Saturday, November 5, 2016

တောင်သူများ ပဲတီစိမ်းဆက်စိုက်ရန် ပဲ၊ နှမ်းကုန်သည်အသင်း အကြံပြု

ပဲတီစိမ်းများ ခြွေလှေ့ပြီးနောက် သိမ်းဆည်းနေကြစဉ် (ဓာတ်ပုံ − စိုင်းဇော်)

တိုင်ပေက ပဲတီစိမ်းဝယ် ယူမှုကို ရပ်ဆိုင်းပြီးနောက်တွင် ပဲတီစိမ်းစိုက် တောင်သူများ မတ်ပဲများကို အစားထိုးစိုက်ပျိုးရန် ပြင်ဆင်နေ၍ လာမည့်နှစ်တွင် ဈေးကောင်းရနိုင်သည့် ပဲတီစိမ်းကိုသာ ဆက်လက်စိုက်ပျိုးရန် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းက အကြံပြုချက်ထုတ်ပြန်ထားသည်။

‘‘ပဲတီစိမ်းနေရာမှာ မတ်ပဲကို အစားထိုးစိုက်ဖို့ ပြင်ဆင်နေကြ တယ်။ ဒါဆို ပြည်တွင်းမှာ မတ်ပဲ တွေများပြီး ဈေးကျသွားနိုင်တယ်။တရုတ်က အရင်နှစ်က မ၀ယ်ပေ မယ့် ဒီနှစ်မှာ ၀ယ်လာနိုင်တယ်။ ဒါကြောင့် ပဲတီစိမ်းကိုပဲ ဆက်စိုက်စေချင်တယ်’’ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းအတွင်းရေးမှူး ဦးစိုင်းဘဉာဏ်က ပြောသည်။

ထို့အပြင် ပဲတီစိမ်းကို အဓိက၀ယ်ယူသည့် တရုတ်တွင် ရာသီ ဥတုဖောက်ပြန်မှုကြောင့် ပဲထွက် လျော့နည်းနိုင်၍ မြန်မာပဲတီစိမ်းများကို ဈေးကောင်းပေးဝယ်ယူနိုင်ကြောင်း ပဲကုန်သည်များက ခန့်မှန်းသည်။

ထို့ပြင် ဥရောပသမဂ္ဂနိုင်ငံ များ၊ ဂျပန်နှင့် ကိုရီးယားတို့ကလည်း အရည်အသွေး ကောင်းသော မြန်မာပဲတီစိမ်းများ ပိုမိုဝယ်ယူရန် ပဲကုန်သည်များနှင့်ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ ဈေးကွက်သစ်များကို တင်ပို့နိုင်ရေး ဓာတ်မြေသြဇာသုံးစွဲခြင်းကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ပဲကုန်သည်များက ပြောသည်။

မြန်မာပဲတီစိမ်းများကို တိုင်ပေ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် တရုတ်နိုင်ငံတို့က အဓိက၀ယ် ယူသည်။ ပြီးခဲ့သည့် နှစ်တွင် မြန် မာပဲတီစိမ်းများ၌ ပိုးသတ်ဆေး ဓာတ်ကြွင်းများပါဝင်ခြင်းကြောင့် တိုင်ပေက အ၀ယ် ရပ်ဆိုင်းခဲ့ သည်။ ထို့ပြင် တရုတ်တွင်လည်း ပဲတီစိမ်းအထွက်များသောကြောင့် မြန်မာပဲတီစိမ်းဈေးများ ကျဆင်း ခဲ့သည်။ ယခင်က တစ်တန်လျှင် ကျပ် ၁၀ သိန်းကျော်ပေါက်ဈေးရှိ ခဲ့ရာမှ ယခုတစ်တန်လျှင် ကျပ် ရှစ်သိန်းခန့်သာ ဈေးရှိသည်။ ထို့ကြောင့် ယခုနှစ်တွင် ပဲဈေးကျ သဖြင့်လာမည့်နှစ်တွင်ပါ အလားတူ ကြုံမည်စိုးကာ တောင်သူများက ပဲတီစိမ်းအစား မတ်ပဲစိုက်ပျိုးရန် စီစဉ်နေ၍ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက အကြံပြုထားခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဧပြီမှ စက်တင်ဘာကုန် အထိ ခြောက်လအတွင်း ပြည်ပ နိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ခုနစ် သိန်းသုံးသောင်းကျော်တင်ပို့ထားပြီး ကန်ဒေါ်လာ သန်း ၈၅၀ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

တစ်နှစ်လျှင် ပြည်ပ နိုင်ငံ များသို့ ပဲတန်ချိန် ၁၃ သိန်းခန့် တင်ပို့လေ့ရှိပြီး ယခင်ဘဏ္ဍာနှစ် က ရာသီဥတုကြောင့် ပဲအထွက် နည်း၍ ပဲတန်ချိန် ၁၁ သိန်းခန့်သာတင်ပို့နိုင်ခဲ့သည်။

လက်ရှိဈေးကွက်တွင် ပဲတီစိမ်းမှာ ပြီးခဲ့သည့် လပိုင်းက မိုးများ၍ ဈေးနှုန်းကျဆင်းခဲ့သော်လည်း ယခုလဆန်းပိုင်းမှစ၍ ပြည်ပနိုင်ငံများမှ အ၀ယ် လိုက်လာသည့်အတွက် ဈေးနှုန်းပြန်လည်ဦးမော့လာကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လာမည့် ဆောင်းစိုက်ပျိုးရာသီတွင် ပဲတီစိမ်းဆက် လက်စိုက်ပျိုးရန် တောင်သူများ အား အကြံပြုလိုကြောင်း မန္တလေး တိုင်း ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးချွန်က ပြော သည်။‘‘ပဲတီစိမ်းက ရာသီအနေနဲ့ လည်း ရှိသေးတယ်။ ပြည်ပနိုင်ငံ တွေက အ၀ယ်ပြန်ရလာတဲ့အ တွက် ဈေးကလည်း ရှစ်သောင်း ၀န်းကျင်အထိ ပြန်တက်လာတာ ကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဈေးမရ လို့ မစိုက်တော့ဘူးလို့ ရည်ရွယ် ထားတဲ့ တောင်သူတွေ အနေနဲ့ ဆက်ပြီး စိုက်ပျိုးရင် ဈေးကောင်း ရနိုင်တယ်ဆိုတာ အကြံပြုချက် အနေနဲ့ မျှဝေပေးတာ ဖြစ်ပါတယ်’’ဟု ဦးချွန်က ပြောသည်။

၂၀၁၆ နှစ်လယ်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ကျပ် ၉၅,၀၀၀ အထိ ဈေးရခဲ့ရာမှ တောင်သူများစိုက်ပျိုးခဲ့ သည့် ပဲတီစိမ်းများ အစိုဓာတ်များ ပြီး အရည်အသွေးကျဆင်းခဲ့၍သုံးတင်းတစ်အိတ်လျှင် ကျပ် ၆,၈၀၀ အထိ ဈေးကျသွားခဲ့သည်။

ယခုလပိုင်းအတွင်း တရုတ်၊ ကိုရီးယားအပါအ၀င် ရေကြောင်း မှတစ်ဆင့် ပို့သည့် ဥရောပနိုင်ငံ အချို့မှ အ၀ယ်မှာယူမှုများရရှိ လာ၍ ကျပ် ၇၈,၀၀၀ အထိ ပြန်လည်မြင့်တက်လာကြောင်း ၎င်းက ရှင်းပြသည်။

‘‘နောက်ပိုင်း မိုးလည်းနည်း လာပြီဖြစ်တဲ့အတွက် ပဲတီစိမ်းအ ရည်အသွေးက ပြန်ကောင်းလာပါ တယ်။ သူက နှစ်လခွဲလောက်ဆို ပေါ်တာဖြစ်တဲ့အတွက် အခုစိုက်ရင် မီပါသေးတယ်’’ဟု ဦးချွန်က ပြောသည်။

No comments: