။ ရိတ်သိမ်းဖို့ လူကလည်း မရှိ၊ စပါးရိတ်သူတွေကလည်း ရွာကို ကာကွယ်နေရတော့ ဘယ်မှ ထွက်အလုပ်မလုပ်နိုင်ကြဘူး။ အခု နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်းမှာ ပိုဆိုးပြီး ရွာနားက ဘင်္ဂါလီတွေက တော်တော် ဆူပူမှုတွေ လုပ်တယ်။ ကားလမ်းမှာ မိုင်းပေါက်တယ်ဆိုတော့ အနီးအနားက နှစ်မိုင်လောက်သာဝေးတဲ့ ကြိမ်ချောင်းကိုတောင် မသွားနိုင်သေးဘူး။ ရိက္ခာကလည်း နောက်သုံးရက်စာလောက်သာ ကျန်တော့တယ်။ စီးပွားရေးလုပ်ကိုင်ဖို့ကိုထား ဟင်းရှာငါးရှာတောင် မသွားနိုင်တော့တဲ့ အနေအထား ဖြစ်နေပါတယ်။ ရှိတဲ့သူတွေက မရှိတဲ့သူတွေကို ဝေငှစားနေကြရတယ်” ဟု ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် စပါးကို အဓိက စိုက်ပျိုးသည့် ခြံပြင်ကျေးရွာတွင်လည်း စပါးရိတ်သိမ်းချိန်တွင် စပါးမရိတ်သိမ်းနိုင်သဖြင့် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မောင်တောမြောက်ပိုင်းတွင် အဓိက စပါးစိုက်ပျိုးသည့် ခြံပြင်ကျေးရွာသား ဦးနေမင်းသန့်က “ကျွန်တော်တို့ရွာက အဓိက စပါးစိုက်တယ် ဆိုတော့ အခု စပါးခင်းတွေကို သွားမကြည့်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။ ကိုယ့်စပါးခင်းတွေကို မြင်ပြီး ထိုင်ကြည့်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ စပါးရိတ်ဖို့ လူလည်း မရှိ၊ အရင်ကတော့ တစ်ခြားရွာတွေက စပါးလာရိတ်သူတွေ ရှိပေမယ့် အခုက မသွားမလာနိုင်တော့ စပါးခင်းတွေကို ဒီအတိုင်း ကြည့်နေရတယ်။ စပါးက အချိန်လွန်ရင် ပျက်စီးသွားပါတယ်။ ကျွဲ၊ နွားတွေကို ထိန်းဖို့၊ အိမ်ကိုစောင့်ဖို့ လူမလိုက်နိုင် ဖြစ်နေတယ်။ ရိက္ခာဆန်ကလည်း ကုန်ပါပြီ။ ရခိုင်တိုင်းရင်းသားပိုင်တဲ့ ဧက ၃၀၀ ကျော် ရှိတယ်။ ဒါပေမဲ့ ဧက ရာခိုင်နှုန်း ၂၀ တောင် မရိတ်သိမ်းနိုင်သေးဘူး။ အစိုးရက ပို့တဲ့ စပါးရိတ်သိမ်းစက်လည်း ရွာကို မရောက်သေးဘူး။ ရွာမှာရှိတဲ့ စက်ကလည်း မောင်းမယ့်သူမရှိ ဖြစ်နေတယ်။ ဒီလိုသာ ဆိုရင် ကျွန်တော်တို့ စားရေး အခက်အခဲ ဖြစ်နေပါတော့မယ်။ နောက်ပြီး ပုစွန်ကန်တွေကို ပစ်ထားရတဲ့ အနေအထား ဖြစ်နေတယ်။ စပါးခင်းတွေရော ပုစွန်ကန်ကိုရော မသွားနိုင်တော့ဘူး။ လမ်းတွေ ပိတ်နေတော့ စားကုန်သောက်ကုန်တွေလည်း မရှိတော့ဘူး။ ငါးခူရဈေးလည်း ပိတ်ထားတယ်။ ဈေးကိုလည်း မသွားနိုင်တော့ တော်တော်လေး အခက်အခဲ ဖြစ်နေပါတယ်။ လမ်းပြန်ပွင့်မှပဲ အဆင်ပြေပါမယ်” ဟု ဆိုသည်။

ခြံပြင်ကျေးရွာတွင် နေအိမ် ၅၉ လုံးသာ ရှိပြီး လူဦးရေ သုံးရာကျော်သာ ရှိကြောင်း သိရသည်။ မောင်တောမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ဒေသခံများ စပါးအချိန်မီ ရိတ်သိမ်းနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ စပါးရိတ်သိမ်းစက် ၁၀ စီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စပါးရိတ်သိမ်းခြွေစက် (ကြီး) နှစ်စီးနှင့် (အသေး) ငါးစီး အပါအ၀င် စပါးရိတ်စက် အသေး ၃၀ စီးအား ပို့ဆောင်ပေးထားကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတို့က နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက မယင်းတောင် ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ပွင့်ဖြူချောင်းကျေးရွာတို့တွင် အကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အားများပြားမှုကြောင့် တပ်မတော် (လေ)မှ အမ်အိုင်-၂ ရဟတ်ယာဉ် နှစ်စင်းဖြင့် အဆိုပါနေ့ ညနေပိုင်းအထိ ပစ်ကူပေး တိုက်ခိုက်ခဲ့ရကြောင်းနှင့် တိုက်ပွဲဖြစ်စဉ်အတွင်း တပ်မတော်မှ စစ်ကြောင်းမှူးတစ်ဦးနှင့် တပ်မတော်သားတစ်ဦး  တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

ယင်းနောက်ပိုင်း နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမားများက ကားလမ်းတွင် မိုင်းခွဲခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း လောင်းဒုံအုပ်စုအတွင်းမှ ဘင်္ဂါလီများ ရုတ်တရက် ပြောင်းရွှေ့မှုများနှင့် တစ်ဆက်တည်း အကြမ်းဖက်သမားများက ကြိမ်ချောင်းရဲစခန်းသို့ ၀င်ရောက်တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် တပ်မတော်သားများကို ရဟတ်ယာဉ်ဖြင့် ကြိမ်ချောင်းကျေးရွာသို့ ပို့ဆောင်ကာ လုံခြုံရေးရယူခြင်းများ ဆောင်ရွက်ခဲ့ရသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ၀င်ရောက်စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အဆိုပါ နယ်မြေများအတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် ရှင်းလင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် မောင်တောဖြစ်စဉ်အတွင်း မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူး အပါအ၀င် အရာရှိ၊ စစ်သည် ခုနစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ၊ စစ်သည် ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနှင့် ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်း မရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ကိုးကြိမ်၊ ဘင်္ဂါလီ ဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ကိုးကြိမ်၊ နှောင့်ယှက် ပစ်ခတ်ခံရမှု သုံးကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု သုံးကြိမ် ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Writer: 

သားရွှေဦး (ကစ္ဆပ)

No comments: