ရန်ကုန်မြို့ရှိ ကွန်ဒိုအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ကွန်ဒိုတိုက်ခန်းသစ် ဈေးကွက် အေးနေသော်လည်း Luxury အခန်းများမှ လွဲ၍ ကျန်တိုက်ခန်းများသည် ပြီးခဲ့သော လေးလပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာပြီး နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်မှုကြောင့် ကျပ်ငွေအစား ဒေါ်လာဖြင့် ရောင်းချလာကြောင့် နိုင်ငံတကာ အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်း Colliers International က နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၆ ခုနှစ် တတိယ လေးလပတ်အတွင်း အသေးစား ကွန်ဒိုတိုက်ခန်း စီမံကိန်း သုံးခုမှ အခန်းပေါင်း ၁၁၃ ခန်း အပါအ၀င် အခန်းပေါင်း ၁၄၈၉ ခန်း ထပ်မံထွက်ရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွင်း ရောင်းချရန် ကွန်ဒိုတိုက်ခန်း စုစုပေါင်း ၆၁၈၂ ခန်း ဈေးကွက်အတွင်း ရှိမည်ဟု မျှော်မှန်းထားကာ ယင်းစီမံကိန်းများထဲတွင် အဆောက်အအုံ လေးလုံး ပါဝင်သော Golden City Phase 1 နှင့် GEMS Garden Condominium တို့မှ ကွန်ဒိုတိုက်ခန်း အချို့လည်း ပါဝင်သည်။
Colliers ၏ တွက်ချက်မှုများအရ လာမည့် လေးနှစ်မှ ငါးနှစ်အတွင်း ကွန်ဒိုစီမံကိန်း ၅၅ ခုမှ အခန်းပေါင်း ၁၁၀၀၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အထပ်မြင့် အဆောက်အအုံများအပေါ် ထားရှိသော မူဝါဒအပြောင်းအလဲများကြောင့်လည်း စီမံကိန်း နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း တစ်နှစ်လျှင် အခန်းပေါင်း ၂၅၀၀ ထက် မနည်းထွက်ရှိမည်ဟု မျှော်မှန်းထားသည်။
၂၀၁၆ ခုနှစ်အတွင်း ဈေးကွက် အခြေအနေ အေးစက်မှုကြောင့် ကွန်ဒိုတိုက်ခန်းများ ဈေးကွက်ဝင်ပမာဏ မြင့်တက်လာသော်လည်း အရောင်းပမာဏ ကျဆင်းလာကြောင်း သိရသည်။ ဈေးကွက် ၀င်ရောက်သည့် ကွန်ဒိုတိုက်ခန်းများ၏ ၅၄ ရာခိုင်နှုန်းကိုသာ ၀ယ်ယူမှုရှိသည်ဟု Colliers မှ တွက်ချက်ထားပြီး ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက ကျဆင်းလာခြင်း ဖြစ်သည်။
နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် အလယ်အလတ်တန်းနှင့် အရည်အသွေးမြင့် ကွန်ဒိုအချို့သည် ဈေးနှုန်းနှင့် ငွေပေးချေမှု နည်းလမ်းတွင် ကျပ်ငွေအစား ဒေါ်လာဖြင့် လက်ခံလာကြကြောင်း သိရသည်။
ဈေးကွက် အေးလာခြင်းကြောင့် Luxury အဆင့် ကွန်ဒိုတိုက်ခန်း ဈေးနှုန်းများ ၁၅ ရာခိုင်နှုန်း ၀န်းကျင် ကျဆင်းလာသော်လည်း အခြားကွန်ဒိုတိုက်ခန်း ဈေးနှုန်းများမှာ ပြီးခဲ့သော လေးလပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၃၀ မှ ၄၀၀ ကြားမြင့်တက်ခဲ့သည်။ ၂၀၁၆ ခုနှစ် တတိယ လေးလပတ်ကာလရှိ တစ် စတုရန်းမီတာ ပျမ်းမျှဈေးနှုန်းများမှာ အလယ်အလတ်တန်းမှာ ၁၇၄၄ ဒေါ်လာ၊ အလယ်အလယ်ထက် အဆင့်မြင့်တန်းမှာ ၂၄၇၂ ဒေါ်လာ၊ အရည်အသွေးမြင့်တန်းမှာ ၃၁၃၆ ဒေါ်လာ၊ ဇိမ်ခံအဆင့်အတန်းမှာ ၄၀၅၁ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
Colliers ၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုမီနီယမ် တိုက်ခန်းများအနက် အလယ်အလတ်အဆင့် ၁၃ ရာခိုင်နှုန်း၊ အလယ်အလတ်ထက် အဆင့်မြင့်သောအဆင့် ၂၅ ရာခိုင်နှုန်း၊ အရည်အသွေးမြင့် အဆင့် ၄၉ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
Writer:
စည်သူအောင်
No comments:
Post a Comment