ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ် နှစ်ရက်ခရီးစဉ်တွင် ပါဝင်သည့် မောင်တောခရီးစဉ်ကို လုံခြုံရေး အနေအထားကြောင့် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့သို့ရောက်ရှိလာပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် စစ်တွေမြို့ပေါ်တွင် မြို့မိမြို့ဖများ အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး နှစ်ရက်တာခရီးစဉ်အတွင်း ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ မည်ဟုသိရသည်။
“အစကတော့ မောင်တောကိုသွားမလို့ပါပဲ။ ဒါပေမဲ့ အခြေအနေအရ လုံခြုံရေးမပေးနိုင်တော့ မသွားတော့ဘူး။ ဒါပေမဲ့ အခု မြို့မိမြို့ဖ နှစ်ဖွဲ့စုံညီပြီးတော့ဆွေးနွေးမယ်။ မနက်ဖြန် ရခိုင်ကျေးရွာတွေရော၊ ရခိုင်ဒုက္ခသည် စခန်းတွေကိုရော၊ ဘင်္ဂါလီကျေးရွာတွေရော၊ ဘင်္ဂါလီဒုက္ခသည် စခန်းတွေကိုရော အကုန်လုံးသွားပြီးတော့ သူတို့ရဲ့ပြောစကားတွေကို နားထောင်မှာဖြစ်ပါတယ်။ ခရီးစဉ်ကတော့ နှစ်ရက်ဖြစ်ပါတယ်” ဟု အကြံပေးကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဆိုသည်။
ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ၀န်ကြီးဦးမင်းအောင်က “ကော်မရှင် အဖွဲ့က ပထမအဲဒီဘက်တွေကို စာရင်းပေးထားတယ်။ နောက်ပိုင်း သူ့ဟာသူပြန်ပြီးတော့ ဖြုတ်သွားတယ်လို့ သိရတယ်။ အဲဒီဘက်ကို လုံခြုံရေးအရ သူတို့မသွားတော့ဘူးပေါ့နော်။ တကယ့်တကယ်မှာ ကုန်ခဲ့တဲ့လပိုင်းကပဲ လာမယ်ဆိုပြီးတော့ စီစဉ်ထားတယ်။ အဲဒီထဲမှာ အောက်တိုဘာ ၉ ရက်က ဖြစ်သွားတဲ့နောက်ပိုင်း လာဖို့စီစဉ်ထားခဲ့တာ ရှိပေမယ့် အဲဒီပြဿနာဖြစ်ကတည်းက မလာဖြစ်တာ အခုမှလာဖြစ်တာ။ လာဖြစ်တဲ့အနေအထားမှာ ပထမတည်တည်ငြိမ်ငြိမ် ဖြစ်သွားပြီလို့ မှတ်ပေမယ့် အခုတစ်ခါထပ်ပြီးတော့ တပ်ရင်းမှူးပါ ကျဆုံးရတဲ့အနေအထားတွေကြားပြီး အဲဒီဘက်ကို မသွားဘူးဆိုတဲ့ သဘောထားတွေ သိရပါတယ်” ဟု ပြောကြားသည်။
ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံမေး မြန်းမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က “အခုမောင်တောဖြစ်စဉ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဒီဘက်က ပြည်နယ်အရာရှိ တွေဘက်က သူတို့မြင်တာတွေ အားလုံးကို တင်ပြခဲ့တယ်။ နိုင်ငံတကာက ထင်နေကြတဲ့ ဘင်္ဂါလီတွေဟာ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ထွက်ပြေးတယ်ဆိုတာကို ယုံကြည်ရခက်တယ်။ လက်မခံနိုင်ဘူးပေါ့နော်။ အဲဒီအပေါ်မှာ ၀န်ကြီးကရှင်းပြလိုက်တဲ့ အနေအထားမှာ ဆရာမတို့ ကော်မရှင်ကတော့ ဒီအကြောင်းအရာတွေ ရှင်းလင်းသွားတယ်။ အထူးသဖြင့် အဲဒီဒေသမှာနေတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ လက်နက်နဲ့တိုက်ခိုက်ခံရခြင်း ဟုတ်၊ မဟုတ် ဆိုတာတွေမှာ အငြင်းပွားမှုတွေရှိတယ်။ သတင်းစာတွေမှာလည်း အာဏာပိုင် အဖွဲ့အစည်းကို တိုက်ခိုက်တာဖြစ်တယ်။ ရွာသူရွာသားတွေကို လက်နက်နဲ့တိုက်ခိုက်တာ မဟုတ်ဆိုတာကို သူတို့က ဟိုက်လိုက်လုပ်တယ်။ သို့သော် အခု ၀န်ကြီးတင်ပြလိုက်တာကတော့ လက်နက်နဲ့တိုက်တာမဟုတ်၊ သို့သော် ဘင်္ဂါလီရွာသားတွေဟာ ညစဉ်ညတိုင်း သေနတ်တွေပစ်ဖောက်ပြီးတော့ အသံပြိုင်တူ အော်နေကြတဲ့အတွက် အဲဒီလို ဟစ်အော်ပြီး ညာသံပေးနေတဲ့အတွက်နဲ့ ရခိုင်ဒေသခံတွေဟာ ကြောက်လန့်စိုးရိမ်ပြီး နေရတယ်။ ဒါဟာ လက်နက်နဲ့ တိုက်ခိုက်တာမဟုတ်ပေမယ့် ဒါဟာ ခြိမ်းခြောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုဖြစ်အောင်၊ ဒီလိုဟာမျိုးကို ဆယ်စုနှစ်ပေါင်းများစွာ ခံလာရတဲ့အတွက် ဘာကြောင့်မောင်တောဒေသက ရခိုင်တွေ နည်းသွားရတာလဲဆိုတာမှာ ဒီအချက်အလက်တွေကို အများကြီး ဆွေးနွေးခဲ့တဲ့အတွက်ကြောင့် တော်တော်လေးတော့ အကျိုးရှိပါတယ်” ဟု ပြောကြားသည်။
ကော်မရှင်အဖွဲ့၏ မေးမြန်းဆွေးနွေးချက်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံဝန်ကြီး ဦးမင်းအောင်က “ အဓိကကတော့ ကော်မရှင်ကို အခုဖြစ်ပျက်နေတဲ့ အနေအထားတွေ အဖြစ်အပျက် အမှန်တွေကို ပြည်နယ်အစိုးရကအဖွဲ့က လုံ/ နယ်ဝန်ကြီး၊ နောက်ပြီးတော့ လျှပ်စစ်၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နောက်ပြီးတော့ ကျွန်တော်ပြောပြလိုက်တယ်။ သူတို့ကသိချင်လို့ အဓိကမေးလာတဲ့ မေးခွန်းကတော့ ဒီမူဆလင် အကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူတွေအပေါ်မှာ ပစ်မှတ်ထားလား၊ ရှိလား၊ ဘယ်လိုသက်သေနဲ့ ပြောနိုင်မလဲဆိုတဲ့ အဲဒီလိုဟာလေးကို မေးလာတာရှိပါတယ်။ ပြည်သူတွေကို ပစ်မှတ်ထားတာ တိုက်ရိုက်အနေနဲ့ မတွေ့ရပေမယ့် မြင်းလွှတ်ကျေးရွာမှာဆိုရင် ဆရာမနေတဲ့ အဆောင်ကို မီးရှို့ဖျက်ဆီးတယ်။ ဒါဟာ ဆရာမတွေကို မနေစေချင်တဲ့ သဘောသက်ရောက်တာပေါ့နော်။ တချို့ရွာတွေမှာ ကလေးတွေပျောက်တာရှိတယ်။ ပြန်ရောက်မလာဘူးဆိုတာတွေ နှစ်ယောက်သုံးယောက် ရှိတယ်။ ဒီလိုပျောက်နေတဲ့ အနေအထားမှာလည်း ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသား လူမျိုးတွေပေါ့နော်။ သူတို့အနေနဲ့ စိုးရိမ်ကြတာပေါ့။ အင်အားစုကြားမှာ နေရတာဆိုတော့။ တစ်ဖက်မှာ မီးရှို့တဲ့အနေအထားမှာ သူတို့ရွာကို သူတို့မီးရှို့လားဆိုတဲ့ အနေအထားကို ပြန်ကြည့်လိုက်ရင်လည်း တစ်ဖက်က တပ်မတော်က ဖျက်ဆီးတယ်၊ မီးရှို့တယ် ဆိုတာမျိုးစွပ်စွဲတာတွေ နိုင်ငံတကာမီဒီယာတွေမှာလည်း ဒါပါနေတာရှိတယ်။ HRW ကလည်း အဲလိုစွပ်စွဲတာ ရှိတယ်ဆိုတော့ ဒီဟာတွေကိုလည်း ကျွန်တော်တို့ဖြေရှင်းရမယ်ဆိုလို့ရှိရင် ငါးခူရကျေးရွာမှာ ဈေးညဘက်မှာ မီးရှို့တယ်။ မီးမလောင်ခင် နေ့ခင်းဘက်က သူတို့ဈေးဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ပစ္စည်းတွေကို အိမ်တွေကို ပြောင်းရွှေ့ထားတယ်။ အဲဒီညဘက်မှာ ဘယ်သူကြံစည်တာလဲ၊ ဘယ်သူမီးရှို့တာလဲ ဆိုတာသိသာတာပဲလေ။နောက်နေ့ကျတော့ ယူအင်ဒီပီကအဖွဲ့တွေ လာမယ်ဆိုတာ သိနေတဲ့အနေအထားတွေ၊ အဲဒါမျိုးတွေ သူတို့ကြိုတင်ပြင်ဆင်ပြီးတော့ ကြံစည်တယ်လို့ သိသာတာလေးတွေကို ပြောပြဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန် ပါဝင်ခြင်းမရှိဘဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်သော Ms Laetitia ven den Assum ၊ ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ ဦးအေးလွင်၊ ဦးခင်မောင်လေး၊ ဒေါက်တာမြသီတာ၊ ဒေါ်စောခင်တင့် ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌရုံးမှ ဒါရိုက်တာ Mr Andreas Indegard ESifh Prindipal Officer နှင့် ဒေါ်ခင်ဦးလှိုင်နှင့် Programme Officer ဒေါ်မေရတနာမိုးတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အကြံပေးကော်မရှင်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ စစ်တွေနှင့် မောင်တောမြို့များသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
Writer:
သားရွှေဦး
No comments:
Post a Comment