Saturday, February 20, 2016

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို လေးရက်ကြာပိတ်ဆို့ထားမှု အပေါ် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဆွေးနွေးမည် -------------------------------------------------

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို လေးရက်ကြာပိတ်ဆို့ထားမှု အပေါ် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဆွေးနွေးမည် ------------------------------------------------- ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ကချင်ပြည်နယ်အတွင်း ဘိန်းခင်းများဖျက်ဆီးဆောင်ရွက်နေသည့် လူထု အခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို ဝိုင်းမော်မြို့ စုပေါင်းဂိတ်အနီးတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့တို့က လေးရက်ကြာ ပိတ်ဆို့ထားသည့်ကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ညနေ တွင် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာ ဆန်ဆွမ်က The Voice သို့ ပြောကြားသည်။ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှ ဖေဖော်ဝါရီ ၁၉ရက်နေ့အထိ ကချင်နှင့် ရှမ်းပြည်နယ်ဒေသအချို့ရှိ ဘိန်းခင်းဧက၈၀၀၀ခန့်ကို ဖျက်ဆီးခဲ့သည်။ ယင်းသို့ ဘိန်းခင်းတိုက်ဖျက်မှုများဆောင်ရွက်နေစဉ် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့တို့က ပိတ်ဆို့တားဆီးမှုများပြုနေ သည့်အတွက် လတ်တလောတွင် လုပ်ငန်းများရပ်တန့်ထားရသည်ဟု အဆိုပါအဖွဲ့ဝင်များက ဆိုသည်။ “ ဝိုင်းမော်အနီး ဝါရှောင်ရွာအထွက်မှာ လူ၃၀၀၀လောက် ရှေ့ဆက်တိုးမ ရဖြစ်နေတယ်။ အစိုးရကပိတ်ထားတာမဟုတ်ဘူးလို့ သတင်းစာရှင်းလင်း ပွဲမှာပြောတယ်။ အောက်ခြေကတော့ ရှေ့ဆက်တိုးလို့မရဘူး။ဒီညနေတော့ ပြည်နယ်ရဲမှူးက ဆွေးနွေးဖို့ပြောလာတယ်” ဟု လူထုအခြေပြုမူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်ကချင်နှစ်ခြင်းအသင်းတော် (KBC) ၏ သင်းအုပ်ဆရာတော် ဆရာဆန်ဆွမ်ကဆိုသည်။ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက် သွယ်မေးမြန်းရာတွင် “တားဆီးပိတ်ပင်ထားတာမဟုတ်ဘူး။ ဟိုက စိုက်ပျိုးနေတဲ့သူတွေကလည်း သူတို့အဖွဲ့ဝင်လာရင် ပြန်ခုခံမယ်ဆို ပြီးဖြစ်နေတာ။ ပဋိပက္ခမဖြစ်အောင် ဝင်ပြီးထိန်းရတဲ့သဘောပါပဲ။ တပ်မတော်က တားဆီးထားတာမဟုတ်ဘူး။ ကျန်တဲ့ လုပ်ထုံးလုပ်နည်း မှန်ကန်ဖို့ကတော့ အစိုးရဖွဲ့နဲ့ညှိနှိုင်းပေါ့’’ ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ထိပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတစ်ဦးက တုံ့ပြန်ဆိုသည်။ ကန်ပိုက်တီးဒေသဝန်းကျင်ရှိ ဘိန်းခင်းများကိုဖျက်ဆီးရန်သွားရောက်စဉ် ကန်ပိုက်တီး- ချီဖွေလမ်းခွဲဆဒုံးလမ်းဆုံအရောက်တွင် ယင်းသို့ တားဆီး ထားခြင်းဖြစ်သည်။ လတ်တလောမှာ အဆိုပါအဖွဲ့နှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့တို့ ညှိနှိုင်းနေ ဆဲဖြစ်၍ ရှေ့ဆက်သွားရန်မဖြစ်နိုင်သေးဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ထိပ်ပိုင်းဆိုင်ရာတဝန်ရှိသူက ဆိုသည်။ ကချင်ပြည်နယ်ရဲတပ်ဖွဲ့သည် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဘိန်းခင်းဖျက်လိုသည့် အဖွဲ့များကို ဒေသခံများနှင့်ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သည့်အတွက် ပေးမ သွားနိုင်ကြောင်း၊ အကယ်၍ သွားလိုပါက ဌာနဆိုင်ရာအဖွဲအစည်းများ သွားရောက်ဖျက်ဆီးသည့်အခါများတွင် လိုက်ပါပူးပေါင်းဆောင်ရွက်နိုင် သည်ဟု ရှင်းလင်းခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိ ရသည်။ “ ကျွန်တော်တို့တားဆီးပိတ်ပင်တယ်ဆိုတာမျိုး လုပ်ထားတာမဟုတ်ဘူး။ သွားရင် ဟိုကဒေသခံနဲ့ သေချာပေါက်ပြသနာဖြစ်မှာ။ ဒါကြောင့် တာဝန် ရှိသူတွေနဲ့အတူ သွားဖျက်မယ်ဆိုတော့လည်း လက်မခံဘူး။ အခုတော့ ထပ်ဆွေးနွေးညှိနှိုင်းဖို့လုပ်နေတယ်" ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယခုသွားရောက်မည့် ကန်ပိုက်တီးနှင့်အနီးတစ်ဝိုက်တွင် ကြိုတင်စာ ရင်းကောက်ယူထားမှုများအရ ဘိန်းခင်းဧက၂၀,၀၀၀ခန့်ရှိကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ယခင်က ဘိန်းခင်း ဖျက်ဆီးရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သော်လည်း ယခုအကြိမ်ကဲ့သို့ လူထုပါဝင်မှုအင်အားမများကြောင်း၊ ယခုသွားရောက်မည့် ကန်ပိုက်တီး ဘက်တွင် တရုတ်လုပ်ငန်းရှင်များက ငွေစိုက်ထုတ်၍ ဒေသခံများကို စိုက်ပျိုးစေခြင်းများရှိသကဲ့သို့ အဆိုပါတရုတ်လူမျိုးများကိုယ်တိုင်လည်း ဝင်ရောက်စိုက်ပျိုးမှုများပြုလုပ်နေကြောင်း ဆရာဆန်ဆွမ်ကပြောသည်။ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွင် ဘာသာရေးနှင့် လူမူရေးအဖွဲ့အစည်းများ၊ လော်ဝေါ်၊ လချိတ်၊ ဇိုက်ဝါး၊ ဂျိန်းဖော စသည့် မျိုးနွယ်စုများ ဒေသခံများပါဝင်ပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စတင်ဖွဲ့စည်းလှုပ် ရှားခဲ့သည်။ လတ်တလောတွင် အဖွဲ့ဝင်အင်အား ၅,၀၀၀နီးပါးရှိကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

No comments: