Thursday, November 3, 2016

စက်သုံးဆီဈေး ဘယ်သူ့အတွက် မချတာလဲ

နိုင်ငံတကာ ဈေးတက်လျှင် ချက်ချင်း အချိန်မဆိုင်း။ ကျလျှင်တော့ ဗီဇာ လျှောက်နေရသေးသလား မပြောတတ်၊ သုံးလေးလအထိ ကြာတတ်သည်။

ယမန်နှစ် ကတည်းက တဖြည်းဖြည်း ကျဆင်းလာသော ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများသည် ပြည်ဝင်ခွင့်ဗီဇာ မရ၍လားတော့ မသိချေ။ မြန်မာနိုင်ငံသို့ ခြောက်လခန့် နောက်ကျပြီးမှ ရောက်ရှိလာသည်။ ပြည်တွင်း ဝေဖန်မှုများကြောင့် ပြည်ဝင်ခွင့် အခက်အခဲ အနည်းငယ် ပြေလည်သွားဟန် ရှိသည်။ ကမ္ဘာ့ရေနံ ဈေးနှုန်းများ ပြည်တွင်းသို့ ဝင်ရောက်စ ပြုလာချေပြီ။

စက်သုံးဆီ မည်သို့မည်ပုံ တင်သွင်းသည်ကို ဦးစွာ လေ့လာကြည့်ကြပါစို့။

စက်သုံးဆီကို ယခင် တပ်မတော် အစိုးရ လက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာနက ပြည်ပမှ တင်သွင်းပြီး ပြန်လည် ဖြန့်ဖြူး ရောင်းချခဲ့သည်။ ဓာတ်ဆီ တစ်ဂါလန် ၁၆ဝ ကျပ်နှုန်းဖြင့် ရောင်းချခဲ့မှုကြောင့် နိုင်ငံ့ဘဏ္ဍာငွေ များစွာ စိုက်ထုတ် သုံးစွဲခဲ့ရသည်။ နောက်ပိုင်းတွင် ဓာတ်ဆီ တစ်ဂါလန် ၁၅ဝဝ အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ထို့နောက်၂ဝ၁ဝ ပြည့်နှစ်မှစ၍ စက်သုံးဆီ လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ငန်းများအဖြစ် ပြောင်းလဲခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် စက်သုံး ဆီလုပ်ငန်းရှင်များ အသင်းကို စတင်ဖွဲ့စည်းခဲ့သည်။

“လူတစ်စု၊ တစ်ယောက်ကပဲ ဒီလုပ်ငန်းကို လုပ်ကိုင်ခွင့်ရတာမျိုး မဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ မည်သည့် ကုမ္ပဏီမဆို လုပ်ကိုင်ခွင့် ရအောင် လုပ်နိုင်ခဲ့ပါတယ်”ဟု စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။

ဦးဝင်းမြင့်မှာ လစဉ် စက်သုံးဆီ တန်ချိန်သိန်းချီ တင်သွင်းနေသော မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်များကို ဦးစီးနေသူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။

ပြည်တွင်းက လိုအပ်လျက်ရှိသည့် စက်သုံးဆီများကို စင်ကာပူနိုင်ငံမှ အဓိက တင်သွင်းလျက် ရှိသည်။ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှလည်း အနည်းငယ် တင်သွင်းသည်။  စင်ကာပူနိုင်ငံ မဟုတ်သည့် အခြားနိုင်ငံမှ တင်သွင်းခွင့်ရှိသော်လည်း ငွေပေးငွေယူ ရှင်းရသည့် အခက်အခဲကြောင့် စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များ အားလုံးနီးပါးက စင်ကာပူနိုင်ငံမှပင် တင်သွင်းလျက်ရှိသည်။

“ငွေကြေးအလုပ်တွေ အကုန်လုံးက စင်ကာပူက လုပ်တာပဲ အဆင်ပြေတယ်။ ဆီကတော့ မလေးရှားကလည်း သွင်းလို့ ရပါတယ်”ဟု ရွှေဗျိုင်းဖြူ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးစိုးသီဟက ဆိုသည်။

ယင်းသို့ တင်သွင်းရာ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ သွင်းကုန်လိုင်စင် လျှောက်ထားပြီး တင်သွင်းမည့် ဆီတန်ချိန်နှင့် ဈေးနှုန်း ဖော်ပြချက်ကို လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပေါက်ဈေးများဖြင့် ဖော်ပြရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြရသည့် သွင်းကုန် ကြေညာလွှာတွင် ဆိပ်ကမ်းအရောက် တန်ဖိုးကို ဖော်ပြရခြင်း ဖြစ်ပြီး ယင်းတန်ဖိုးတွင် စက်သုံးဆီ တန်ဖိုး၊ သင်္ဘောခနှင့် အာမခံကြေးများလည်း ပါဝင်ကြောင်း စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင် ဦးညိုမင်းက ပြောကြားသည်။

ထို့ပြင် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း၊ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း အပါအဝင် စုစုပေါင်း ၁ဝ ရာခိုင်နှုန်းကျော်ကို နိုင်ငံတော်သို့ ပေးဆောင်ရသည်ဟု ဦးစိုးသီဟက ပြောကြားသည်။ ယင်းသည် စက်သုံးဆီများကို ရေကြောင်း အသုံးပြု၍ ပြည်ပမှ တင်သွင်းလျက်ရှိသည့် ပုံစံပင်ဖြစ်သည်။

အဆိုပါ ပုံစံဖြင့် စက်သုံးဆီများကို တင်သွင်းလာရာမှ ၂ဝ၁၄ နှစ်လယ်ပိုင်းလောက်မှစ၍ ကမ္ဘာ့ ဈေးကွက်တွင် ရေနံဈေးနှုန်းများ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရေနံစိမ်းဈေးများ ထက်ဝက်ခန့်အထိ ကျဆင်းချိန်ထိတိုင်အောင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများက ၎င်းတို့နှင့် မဆိုင်သကဲ့သို့ပင်။

သို့သော်လည်း စက်သုံးဆီ အသုံးပြုရသည့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် သုံးစွဲသူ ပြည်သူများထံမှ ဝေဖန်မှုများက ရေနံစိမ်းဈေးများ ကျဆင်းပြီး ငါးလခန့်အကြာတွင် ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းကမူ ဝေဖန်မှုများကို လက်လီ ရောင်းချသူများထံသို့ လွှဲချသည်။ အကြောင်းပြချက်က လက်ကားဈေးမှာ ကျဆင်းလျက်ရှိပြီး လက်လီကျဆင်းခြင်း မရှိခြင်းသာဖြစ်သည်ဟုဆိုသည်။

မြတ်မေတ္တာမွန် စက်သုံးဆီ လုပ်ငန်းရှင် ဦးဝင်းမြင့်၏ ပြောကြားချက်အရ လက်ကားဈေးမှာ ဓာတ်ဆီ တစ်လီတာ ၅၅ဝ ကျပ်ဖြစ်သော်လည်း လက်လီဈေးမှာ ၇၁ဝ ကျပ်ဖြစ်သည်။ ပျမ်းမျှအားဖြင့် လက်ကားဈေးနှင့် လက်လီဈေးကို ဓာတ်ဆီ တစ်လီတာလျှင် ကျပ်၇ဝ ခန့် ကွာဟချက် ထားသော်လည်း လက်ရှိလက်လီဈေးမှာ ဖြစ်သင့်သည့် ပမာဏထက် ပိုမိုမြင့်မားနေသည်ဟု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၎င်းကဆိုသည်။

သို့သော်စက်သုံးဆီကိစ္စမှာ ဤမျှမရိုးရှင်းပါ။ 

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ ရေနံစည် ဈေးနှုန်းများသည် တစ်စည်လျှင် ၉၄ ဒေါ်လာဖြင့် တည်ငြိမ်လျက် ရှိရာမှ ဇွန်လမှ စတင်၍ ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ယခု ဇန်နဝါရီလတွင် ရေနံတစ်စည် ဈေးနှုန်းသည်၄၈ ဒေါ်လာ စွန်းစွန်းသာ ရှိသောကြောင့် ထက်ဝက်နီးပါး ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းက အများဆုံး မှာယူသည့် စင်ကာပူ နိုင်ငံတွင်မူ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း ရေနံစိမ်း တစ်စည်လျှင် စင်ကာပူဒေါ်လာ ၁၃၃ ဖြစ်သည်။ ၂ဝ၁၅ ဇန်နဝါရီလ ဒုတိယပတ်တွင် စင်ကာပူ ဒေါ်လာ ၆၁ ဒသမ ၃ ဖြစ်ပြီး ရေနံစိမ်း ဈေးနှုန်းများ ထက်ဝက်နီးပါး ကျဆင်းခဲ့သည်။

ကမ္ဘာ့ဈေး ကျဆင်းမှုကြောင့် စင်ကာပူ ဈေးကွက်တွင် ဇွန်လမှစ၍ ရေနံစိမ်း ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ပြည်တွင်း၌မူ ဒီဇင်ဘာလရောက်မှသာ ရေနံစိမ်းမှ ထုတ်ယူသည့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများ ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

တိုးလျှိုပေါက် လူးလားခေါက်တုံ့ သွားလာနေသည့် စင်ကာပူနှင့် မြန်မာနိုင်ငံကြားတွင် ရေနံဈေးကျချိန်က အချိန်ငါးလကျော်အထိ ကွာဟခဲ့သည်။

ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ဒီဇင်ဘာလဆန်းမှစ၍ တစ်ရက်လျှင် ဓာတ်ဆီ တစ်လီတာ ၃ဝ ကျပ်နှုန်းဖြင့် သီတင်း တစ်ပတ်ခန့်အထိ ဈေးနှုန်းများ တဖြည်းဖြည်း လျှော့ချခဲ့သည်။ ယင်းကြောင့်ပင် ပြည်တွင်း ဓာတ်ဆီ တစ်လီတာ ပေါက်ဈေး ၉ဝဝ ကျပ်ဝန်းကျင်မှ ဒီဇင်ဘာ ဒုတိယပတ်တွင် တစ်လီတာ ၇၁ဝ ကျပ်အထိ ရောက်ရှိလာခြင်းဖြစ်သည်။


မှတ်ချက်။ ။ ဂရပ်နှစ်ခုကိုနှိုင်းယှဉ်ပါက စင်ကာပူဈေးကွက်တွင်၂ဝ၁၄ ခုနှစ်ဇွန်လကတည်းက ဈေးစကျလာသည်ကိုတွေ့ရပြီး ယင်းနောက် ငါးလအကြာ ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာလ ရောက်မှ ဈေးစကျသည်ကို တွေ့နိုင်သည်။ စက်သုံးဆီ တင်သွင်းသူများ၏ အဆိုအရ တင်သွင်းလာသော စက်သုံးဆီများကို ပြည်တွင်းတွင် တစ်လသာ သိုလှောင်ထားနိုင်သည်ဟု ဆိုသဖြင့် ပြည်တွင်း စက်သုံးဆီ လက်ကျန် အများဆုံး ရှိနိုင်သည့် ပမာဏမှာ တစ်လစာ သုံးစွဲမှုသာ ဖြစ်နိုင်သည်။

ယင်းပုံစံအတိုင်း ဆိုပါက စင်ကာပူ ဈေးကွက်တွင် ဈေးကျပြီး တစ်လအကြာ ပြည်တွင်းတွင် ဈေးကျရမည် ဖြစ်သည်။ သို့သော် ငါးလကျော်ကြာသည့်အချိန်မှ​ ပြည်တွင်းတွင် ဈေးစကျခဲ့သည်။

“ရေနံ တစ်စည်ဒေါ်လာ ၂ဝ ၊ ၃ဝ ကျလို့ သူတို့(လက်လီ) လည်း မကိုက်ဘူးပေါ့လေ။ တစ်နေ့ကို တစ်လီတာ ၃ဝ နှုန်းနဲ့ တစ်ပတ်လောက် ဈေးချခဲ့ပါတယ်”ဟု ဦးဝင်းမြင့်က ရှင်းပြသည်။

ပြီးခဲ့သည့် ဇွန်လမှ နိုဝင်ဘာလအထိ ကမ္ဘာ့ရေနံစိမ်းဈေး ကျဆင်းသော်လည်း ယင်းကာလအတွင်း ပြည်တွင်းဈေးမှာမူ ကျဆင်းခြင်း မရှိဘဲ ပုံမှန် အမြင့်ဈေးအတိုင်းသာ ရောင်းချခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကာလများတွင် ဓာတ်ဆီတစ်လီတာ ပျမ်းမျှ ၁ဝဝ ကျပ် အမြတ်ငွေ ပိုရရှိသည်ဟု တွက်ဆပါက ဓာတ်ဆီ တစ်ဂါလန် (၄ ဒသမ ၅လီတာ) အတွက် အမြတ်ငွေ ၄၅ဝ ကျပ်ခန့်ကို လုပ်ငန်းရှင်များက ပိုမိုရရှိမည်ဖြစ်သည်။

ပြည်တွင်း၌လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်(ဝန်ပေါ့) နှင့် ကုန်တင်ယာဉ်(ဝန်လေး) များသည် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင် စာရင်းများအရ ၆ဝ၄,၃၃၅ စီး ရှိကြောင်း သိရသည်။ ယင်းတို့အနက် သဘာဝ ဓာတ်ငွေ့သုံး မော်တော်ယာဉ်မှာ ၃၃,ဝဝဝ ကျော်ရှိသည်။ ဓာတ်ဆီနှင့် ဒီဇယ်သုံး မော်တော်ယာဉ်မှာ ၅၆ဝ,ဝဝဝ ကျော် ရှိသည့်သဘောပင်။

ကွဲလွဲချက် အနည်းငယ် ရှိနိုင်သော်လည်း ကျန်မော်တော်ယာဉ်များ၏ ငါးပုံ သုံးပုံဖြစ်သည့် အစီးရေ ၃၄ဝ,ဝဝဝ ကျော်မှာ ဓာတ်ဆီသုံးဖြစ်ပြီး ငါးပုံနှစ်ပုံဖြစ်သည့် ၂၂၈,ဝဝဝ ကျော်မှာ ဒီဇယ်သုံး ဖြစ်သည်။

ဓာတ်ဆီသုံး မော်တော်ယာဉ်များသည် တစ်နေ့လျှင် အနည်းဆုံး တစ်ဂါလန် ပျမ်းမျှ သုံးစွဲမည်ဆိုပါက  တစ်နေ့လျှင် ဓာတ်ဆီ၃၄ဝ,ဝဝဝ ဂါလန်ကုန်ကျမည် ဖြစ်သည်။ တစ်ဂါလန်လျှင် ပိုမို ရရှိသည့် အမြတ်ငွေ ၄၅ဝ နှုန်းဖြင့် တွက်ကြည့်ပါက ကျပ်သန်းပေါင်း ၁၅၃ သန်း (ကန်ဒေါ်လာ ၁၄၉,ဝဝဝ ကျော်) ရရှိမည်ဖြစ်သည်။ ယင်းသည် တစ်နေ့တာ တွက်ချက်မှုနှုန်းဖြစ်ပြီး ဇွန်လမှနိုဝင်ဘာလအထိကို ပျမ်းမျှ လေးလခန့်သာ (ရက်ပေါင်း ၁၂ဝ ) တွက်ချက်လျှင်ပင် အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး  ပိုမို မြတ်စွန်းမည်ဖြစ်သည်။

ကွဲလွဲချက် အနည်းအကျဉ်း ရှိနိုင်သော်လည်း ယင်းသည် အနည်းဆုံး ပမာဏကိုယူ၍ တွက်ချက်ထားခြင်းလည်း ဖြစ်သည်။ 

အမေရိကန်ဒေါ်လာ ၁၈ သန်းသော ပမာဏသည် ဓာတ်ဆီသုံးစွဲသည့် ယာဉ်များအပေါ်တွင်သာ တွက်ချက်ထားခြင်း ဖြစ်ပြီး ဒီဇယ်သုံးစွဲယာဉ်၂၈ဝ,ဝဝဝ ကျော် အတွက်အမြတ် ငွေကို တွက်ချက်ထားခြင်း မရှိသေးချေ။

မန္တလေး အပါအဝင် နယ်ဒေသများတွင် အများဆုံး အသုံးပြုနေသော မော်တော်ဆိုင်ကယ်များ၏  အရေအတွက် မပါဝင်သေးပါ။

လက်ရှိ ဇန်နဝါရီလ ၁၅ ရက်နေ့ ပေါက်ဈေးအရ အမေရိကန် (WIT) ရေနံတစ်စည်လျှင် ဒေါ်လာ ၄၇ ဒသမ ၇၅ ဒေါ်လာဖြစ်ပြီး ဗြိတိန် (Brent) ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၄၇ ဒသမ ၆၅ ဒေါ်လာ ဖြစ်သည်။ ဇန်နဝါရီလ ၁၅ နေ့တွင် ပြည်တွင်း လက်လီဈေးမှာ ဓာတ်ဆီ (Octane 92) တစ်လီတာလျှင် ၅၉ဝ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ၆၉ဝ ကျပ်ဖြစ်ပြီး လက်လီဈေးနှုန်းများသည် တဖြည်းဖြည်း ကျဆင်းစပြုလာပြီဖြစ်သည်။

သွင်းကုန်စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်း၏ အဆိုအရမူ လက်လီဈေးသည် လက်ကားဈေးထက် သုံးပုံ တစ်ပုံခန့် မြင့်မားနေသောကြောင့် ကမ္ဘာ့ဈေးနှင့် ပြည်တွင်းဈေး ကွာဟလျက် ရှိခြင်းဖြစ်သည်ဟုထောက်ပြသည်။

“လက်ကားဈေးနဲ့ လက်လီဈေးနဲ့ တအား ကွာတော့ သုံးစွဲသူအတွက် အရမ်း နစ်နာတယ်။ လက်ကားဈေးက လူတိုင်းကို ပေးသွင်းထားတော့ ကမ္ဘာ့ဈေးနဲ့ကွာလို့ မရဘူး”ဟု ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီပေါင်း ၆ဝ ခန့်ရှိပြီး အများစုမှာ လက်ကား ဖြန့်ဖြူးပြီး အနည်းငယ်မှာမူ လက်လီဆိုင်များလည်း ဖွင့်လှစ် ရောင်းချလျက် ရှိသည်။ လက်လီဆိုင်ပေါင်း ခန့်မှန်း နှစ်ထောင်ခန့် ရှိသည်ဟု စက်သုံးဆီ လုပ်ငန်းရှင် အသင်းထံမှ သိရသည်။

တစ်လီတာကို ငွေကျပ်ရာချီခွာပြီး ဈေးမချဘဲ တင်းခံနေခြင်းမှာ မည်သူ အတွက်နည်း။

ပြည်တွင်း လက်လီဈေးကွက်တွင် ဆိုင်ခွဲ များစွာ ဖွင့်လှစ်ထားနိုင်သည့် ကုမ္ပဏီအချို့မှာ ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန် စက်သုံးဆီလုပ်ငန်း၊  ဦးချစ်ခိုင်၏ Denko စက်သုံးဆီ လုပ်ငန်း၊ ဦးဇော်ဇော်၏ MAX Energy၊ ဦးအိုက်ထွန်း၏ ST Oil၊ ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်)၏ Green Luck တို့ ဖြစ်သည်။

စက်သုံးဆီဈေးများ ကမ္ဘာ့ဈေးနှင့် ကွာဟလျက် ရှိသည်မှာ လက်လီဆိုင်များ နည်းပါးပြီး ယှဉ်ပြိုင်မှု နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ဆိုသည်။

“တချို့က လက်ကားပဲ လုပ်လို့ရတယ်။ လက်လီဆိုင် ဖွင့်လို့မရဘူး။ ရန်ကုန်မြို့မှာ ဆိုင်က ကိုယ့်ဘာသာဖွင့်လို့ မရဘူး။ နဂိုတည်းက အစိုးရက သူအဆင်ပြေတဲ့လူ ပေးထားတာ။ အဲဒီလူတွေက ချုပ်ထားပြီး ဈေးကို ထိန်းရောင်းနေတယ်”ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ဒေါက်တာစိုးထွန်းအဆိုအရ လက်ကားဈေးနှင့် လက်လီဈေးသည် ၁၈ ရာခိုင်နှုန်းမှ၃ဝ ရာခိုင်နှုန်းအထိ ကွာဟလျက် ရှိသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ဦးဆောင်သော  စက်သုံးဆီ မချုပ်ကိုင်ဟု အဆိုပါအသင်း၏ အတွင်းရေးမှူး ဦးဝင်းမြင့်က ငြင်းဆိုသည်။

“စက်သုံးဆီ ဈေးနှုန်းကို အသင်းက ထိန်းချုပ် မထားပါဘူး။ အသင်းအနေနဲ့ကတော့ အမိန့်နဲ့ ဈေးချလို့လည်း မရပါဘူး။ ဈေးကွက်စီးပွားရေး စနစ်လေ။ မင်းတို့တော့ ဈေးချရောင်းလို့ မပြောပါဘူး။ လုပ်ရင်လည်း မှောင်ခိုပဲ ဖြစ်မှာပါ။ ချင့်ချိန်ပြီးတော့ ဆောင်ရွက်ပေးဖို့ လက်လီဆိုင်တွေကိုလည်း ပြောထားပါတယ်”ဟု ၎င်းက ဆိုလေသည်။

စက်သုံးဆီ ဈေးနှုန်းများ လွယ်ကူစွာ မကျဆင်းခြင်းသည် ဆိုင်အရေအတွက် နည်းပါးခြင်းကြောင့် ဖြစ်ပြီး လက်လီဆိုင်များမှာ စည်းမျဉ်း စည်းကမ်း တင်းကျပ်စွာ ကန့်သတ်ချက်ကြောင့် လွယ်ကူစွာ ဖွင့်ခွင့် မရဟု မည်သည့် ကုမ္ပဏီမဆို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကနဦးက ပြောဆိုခဲ့သူ ဦးဝင်းမြင့်က ပြောကြားသည်။

ရေနံဈေး ကျဆင်းခြင်းသည် လာမည့် ၂ဝ၁၅ ခုနှစ်တွင် စီးပွားရေးကိုအာရုံ မစိုက်နိုင်သည့် အစိုးရအတွက် ကောင်းမွန်သော အခြေအနေဖြစ်ပြီး လာမည့် နွေရာသီတွင် လျှပ်စစ်မီး လိုအပ်ချက် ကြီးမားလာမည့် ပြည်တွင်း လုပ်ငန်းရှင်များအတွက်လည်း ကောင်းမွန်သည်ဟု စီးပွားရေး မူဝါဒ ပညာရှင် ဒေါက်တာ အောင်ကိုကိုက ရှင်းပြသည်။

သို့သော်လည်း ဈေးကွက်စီးပွားရေး စနစ်ဟု အမည်ခံပြီး ဈေးတက်လိုသည့် ကုန်ပစ္စည်းများကို နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ ဈေးတက်၍ ဈေးကျချိန်တွင် နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ ကျဆင်းခြင်း မရှိသည်မှာ ဈေးကွက် စီးပွားရေးစနစ် မပီပြင်ခြင်း ဖြစ်သည်ဟု စီးပွားရေး မူဝါဒ ပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“အကြောင်း အမျိုးမျိုးပြပြီး ဈေးချ ပေးဖို့ ဝန်လေးနေတယ်”ဟုစီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ရပ်ကို ၎င်းက မှတ်ချက်ပြုသည်။

အစိုးရက ဈေးကွက် ဈေးနှုန်းများကို ဝင်ရောက် မထိန်းကျောင်းနိုင်သော် လည်း ဈေးကွက်အတွင်း လက်ဝါးကြီး အုပ်ခြင်းနှင့် ဈေးနှုန်း ချုပ်ကိုင်ခြင်းများကို ဥပဒေများဖြင့် ထိန်းကျောင်းနိုင်သည်ဟု ၎င်းက ရှင်းပြသည်။

ဈေးကွက် ဈေးနှုန်းများကို လုပ်ငန်းရှင်ချင်း ညှိနှိုင်း၍ ထိန်းချုပ်ထားသောကြောင့် စက်သုံးဆီ သုံးစွဲသူများမှာ ကမ္ဘာ့ပေါက်ဈေးအတိုင်း ကျဈေးများကို မခံစားရပေ။ တစ်ကမ္ဘာလုံးတွင် ရေနံဈေးများ ကျဆင်း၍ သုံးစွဲသူများ ဝန်ပေါ့နေချိန်တွင် မြန်မာပြည်သူများမှာ စက်သုံးဆီဈေး ကျဆင်းရန် တိုက်ပွဲ ဝင်နေရဆဲပင်ဖြစ်သည်။

“အစိုးရမှာလည်း တာဝန် ရှိတယ်။ ကမ္ဘာ့ဈေးကျပြီး ပြည်တွင်းဈေး မကျဘူး ဆိုရင် အစိုးရရဲ့ ယှဉ်ပြိုင်မှု မူဝါဒက အသက် မဝင်ဘူးပေါ့”ဟု ဒေါက်တာ အောင်ကိုကိုက ဆိုသည်။

ရဲနိုင်ဦး

No comments: