Thursday, November 3, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့တွေ့ဆုံမှု)

ဘယ်သူ မပါဘူး/ ဘယ်သူကျ ပါတယ် ဆိုတာနဲ့  ပတ်သက်၍

---
ဂျပန်ဝါဆာတာတက္ကသိုလ်က လူကြီးမင်းများအားလုံးကိုလည်း  အခုလိုတွေ့ဖို့စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
ကျမတို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံဖို့ စီစဉ်တဲ့အခါမှာ ကျမတို့ အားလုံးတွေ့ခွင့်မရခဲ့ပါဘူး။ ဆန့်သလောက်ပဲ တွေ့ခွင့်ရတယ်။ ဒီတော့ ကျမတို့ဗမာတွေက မိမိပေါ့ ငါမလာရဘူးလား ငါမလာရဘူးလား ဆိုပြီး ငြင်းကြခုံကြတယ်လို့ ကျမကြားပါတယ်။
အဲ့ဒီကစပြီး ကျမတို့ ကိုယ်ကိုယ်ကို ပြုပြင်ဖို့ လိုတယ်လို့ ဆိုတာ စဉ်းစားစေချင်ပါတယ်။
ဒါဟာ ဘာလို့လဲဆိုတော့ အခု ပွင့်လင်းလာတဲ့ခေတ်သစ်မှာ ဒီလိုစိတ်ထားတွေထားလို့မဖြစ်ပါဘူး။ ငါမပါရဘူးလားဆိုတဲ့ စဉ်းစားမှုထက် ပါဝင်သင့်တဲ့သူတွေပါသွားရင် ကျေနပ်ပါတယ်။ ကိုယ်မပါရလို့ရှိရင်လည်း စောင့်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့လိုပါတယ်။ အားလုံးပါဝင်နိုင်ဖို့ မလိုပါဘူး။ ပါမှဖြစ်တာမဟုတ်ပါဘူး။

ဘေးကနေပံ့ပိုးပေးခြင်း၊ ဘေးကနေအားပေးခြင်း၊ မုဒိတာပွားခြင်းဆိုတာလည်း ကျမတို့နိုင်ငံအတွက် အများကြီးအရေးကြီးပါတယ်။
ကျမတို့နိုင်ငံမှာ ဒီကနေ့ မုဒိတာနည်းနေတယ်လို့ ကျမမြင်ပါတယ်။ ဒီတော့ ဒီဟာကို အဓိကအလေးထားစေချင်ပါတယ်။ မုဒိတာပွားတယ်ဆိုတာ ပွားနိုင်မှ ကျမတို့နိုင်ငံတိုးတက်မှာပါ။

ကျမတို့နိုင်ငံအတွက် အကျိုးရှိမဲ့ မည်သူ့ကိုမဆို ကျမတို့မုဒိတာပွားနိုင်ရမယ်။ ငါမလုပ်ပေးနိုင်တဲ့ကိစ္စ သူလုပ်ပေးနိုင်ပါလား.. ဒါကြောင့်မို့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးမယ်၊  ကူညီပေးမယ်ဆိုတဲ့စိတ်ဓာတ်ထားရမယ်။
ငါက သူတို့ထက်ပိုလုပ်နိုင်ပါတယ် ဆိုတဲ့ စိတ်ဓာတ်တွေမထားပါနဲ့။ တကယ်လုပ်ကြည့်မှ  တကယ်လုပ်နိုင်မလုပ်နိုင်ဘူးဆိုတာတွေ့ရမှာပါ။
အဲ့တော့ ကိုယ့်လုပ်ရတဲ့ကိုယ်ကျရာနေရာမှာ တာဝန်ယူ ပီပီပြင်ပြင်ထမ်းဆောင်ဖို့က အရေးကြီးပါတယ်။ ကျမတို့နိုင်ငံ တိုးတက်ဖို့အများကြီးလိုပါတယ်။ ဂျပန်မှာရောက်နေတဲ့ ကျမတို့နိုင်ငံသူနိုင်ငံသားတွေက

ပထမဆုံးအားဖြင့် ဒီနိုင်ငံမှာရောက်နေတယ်ဆိုလို့ရှိ့ရင် စည်းကမ်းသေဝပ်မှု ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ ဒါလည်း ကျမတို့သင်ယူရမဲ့ကိစ္စပါ။ ဒါကိုသတိပြုမိမှာဖြစ်ပါတယ်။ ကိုယ်သင်ယူရမဲ့ကိစ္စကို သင်ယူရမှန်းသိဖို့လိုပါတယ်။ မဟုတ်တဲ့မာနနဲ့ တခါတည်း ငါဘာမှသင်ယူဖို့မလိုဘူး တတ်ပြီးသား သိပြီးသားဆိုရင် ကျမတို့တိုးတက်နိုင်မှာမဟုတ်ပါဘူး။
ကျမတို့ဟာ ကြိုးစားရမယ်၊ စည်းကမ်းရှိရမယ်။ ဒါမှကျမတို့တိုးတက်နိုင်မှာပါ။
အလုပ်လုပ်ဖို့အများကြီးလိုတယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်တယ်ဆိုတာက ကိုယ့်တစ်ယောက်တည်းကြောင့် လုပ်မှာလား အများအတွက်လုပ်တာလားဆိုတာ အဲ့တာကို စဉ်းစားဖို့လိုပါတယ်။

ကျမ ဝါဆာဘာ တက္ကသိုလ်က ဆရာတွေနဲ့တွေ့တဲ့အခါမှာ ဒီမှာ မြန်မာကျောင်းသား ၁၆ယောက် ရောက်နေတယ်လို့ ကျမနားလည်ပါတယ်။  အဲ့တော့ ဒီ၁၆ယောက်ဟာ ပညာသင်ပြီးတဲ့အခါကြလို့ရှိရင် နိုင်ငံ့အတွက် ဘယ်ဘက်ကနေပံ့ပိုးမလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒီ ၁၆ယောက်တင်မကဘူး တခြားဒီနိုင်ငံမှာ လာပြီးတော့ ပညာသင်ဖို့အခွင့်အရေးရနေတဲ့ ပုဂ္ဂိုလ်များ၊ စီးပွားရေးအရ  လေ့လာဖို့ လုပ်ဆောင်ဖို့ အခွင့်အရေးရနေတဲ့ပုဂ္ဂိုလ်များ၊ ကိုယ့်နိုင်ငံမှာကိုယ် ဘယ်လိုအကျိုးပြုမလဲဆိုတာ ပြန်ပြီး စဉ်းစာစေချင်ပါတယ်။ ကျမအဲ့လိုပြောလို့ ဂျပန်နိုင်ငံမှာ အခြေချနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စိတ်အားငယ်စရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာမှာမဆို ဘယ်အခြေအနေမျိုးမဆို တကယ်စေတနာနဲ့ ပံ့ပိုးပေးချင်တဲ့ စိတ်ဓာတ်ရှိရင် ပံ့ပိုးနိုင်တဲ့ အခွင့်အလန်းတွေကပေါ်လာမှာပါ။ ဒီတော့ အဲ့ဒီဟာတွေကြည့်ပြီးလုပ်စေချင်ပါတယ်။

ဘယ်ဘက်ကနေ ကူညီနိုင်မလဲဆိုတာကိုကြည့်ကြပါ။ နောက်ပြီးတော့ ကူညီတဲ့နေရာကလည်း လိုတဲ့နေရာက ကူညီဖို့ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာမှ လုပ်ပေးမယ်ဆိုတာက တကယ့်ကူညီတဲ့စိတ်မဟုတ်ပါဘူး။ တကယ့်ကူညီတဲ့စိတ်တာ တခါတလေ တကယ့်ကိုယ်လုပ်ချင်တာမဟုတ်ပေမယ့် လုပ်သင့်တဲ့နေရာကိုလုပ်ရပါမယ်။ လုပ်သင့်တဲ့နေရာ လုပ်ချင်တဲ့နေရာဆိုတာ အမတန်မှကွာခြားပါတယ်။

အခုကျမတို့နိုင်ငံမှာဆို အဖက်ဖက်ကတိုးတက်ဖို့လိုနေပါတယ်။ အခု စီးပွားရေးကို ကျမတို့ ဝင်တိုးကြည့်တဲ့အခါမှာ ကမ္ဘာ့စီးပွားရေးက နှေးကွေးနေတယ်၊ ထိုင်းမှိုင်းနေတယ်လို့ပြောရပါလိမ့်မယ်။ ကျမတို့အနေနဲ့ နောက်ကျနေတဲ့စီးပွားရေးကို တိုးအောင်လုပ်ဖို့ဆိုတာ ဒီအခြေအနေမှာ ကျမတို့ နှစ်ဆ သုံးဆ အလုပ်လုပ်ဖို့ ပိုလိုပါလိမ့်မယ်။

၁၉၄၅-၄၆-၄၇  စစ်ပြီးကပေါ့နော်.. လွတ်လပ်ရေးမရခင်ကာလ တုန်းကဆိုရင် ဖေဖေတို့ပြောခဲ့တဲ့စကားရှိပါတယ်။ မြန်မာနိုင်ငံဟာ သူများတွေလမ်းလျှောက်နေတဲ့အချိန်မှာ ပြေးနိုင်မှ အမှီလိုက်နိုင်မှာတဲ့။ ဘာလို့ဆိုရင် ကျမတို့နိုင်ငံက စစ်ရဲ့ဒဏ်ကိုခါးခါးသီးသီးခံခဲ့ရလို့ ပြန်ပြီးလမ်းကြောင်း၊ ပြန်လည်ထူထောင်ဖို့အတွက်ဆိုရင် တခြားသူတွေထက်စာရင် ပိုပြီးဝါယမစိုက်ထုတ်နိုင် ပိုပြီးကြိုးစားနိုင်မှ ပိုပြီးအပင်ပန်းခံနိုင်မှ တခြားလူတွေနဲ့တန်းတူဖြစ်မယ်ဆိုတော့ ပြောခဲ့တဲ့ စကား အခုခေတ်မှာလည်း ဒီစကားကတည်ဆဲပါပဲ။ ဒီအခြေအနေမှာ တခြားသူတွေထက် ပိုပြီးကြိုးစားနိုင်မှ၊ တခြားသူတွေထက်ပိုပြီး သဘောထားကြီးနိုင်မှ၊ တခြားသူတွေထက် ပိုပြီးအပင်ပန်းခံနိုင်မှ၊ တခြားလူတွေနဲ့ ကျမတို့တန်းတူဖြစ်နိုင်မှာပါ။
တချိန်တခါတုန်းက ကျမတို့ အရှေ့တောင်အာရှမှာ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ အရင်အတိုင်း ရှေ့မှာ ပြေးနေတဲ့ နိုင်ငံပြန်ဖြစ်ဖို့ဆိုတာ ကျမတို့အားလုံးဝိုင်းဝန်းပြီး ကြိုးစားစေလိုပါတယ်။ တယောက်ချင်းတယောက်ချင်းအတွက်မဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံတခုလုံးအတွက်ပါ။

ကျမခဏခဏပြောပါတယ်။ ကျမတို့နိုင်ငံဟာ ဆင်းရဲတွင်းနက်နေတဲ့အချိန် ကိုယ်တယောက်တည်းချမ်းသာတာဟာ ဘာမှဂုဏ်ယူစရာမဟုတ်ဘူး၊ ကိုယ်ရဲ့ချမ်းသားမှုကို အများအတွက်သုံးပါ၊ ကိုယ့်အတွက်လည်းသုံးပါ၊ အားလုံးကို အများအတွက်လည်းသုံးရမယ်လို့မဆိုလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တဟိတ ပရဟိတ နှစ်ခုလုံးရှိပါတယ်။ ကိုယ့်အတွက်လည်းလုပ်ဖို့လည်းတာဝန်ရှိတယ်၊ အများအတွက်လည်း လုပ်ဖို့တာဝန်ရှိတယ်။ ဒီနှစ်ခုကို မျှမျှတတသုံးလိုက်မယ်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံဟာ အမတန်မှတိုးတက်မှာပါ။

ကိုယ့်အတွက်ကိုယ်လုပ်နိုင်တဲ့ အစွမ်းရှိမှပဲ သူများအတွက် လုပ်နိုင်စွမ်းရှိမှာပါ။ ဥပမာဆိုလို့ရှိရင် အများအတွက် ပညာရေးလောကမှာကူညီခြင်း၊ ပထမဆုံး ကိုယ်ကပညာသင်ယူရမယ်။ ကိုယ်ကပညာမတတ်ဘဲနဲ့ ကျမတို့နိုင်ငံမှာ ကျမတို့ကျောင်းသားတွေ ကိုယ်ကပညာပေးချင်ပါတယ် ဆိုတာ ဒါဟာ လက်တွေ့မကျပါဘူး။ အဲ့တော့ အတ္တဟိတ ကိုယ့်အတွက်ပညာရှာယူရမယ်။ ပရဟိတ ဒီပညာကိုပြန့်ပွားအောင်မျှဝေရမယ်။ ဆရာစားချန်တယ်ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူးဆိုတာ ကျမခဏခဏပြောဘူးပါတယ်။
တခြားဘာသာစကားမှာလည်း ဒီလိုစကားမျိုးမကြားဘူးပါဘူး။ ဂျပန်စကားမှာရှိလားတော့ မသိပါဘူး။ အင်္ဂလိပ်ဘာသာစကားမှာတော့ ဆရာစားချန်တယ်ဆိုတာတော့မရှိပါဘူး။ ကျမတို့ဘာသာစကားမှာ ဘာလို့ရှိလဲဆိုတော့ ကျမတို့ရှေ့က ဒီလိုကိစ္စမျိုးတွေ လုပ်ခဲ့ဘူးလို့လား၊ လုပ်တဲ့အကျင့်ရှိခဲ့လို့လားဆိုတာ ကျမတို့စဉ်းစားစရာပါ။

ဆရာစားးချန်တယ်ဆိုတာ မရှိသင့်ဘူးဆိုတာ ဆရာတယောက်ရဲ့ ဂုဏ်ဟာ သူ့ရဲ့ ကျောင်းသားတွေ သူ့ရဲ့ တပည့်တွေ ဘယ်လောက်တိုးတက်သလဲဆိုတာပါပဲ။ သူတယောက်တိုးတက်တယ်ဆိုတာ သူ့ရဲ့ဂုဏ်ပဲဖြစ်တယ်။ ဆရာရဲ့ဂုဏ်မဟုတ်ဘူး အဲ့ဒါကို နားလည်စေချင်ပါတယ်။

အဲ့တာကြောင့်  စီးပွားရေးသမားတယောက်ရဲ့ဂုဏ်ဟာ သူတယောက်တည်း ချမ်းသာတဲ့ဂုဏ်မဟုတ်ပါဘူး၊ သူရဲ့ချမ်းသာမှုကို အများအတွက်သူဘယ်လို အသုံးပြုနိုင်သလဲဆိုတာ သူရဲ့ဂုဏ်ဖြစ်ပါတယ်။ သူတယောက်တည်းချမ်းသာတာ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် သူ့ရဲ့ရပိုင်ခွင့်လို့ပြောလို့ရပါတယ်။ သူ့ရဲ့ဂုဏ်မဟုတ်ပါဘူး။

ချမ်းသာမှုနဲ့ ဂုဏ်ကမတူပါဘူး။ ချမ်းသာမှုဆိုတာ ကျမပြောတာက ရုပ်ပိုင်းဆိုင်ရာချမ်းသာမှုကို ပြောတာပါ။ အဲ့တော့  ရာထူးရာခံကြီးမားလို့ ပိုက်ဆံများလို့ ဒါဟာဂုဏ်မဟုတ်ပါဘူး။ ကိုယ်ရဲ့ ရာထူး ရုပ်ပိုင်းဆိုင်ရာအင်အားတွေကို ဘယ်သူ့အတွက် ဘယ်လိုသုံးသလဲဆိုတာသာ ကိုယ့်ဟာ ဘယ်လောက်ဂုဏ်ရှိလဲ၊ မရှိဘူးဆိုတာသာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
အခုကျမတို့အစိုးရသစ်ဖွဲ့တဲ့အခါမှာလည်း ပေါင်းဝင်ချင်တဲ့သူတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် လူတိုင်းလူတိုင်း ပါဝင်နိုင်တယ်ဆိုတာ သဘောမပေါက်ဘူး။ တချို့လူတွေက သူတို့ ရာထူးရှိမှ နေရာရှိမှ ပါဝင်နိုင်မယ်လို့ထင်ပါတယ်။ ရာထူးရှိမှနေရာရှိမှ သူတို့လုပ်ရတာ ဂုဏ်ရှိတယ်လို့ သူတို့ထင်ပါတယ်။

ဒါကြောင့် ကျမမကြာခဏပြောဘူးပါတယ်။ ဘယ်အခြေအနေမှာမဆို တကယ်  လေးစားစရာအကောင်းဆုံးပုဂ္ဂိုလ်များဟာ  အမည်မသိရဲဘော်များဖြစ်တယ်လို့။ အမည်မသိအဟုတ်ဘူး၊ အမည်ခံချင်တဲ့စိတ်ကို မရှိတာ။ ဂုဏ်ရဖို့မဟုတ်ဘူး။ ဂုဏ်သတင်းကြွယ်ဝဖို့မဟုတ်ဘူး။ တခြားသူတွေက အထင်ကြီးဖို့မဟုတ်ဘူး။ ကိုယ်ရဲ့စိတ်ဓာတ်နဲ့ ငါရရာနေရာကလုပ်မယ်၊ ငါ ရရာနေရာက ပံ့ပိုးမယ်ဆိုတဲ့  ကျမတို့ရဲ့ အမည်မသိရဲဘော်တွေကြောင့် ကျမတို့ရဲ့ ဒီမိုကရေစီခရီးက ဒီအခြေအနေအထိရောက်လာတာ။

ကျမတို့ဒီမိုကရေစီခရီးက ဒီအခြေအနေရောက်လို့ ပြီးမလားဆိုတော့ မပြီးသေးပါဘူး။ ဆက်ပြီးသွားစရာအများကြီးရှိပါတယ်။
စနစ်တခုကို အမြစ်တွယ်ဖို့ဆိုတာ အမတန်မှကြာပါတယ်။ အခုကျမတို့စနစ်က အခုမှအစပျိုးတာဆိုတော့ အမြစ်တွယ်အောင်လုပ်ဖို့ဆိုတာ ကျမတို့အများကြီးဝိုင်းပြီး ကြိုးစားရမှာပါ။ ဒီလိုအမြစ်တွယ်အောင် လုပ်တယ်ဆိုတာ အများအတွက် အမြစ်တွယ်အောင်လုပ်တာဆိုတာ အားလုံးသဘောပေါက်ဖို့လိုပါတယ်။

ဒါကြောင့်မို့ အခွင့်အရေးနဲ့ တာဝန်မှာ တာဝန်ကို အမြဲရှေ့တန်းတင်ပါလို့ ကျမကနေ တိုက်တွန်းတာပါ။ အခွင့်အရေးဆိုတာ အသိအမှတ်ပြုရမယ် အခွင့်အရေးဆိုတာ ကာကွယ်ရမယ်။ ဒါပေမယ့် အခွင့်အရေးကိုကာကွယ်တဲ့အခါမှာ ကိုယ့်တယောက်တည်းအတွက်မဟုတ်ဘဲနဲ့ သဘောထားအရ မူအရ ကာကွယ်ရမယ်။
ဥပမာ- သတ္တိရှိရှိနဲ့ နိုငိငံသားတယောက်ရသင့်ရထိုက်တဲ့အခွင့်အရေးကို ကာကွယ်ခြင်းအားဖြင့်ကိုယ်ကိုယ်ကို ကာကွယ်တာဖြစ်တယ်။ ကိုယ်တယောက်တည်းအတွက်ကြည့်ပြီး ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်လား၊ ဘယ်ဟာကိုကြည့်ပြီးလုပ်သလဲဆိုတာ ကိုယ်ဟာကိုယ်အသိဆုံးပါ။ ပြင်ပကလူတွေတော့သိမှာမဟုတ်ပါဘူး။ ဘယ်သူကမှ ကျတော့်အခွင့်အရေးအတွက်  ကျတော်လုပ်တယ်လို့တော့ ပြောလေ့မရှိပါဘူး။

ဟိုလူ့အခွင့်အရေးအတွက်၊ ဒီအခွင့်အရေးအတွက်၊ ဒီလိုပဲပြောကြတာပဲ။ ဒါပေမယ့် တကယ်ပဲ ကိုယ့်အခွင့်အရေးအတွက် လုပ်တာလား၊ ကိုယ့်အခွင့်အရေးကို ကာကွယ်တယ်ဆိုတာ အများရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပြီး လုပ်တာလားဆိုတာ ကိုယ်အသိဆုံးပါ။
ဒါပေမယ့် ကိုယ်အသိဆုံးဆိုပေမယ့် ဘေးပတ်ဝန်ကျင်က မသိဘူးလို့တော့ မထင်နဲ့။ တဖြည်ဖြည်းတော့သိလာတာပဲ။ ချက်ချင်းတော့ သိချင်မှသိမှာပေါ့။ နောက်တော့ ပေါ်လာတာပဲ။ အဲ့တာကြောင့်မို့ ကျမတို့နိုင်ငံသူနိုင်ငံသားတွေက ဘာပဲလုပ်လုပ် ကိုယ့်အတွက်လည်းလုပ်ပါ၊
သူများအတွက်လည်းလုပ်ပါ။ ဒီစိတ်ဓာတ်ကိုမွေးမြူပါ။ ဒီစိတ်ဓာတ်မွေးနိုင်မှ ကျမတို့တိုးတက်နိုင်မှာပါ။ ကျမတို့နိုင်ငံတိုးတက်ဖို့ဆိုတာ အများတာဝန်ဖြစ်တယ်။ ကျမတို့နိုင်ငံတိုးတက်ရင် အများကလည်း ဒီတိုးတက်မှုရဲ့အကျိုးကို ခံစားရမှာပါ။

တစ်ကမ္ဘာလုံးကလေးစားတဲ့ နိုင်ငံသူနိုင်ငံသား ဖြစ်ရတာနဲ့ အများမလေးစားတဲ့ နိုင်ငံသူနိုင်ငံသားဖြစ်ရတာ မတူဘူးဆိုတာ ပြည်ပရောက် နိုင်ငံသူနိုင်ငံသားတွေ သေသေချာချာနားလည်ယုံကြည်မယ်လို့ ကျမထင်ပါတယ်။
ဒါကြောင့် ကျမတို့နိုင်ငံကို သူများလေးစားအောင်ဆိုတာ အထင်ကြီးခံချင်လို့မဟုတ်ဘူး၊ လေးစားအပ်တဲ့ လက္ခဏာတေ၊ွ လေးစားအပ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရည်အချင်းတွေ၊ ကျမတို့ ပိုင်ဆိုင်ဖို့ဆိုတဲ့သဘောနဲ့ အများလေးစားမှုကို ခံသင့်တာဖြစ်ပါတယ်။
ဘာမှ ကိုယ့်ဘာသာ မလုပ်ထားဘဲနဲ့ ဘာမှကိုယ့်မှာအရည်အချင်းမရှိဘဲနဲ့ အလေးစားခံရတယ်ဆိုတာ တနည်းအားဖြင့် လူတွေက  အထင်မှားပြီးလေးစားတာဖြစ်မယ်။
ကိုယ်လုပ်ဘူးတယ် ကိုယ့်မှာဂုဏ်ရှိတယ်ထင်တယ်။ အမှန်တော့ ကိုယ့်မှာ ဂုဏ်မရှိဘဲ အလေးစားခံရတယ်ဆိုတာ အမှန်တော့ ဘာမှတန်ဖိုးမရှိပါဘူး။
ဒီတော့ ကျမတို့နိုင်ငံကိုလေးစားအောင်လုပ်ပါ။ ကျမတို့နိုင်ငံကို အများလေးစားသောအားဖြင့် ကျမတို့တဦးချင်း တဦးရဲ့ ဂုဏ်ကိုတက်အောင်လုပ်စေချင်ပါတယ်။

အခုဆိုလို့ရှိရင် လုပ်စရာတွေကအများကြီးပါပဲ။
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး...
နိုင်ငံရေးနဲ့ပြောရမယ်ဆိုရင် ခုနက ပထမဆုံး ပြောသွားတာက

ကျမနိုင်ငံရေးပဲ

ကျမက နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းပြောပါတယ်။ ဒီလိုပြောရခြင်းက အကြောင်းရှိပါတယ်။
တကြောင်းကတော့ အဖြစ်ကိုအဖြစ်တိုင်းပြောတာပါ။ ကျမက နိုင်ငံရေးပါတီနဲ့လှုပ်ရှားခဲ့တော့ နိုင်ငံရေးသမားလို့ ကျမပြောလို့ရပါတယ်။ တချို့က နိုင်ငံရေးသမားလို့ အသုံးအနှုန်းကို နားလည်မှုလွဲတာလည်းရှိပါတယ်။ အထင်သေးတာလည်းရှိပါတယ်။ အဲ့ဒီလိုအထင်သေးရခြင်း အကြောင်းကလည်း ၂မျိုးရှိပါတယ်။
နိုင်ငံရေးလုပ်နေတဲ့သူတွေရဲ့ လုပ်ပုံကိုင်ပုံကြောင့် အထင်သေးရခြင်းဖြစ်တယ်။ ကိုယ့်ရဲ့ရပ်တည်မှုကြောင့် ကိုယ့်ရဲ့နိုင်ငံရေးဆိုတာ ဘာမှန်းနားမလည်မှုကြောင့် အထင်သေးရခြင်ဖြစ်တယ်။
အဲ့တော့ နိုင်ငံရေးလုပ်တဲ့သူတွေက အများကလေးစားအောင်လုပ်ဖို့ဆိုတာ နိုင်ငံရေးသမားများရဲ့ တာဝန်ပဲ။
နိုင်ငံရေးသမားများကို အကြောင်းမဲ့အထင်မသေးဖို့ဆိုတာ ကိုယ့်ရဲ့ တာဝန်ပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာလူမိုက်တွေမှလုပ်တယ်လို့ထင်ပါတယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ မိုက်တယ်တိုတာ စွန့်စားတတ်တဲ့ဆိုတဲ့ အမြင်ကမြင်ရင် မှန်ပါတယ်။
အရင် လွတ်လပ်ရေးအတွက်ကြိုးပမ်းတယ်ဆိုတဲ့ခေတ်တုန်းက တိုဗမာအစည်းအရုံးအဖွဲ့ကို ထူထောင်ချိန်ကဆိုရင် တို့ဗမာအစည်းအရုံးအဖွဲ့အဝင် စုဆောင်းတော့ သတင်းစာထဲမှာကြေငြာခဲ့ပါတယ်။
လူမိုက်အလိုရှိသည်ဆိုပြီးကြေညာခဲ့တယ်။ အဲ့တုန်းက ပြောခဲ့တာရှိတယ်။ သခင်ပေါက်စ ထောင်ခြောက်လ။ အခုကျမတို့ခေတ်ကျတော့ ၆လလောက်ဆိုတာ ထောင်ကျတယ်လို့တောင် မသတ်မှတ်ဘူး။ အဲ့တော့ NLD အနေနဲ့ ကြမ်းခင်းဈေး ၅နှစ်။ ၅နှစ်ဆိုရင် ထောင်ကျတယ်လို့ မသတ်မှတ်ဘူး။
အဲ့ဒီဟာတွေကြည့်ပြီး နိုင်ငံရေးလုပ်တဲ့သူတွေက လူမိုက်တွေ၊ ဘာမှအကျိုးမရှိတဲ့အလုပ် လုပ်နေတယ်၊ သူတို့ကိုယ်သူတို့ ဒုက္ခရောက်အောင်လို့၊ သူတို့မိသားစုတွေ ဒုက္ခရောက်အောင်လုပ်တယ်လို့ သူတို့ထင်ကြပါတယ်။ ကျမတို့လုပ်တာ ဒုက္ခရောက်ချင်လို့လုပ်တာမဟုတ်ပါဘူး။ ဘယ်တော့မှ ဒုက္ခမရောက်ချင်ပါဘူး။ ဘယ်သူမဆို ချမ်းချမ်းသာသာ အေးအေးဆေးဆေးနေချင်ကြတာပဲ။ ချမ်းချမ်းသာသာ အေးအေးဆေးဆေး မနေချင်ကြတဲ့သူတွေက ခေါင်းမကောင်းဘူးလို့ပဲ ကျမထင်ပါတယ်။

ဒါပေမယ့် ဒါ့ထက်ပိုပြီးအရေးကြီးတဲ့ကိစ္စရှိတယ်။ ကိုယ်တဦးတည်းချမ်းသာလို့၊ ကိုယ်တဦးတည်းအေးဆေးလို့၊ ကိုယ့်ရဲ့မိသားစုတခုတည်းချမ်းသာဖို့ အေးဆေးဖို့ ဒါထက်ပိုပြီးအရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုတာကို လက်ခံဖို့ နှလုံးသွင်းထားဖို့ လုပ်ထားပါတယ်။
တချို့က နောင်တမဲ့ အကျိုးမျှော်ကိုးပြီးလုပ်တဲ့သူ မပါဘူးမဟုတ်ဘူး အတိုင်းအတာတခုထိ ပါပါတယ်။ ဒါကတော့ ပါမှာပဲပေါ့နော်။
ဒါကတော့ ဘယ်အခြေအနေမျိုးမဆို အခွင့်အရေးကြည့်ပြီးဝိုင်းရံတဲ့သူဆိုတာ ပါမှာပဲ။ ဒါပေမယ့် ကျမတို့ ရုန်းကန်ခဲ့ရတဲ့ကိစ္စတွေက ရည်ရွယ်ချက်နဲ့  ယုံကြည်ချက်နဲ့ နိုင်ငံ့အတွက် ပန်းတိုင်တခုကို ရောက်ရှိချင်လို့ ဒီလိုရုန်းကန်လာခဲ့ရတာပါ။
ဒါက ပထမဆုံး နိုင်ငံရေးကိစ္စကိုပြောတာပါ။

အခုကျမတို့ လူမှုရေး။

လူမှုရေးဟာ နိုင်ငံရေးဟာ ခွဲခြားလို့မရပါဘူး။ နိုင်ငံရေးဆိုတာ လူမှုရေးရဲ့တပိုင်းတစ တစိတ်တပိုင်း လို့လည်း ပြောလို့ရပါတယ်။ လူမှုရေး တိုးတက်မှုကို  ခြုံငုံပြီးပြောရမယ်ဆိုရင်
နံပါတ်(၁) စိတ်ဓာတ်ပေါ့။ စောစောကပြောတဲ့ထဲမှာပါသွားပါတယ်။ သည်းခံမှုနဲ့ မုဒိတာပွားဖို့အတွက် နိုင်ငံရေးရေးဆိုတာ အများအတွက်လုပ်တယ်ဆိုတာ နားလည်ဖို့အတွက်
နောက်တခုက လူမှုရေးနဲ့ အရမ်းအရေးကြီးတာကတော့ ပညာရေး။
ပညာရေးကတော့ ကျမတို့နိုင်ငံမှာတော့ ပညာတတ်တွေအများကြီးလိုနေပါတယ်။ ပညာတတ်တွေဆိုတာ အခုခေတ်ပညာတတ်တွေကျမတို့လိုပါတယ်။ ကိုယ့်နိုင်ငံအတွက် ပြန်ပြီးအကျိုးပြုမယ်ဆိုလို့ ရှိရင် ကိုယ်နိုင်ငံရဲ့ လိုအပ်ချက်တွေကို သဘောပေါက်ဖို့လိုပါတယ်။ အဲ့တော့ ပညာသင်တဲ့အခါမှာ ကိုယ်နိုင်ငံကို ဘယ်လိုဘက်ကပြန်ပြီး ပံ့ပိုးပေးမလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။
တခြားနိုင်ငံတွေမှာ အခြေချနေထိုင်နေတဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူပြည်သားတွေလည်းရှိပါတယ်။ နိုင်ငံသူနိုင်ငံသားတွေတော့ မပြောပါဘူး။ တချို့က တခြားနိုင်ငံသား ခံယူထားတာတွေလည်းရှိပါတယ်။ အဲ့တာကြောင့်လည်း စိတ်ညစ်စရာမလိုပါဘူး။ အားငယ်စရာလည်းမလိုပါဘူး။
အကြောင်းကြောင်းကြောင့် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားခံယူထားပြီးရင် အဲ့ဒီနိုင်ငံအပေါ်သစ္စာရှိရမယ်။ ကျေးဇူးတရားရှိရမယ်။ ကိုယ့်ကိုကာကွယ်ပေးတဲ့နိုင်ငံ၊ ကိုယ်အခြေချခွင့်ပေးတဲ့နိုင်ငံ။
နောက်တခုကလည်း ကိုယ့်ရဲ့အမိနိုင်ငံအပေါ်မှာလည်း သံယောဇဉ်မပြတ်ရဘူး၊ အမိနိုင်ငံရဲ့ ကျေးဇူးကိုလည်း ဆက်ပြီးကျေးဇူးသိရမယ်။ ဘယ်လိုပဲပြောပြော ကိုယ့်ကိုမွေးထုတ်ပေးထားတဲ့နိုင်ငံ၊ ကိုယ့်ရဲ့အမိနိုင်ငံအပေါ်မှာလည်း ဆက်ပြီး မေတ္တာထားပေးရမယ်။
အဲ့ဒီမေတ္တာနဲ့ ကျေးဇူးတရာအရ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပြီးတော့ ကူညီပေးနိုင်တယ်ဆိုလို့ရှိရင် ဒါဟာတာဝန်ကျေတယ်လို့ ကျမသတ်မှတ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ပညာတွေကို အဖက်ဖက်ကကြည့်ပြီးတော့ အများအတွက် အသုံးတာဟာ လူမှုရေးမှာ အမတန်မှ တိုးတက်စေမဲ့စိတ်ဓာတ်ဖြစ်ပါတယ်။
နောက်ကျန်းမာရေးလည်းအရေးကြီးပါတယ်။ ပညာတွေဘယ်လောက် တတ်ထား တတ်ထား ကိုယ့်ရဲ့အရည်အချင်းတွေကို အပြည့်အဝလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့်ကျမတို့ရဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ပံ့ပိုးနိုင်တဲ့ဘက်က ပံ့ပိုးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်။ ဒီလိုပံ့ပိုးတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်ပေးခြင်းနဲ့ ပါဝင်နိုင်တယ်။ ဥပမာ ဆရာဝန်ကြီးတွေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တနှစ်လုံးလည်းမဆိုလိုပါဘူး။ အချိန်ပိုလေးတွေကို သုံးပြီး ပံ့ပိုးနိုင်ပါတယ်။
နောက်တခုက ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာတွေနဲ့ ဆက်နွယ်တဲ့ တခြားပုဂ္ဂိုလ်တွေကိုအားပေးတာမျိုး၊
ဥပမာ-ကိုယ့်ဆရာဝန်အချင်းချင်း မြန်မာနိုင်ငံမှာ ဘယ်လိုနေရာ ဘယ်ဘက်ကနေပြီးတော့ ပါဝင်နိုင်မလဲဆိုတာမျိုးနဲ့လည်း အားပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
နောက်တခုက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အများစုက ဆရာဝန်တွေက ချမ်းသာကြတယ်။ ဒါကြောင့် ငွေရေးကြေးရေးအရလည်း နိုင်ငံတော်ကို ထောက်ပံ့ပေလည်းရပါတယ်လို့။ (လက်ခုပ်သံများ)
ကျမတို့အစိုးရအဖွဲ့အစည်းကို ထောက်ပံ့မယ်ဆိုလို့ရှိရင် ဒီငွေတွေ အလဟဿမဖြစ်စေရပါဘူး။
အားလုံး ပွင့်လင်းမြင်သာစွာနဲ့ ဘယ်လိုသုံးတယ်ဆိုတာကို သိစေရပါမယ်။ ကျမအာမခံပေးပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် မသိရဘူးဆိုရင် ကျမတို့မေးခွန်းထုတ်နိုင်ပါတယ်။ ဒီငွေတွေဘာဖြစ်သွားလဲ?
ဒီငွေတွေဘယ်လိုသုံးတာလဲဆိုတာ မေးပိုင်ခွင့်ရှိပါတယ်။ အဲ့တော့ ကိုယ်ကိုယ်တိုင်သွားပြီး လုပ်အားမပေးနိုင်လို့ရှိရင်လည်း ငွေအားတော့ ပေးပါလို့ ကျမတိုက်တွန်းချင်ပါတယ်။ (လက်ခုပ်သံများးးးး)

နောက်တခုကတော့ စီးပွားရေး။

စီးပွားရေးမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးလိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့စီးပွားရေးသမားလည်း လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေဆိုတာ လက်ရှိအခြေအနေတွေရဲ့ အခွင့်အရေးတွေကို  မှန်မှန်ကန်ကန် ထိထိရောက်ရောက်သုံးစွဲပြီးတော့ ကျမတို့ နိုင်ငံရဲ့ တိုးတက်မှုအတွက် ဝိုင်းဝန်းပံ့ပိုးနိုင်မှာကို ဆိုလိုတာပါ။
ကျမတို့နိုင်ငံက အခု အနောက်ကနေလိုက်နေရတယ်ဆိုတော့ အတွေးသစ် အခေါ်သစ်တွေနဲ့ ရှေ့ကိုရောက်အောင်ကြိုးစားရပါမယ်။
အခုကျမတို့ ၂၁ရာစုကို ရောက်တာဆိုရင် အနှစ်၂၀လောက်ရှိတော့မယ်နော်။ အခု၂၀၁၆ ၊၂၀၂၀ဆိုရင် အနှစ် ၂၀ရှိသွားပြီ။ ဘာကိုဆိုချင်တာလဲဆိုတော့ အခုထိ အချို့က ၂၀ရာစုအတွေးတွေတွေးနေတယ်။
၂၀ရာစုတုန်းက ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ပုံစံနဲ့ အခုဖွံ့ဖြိုးတိုးတက်တဲ့ပုံစံနဲ့မတူနိုင်ဘူး။ အရင်၂၀ရာစု အတွေးတွေနဲ့ သွားနေမယ်ဆိုရင် ၂၀ရာစုတုန်းက စီးပွားရေးရှေ့ရောက်သွားတဲ့သူတွေကို လိုက်မှီဖို့ခက်ပါလိမ့်မယ်။ ဒါကြောင့် ၂၁ရာစုအတွေးတွေနဲ့ ကျမတို့ရှေ့ရောက်အောင်ပြန်တိုးရပါလိမ့်မယ်။
အရင်တုန်းက တိုးတက်ခဲ့တဲ့နိုင်ငံများဟာ အခုခေတ်နဲ့ ညီအောင်လို့ တချို့စနစ်တွေကို ပြောင်းဖို့ဆိုတာ ခက်ပါတယ်။

ဂျပန်နိုင်ငံမှာရောက်နေတော့ ကျမဘာကိုသွားသတိရလည်းဆိုတော့ ကျမတို့နိုင်ငံကို ရုပ်မြင်သံကြားစနစ်လုပ်တဲ့အခါမှာ ကျမကြားဖူးပါတယ်။ ကျမတို့နိုင်ငံဟာ ရုပ်မြင်သံကြားစနစ်နောက်ကျမှ ထူထောင်တာ အဲ့ဒီစနစ်ကကောင်းတယ်။ ဘာလို့ဆိုရင် အဲ့ဒီတုန်းက နောက်ဆုံးနည်းပညာနဲ့ ထူထောင်လိုက်တယ်ဆိုတော့ အရင် ၁၉၅၀ တုန်းက ထူထောင်ခဲ့တဲ့ နိုင်ငံတွေရဲ့ စနစ်ထက်စာရင် ပိုပြီးကောင်းတယ်။ ဟိုအရင်နိုင်ငံတွေက စနစ်တွေကို  ပြန်ပြီးပြောင်းရလို့ အမတန်အကုန်အကျများတယ်။ အချိန်လည်းယူရတယ်။
အဲ့တော့ ကျမတို့ နောက်မှာရောက်နေတော့ ခက်ခဲတာတွေရှိသလို ကျမတို့မှာ အခွင့်အရေးတွေလည်း ရှိပါတယ်။ နောက်မှရလာတဲ့ အခွင့်အရေးတွေကို သုံးပြီးတော့ ကျမတို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက်ဝိုင်းဝန်း ကြိုးစားကြစေချင်ပါတယ်။

ကြိုးစားတဲ့နေရာမှာ (၁) တီထွင်မှုပေါ့။ အတွေးသစ်၊အခေါ်သစ်တွေလိုတယ်။
နောက်တခုက ဝီရိယလိုတယ်။ ဒီအခွင့်အရေးကို အောင်မြင်အောင်လုပ်ဖို့ဆိုတာ ဝီရိယဟာ အမတန်အရေးကြီးပါတယ်။

ကျမတို့မြန်မာနိုင်ငံသားတွေအမြဲတမ်းအပြောခံရတယ်။ ကောက်ရိုးမီးလိုပဲ ဝါးကနဲတောက်ပြီး ငြိမ်သွားတာပဲဆိုတာ၊ အဲ့ဒါက ဝီရိယမရှိတာပဲ။ ဝီရိယမခိုင်မာတာပဲ၊ ဝီရိယနဲ့ဆက်ပြီးသွားတဲ့အခါမှာ အပင်ပန်းခံနိုင်ရမယ်။ ဝိရိယဆိုတာ အားစိုက်ထုတ်ပြီးလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်၊ ဒုတိယက ဒီဆုံးဖြတ်ချက် အတိုင်းလုပ်တာ။ တတိယက ပင်ပန်းလို့ရှိရင် လုပ်ချင်တဲ့စိတ်၊ ဆက်ပြီးလုပ်မယ် ဆိုတဲ့ခိုင်မာတဲ့စိတ်။ နောက်ဆုံးကတော့ တခါတလေ အရှုံးနဲ့ရင်ဆိုင်ရရင်တောင် အားမလျော့ဘဲနဲ့ ဆက်ပြီး လုပ်နိုင်တဲ့ အမြင့်ဆုံးဝီရိယ။

ဒီတော့ ကျမတို့ ဝိရီယနဲ့ တဆင့်ဆင့်ပြီး တဆင့်လုပ်သွားမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်။ စီးပွားရေး ဘက်မှာလည်းအောင်မြင်မယ်။ စီးပွားရေးလုပ်ငန်းရှင် အသေးများ အလတ်များ ကျမတို့နိုင်ငံမှာ အများကြီး မွေးထုတ် ချင်ပါတယ်။  စီးပွားရေးလုပ်ငန်းအကြီးကြီးတွေလည်း ကျမတို့မွေးထုတ်ဖို့လိုပါတယ်။ နိုင်ငံသူနိုင်ငံသားတွေတိုးတက်ဖို့ဆိုတာ အားလုံးလိုပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံရဲ့ စီးပွားရေး အလတ်စား အသေးစားတွေ ဖွံ့ဖြိုးတိုးတက်ဖို့တော့ အထူးအားပေးဖို့လိုပါတယ်။

စီးပွားရေးလုပ်ငန်းကြီးတွေ အတွက် နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုပါတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်စိတ်ဖြစ်အောင်လို့လည်း ကျမတို့ နိုင်ငံခြားရောက် နိုင်ငံသူနိုင်ငံသားများလည်း တာဝန်အထူးရှိပါတယ်။ ကျမတို့ နိုင်ငံခြားရောက် နိုင်ငံသူ နိုင်ငံသားများရဲ့ အခြေအနေကို ကြည့်ပြီးတော့ နိုင်ငံခြားက မြန်မာနိုင်ငံဆိုတာ ငါတို့ ရင်းနှီးမြှုပ်နှံမှုလုပ်သင့်တဲ့ နိုင်ငံပါဆိုတာ အတိုင်းအတာတခု သူတို့ဆုံးဖြတ်မှာဖြစ်ပါတယ်။ ငါတို့ရင်းနှီးမြှုပ်နှံမှုသွားလုပ်ရင် ငါ့တို့ရင်းနှီးမြှုပ်နှံမှုတွေကို အောင်မြင်အောင်လုပ်ပေးနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေပါဆိုတာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမဲ့သူတွေက စဉ်းစားမဲ့ကိစ္စဖြစ်ပါတယ်။

အားလုံး တဥိးချင်း တဦးချင်းမှာ တာဝန်ရှိပါတယ်ဆိုတာ ကျမပြောချင်ပါတယ်။
မြန်မာနိုင်ငံက အဝေးရောက် နိုင်ငံသူနိုင်ငံသားများနဲ့တွေ့လို့ရှိရင် မေးခွန်းမေးတဲ့အစီအစဉ်လေး အမြဲလုပ်တယ်ဆိုတာ  အများသိကြမှာပါ။ ဒီလိုမေးခွန်းမေးတဲ့အကြောင်း ၂ကြောင်းပါ။ ကျမတို့လုပ်နေတဲ့ ကိစ္စတွေကို ကျမတို့ ပြည်သူပြည်သားတွေပိုပြီး နားလည်အောင်လို့ တစ်ကြောင်း၊ နောက်တခုက ကျမတို့ ပြည်သူပြည်သားတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီး နားလည်အောင်လုပ်တဲ့ အကြောင်းတစ်ကြောင်း၊ ဒီနှစ်ကြောင်းပေါင်းလိုက်လို့ရှိရင် ကျမတို့အချင်းချင်း ပိုပြီးနားလည်မှုရှိအောင်လို့ ကျမတို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ တာဝန်ကို ပိုပြီးထမ်းဆောင်နိုင်အောင်လို့ ဒီ၂ကြောင်းနဲ့ ကျမက မေးခွန်းအမေးအဖြေတွေ လုပ်တာဖြစ်ပါတယ်။

အခု အချိန်အကန့်အသတ်အရဆိုရင် အားလုံးမေးခွန်းမေးဖို့ဆိုတာ +++++
+++++
++++

တခါတလေ မေးခွန်းမေးတဲ့နေရာမှာ တယောက်နဲ့တယောက် တိုက်ခိုက်တဲ့မေးခွန်းလေးတွေ မေးတာကျမ တွေ့ခဲ့ဘူးတယ်။ တခြားသူကိုမေးခွန်းမေးရင်း တခြားသူကိုဆော်တဲ့ မေးခွန်းမေးတော့ တာပဲ။ (ရယ်သံများ) အဲ့တော့  ဒီလိုစိတ်ဓာတ်တွေလည်း နည်းနည်းတော့ ဆင်ခြင်ကြပါလို့ မေးခွန်းထက် တိုင်ချက်တွေ....

တိုင်ချက်ဆိုကျမမဖြေဘူးနော်(ရယ်သံများ)

အခုထဲက ပြောထားတာ..
ကျမတို့ဒီကိုလာတဲ့အခါ ငါမလာရလား သူကြတော့ လာရလား. သူကြတော့ လာ ငါကြတော့ မလာရလား ဆိုပြီး ပြသနာတွေတက်တဲ့အခါ အဲ့တာတော့ မဖြစ်သင့်ဘူး။ အမှန်က ပြောင်းပြန်ဖြစ်ရမယ်.။ အရင်တုန်းက ညီညီညွတ်ညွတ်ဖြစ်တဲ့ ဗမာတွေ ဒီလိုအခမ်းအနားမျိုးဆို ရန်ဖြစ်ကြတာပဲ။(ရယ်သံများ) အဲ့တာတော့ မဖြစ်သင့်ဘူး ပြောင်းပြန်ဖြစ်ရမယ်။  ဒီလိုအခမ်းအနားမျိုးဆို
မင်းသွားလိုက်ပါ. ငါကရပါတယ်.ပိုပြီးညီညွတ်ရမယ်။ ဒီလိုသဘောထားကြီးဖို့ . တကယ်လိုအပ်တဲ့နေရာမှာ ကိုယ်ကနေပြီးတော့ ငါရနိုင်ရဲ့သားနဲ့ ငါနောက်ဆုတ်ပေးတာ မရလို့နောက်ဆုတ်ပေးတာနဲ့မတူဘူး။
အဲ့တော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားချင်စိတ်ရှိလို့ရှိရင် လုပ်သင့်တဲ့နေရာမှာ ယလုပ်ရဲရမယ်။ မလုပ်သင့်တဲ့နေရာမှာ မလုပ်တဲ သဘောထားရှိရမယ်။ ကိုယ့်ကိုယ်ကို ကိုယ့်အကြောင်းလည်းသိရမယ်။ ကိုယ့်အကြောင်းလည်းသိတဲ့အပြင် ကိုယ့်ထက် တခြားသူတွေရဲ့ အခွင့်အရေးကိုလည်း လေးစားရမယ်။ အချို့က ကိုယ့်အကြောင်းကိုယ်မသိတော့ ငါမှ တတ်တယ်ပဲထင်တာ။ အားလုံးတတ်တယ်လို့ ထင်တဲ့သူတွေက တိုးတက်စရာအကြောင်းမရှိဘူး။ ကိုယ့်ကိုယ်ကိုအားလုံးတတ်တယ်လို့ မထင်ပါနဲ့၊ အားလုံးတတ်တယ်ထင်ရင် ကိုယ့်မှာ တိုးတက်ရာလမ်းကြောင်းမရှိဘူးဆိုတာ မရှိတော့ပါဘူး။ သဘောပေါက်ပါ. ဘယ်သူမဆို တိုးတက်ဖို့ အခြေအနေကရှိသေးတာပဲ။  နောက်ဆုံးဘယ်လောက်အသက်ကြီးကြီး၊  ဘယ်လောက်ကြာကြာ နေကောင်းနေကောင်း  ဘဝရဲ့နောက်ဆုံးပိုင်းရောက်ပီဆိုရင်တောင်မှ ဘဝရဲ့ လောကုတ္တရာအရ အများကြီးတိုးတက်အောင်မြင်ဖို့ အခွင့်အရေးတွေရှိသေးတယ်။ အဲ့လိုသုံးလို့ရတယ်။

ဒါကြောင့်ကျမတို့ ဂျပန်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်ကိုယ်ကို တနေ့ထက်တနေ့ တိုးတက်အောင် ကြိုးစားကြပါ။ ဒီတိုးတက်မှုတွေကို ကိုယ့်အတွက်လည်းသုံးပါ။ အများအတွက်လည်းသုံးပါ။ ဒီလိုလုပ်းခြင်းအားဖြင့် ကိုယ်လည်းအကျိုးရှိမယ်. စိတ်လည်းကျေနပ်မှုရှိပါတယ်။
လူတိုင်းလူတိုင်း ဘဝရဲ့နောက်ဆုံးပိုင်းမှာ ကိုယ့်ဘဝကို ဆင်ခြင်လိုက်တဲ့အခါ ငါလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှ ငါလုပ်ခဲ့ပြီဆိုတဲ့ အတွေးနဲ့ ဘဝကူးကောင်ပြောင်းနိုင်တယ်ဆိုတဲ့အချိန်က အကောင်းဆုံးအချိန်ပါပဲ။
အခုဒီထဲမှာ လူငယ်လူရွယ်လေးတွေပါတော့ ဘဝကူးပြောင်းဖို့ မစဉ်းစားကြသေးပါဘူး။(ရယ်သံများ)

++++++++
++++++
ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ တနေ့ထက်တနေ့ တန်ဖိုးရှိအောင်ကြိုးစားသွားကြပါလို့ ကျမအနေနဲ့ ဆော်သြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

...
ဒေါ်အောင်ဆန်းစုကြည်
(ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ၂၀၁၆ နိုဝင်ဘာ ၁ရက်နေ့မှ ၄ရက်နေ့အထိ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့တွေ့ဆုံမှု)

https://www.facebook.com/speechofdassk/posts/1226356017444505

No comments: