Wednesday, September 9, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင် များနှင့် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင် များနှင့် တွေ့ဆုံ

==========================================
နေပြည်တော် စက်တင်ဘာ ၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ၂ (MICC-2) ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ၊ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)၊ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) တို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့ အစိုးရသည် စနစ်ဟောင်း၊ ခေတ်ဟောင်း မှနေပြီး စနစ်သစ်တစ်ခုကို ပထမဆုံး စတင်ပြောင်းလဲခဲ့ရသည့် အစိုးရဖြစ် ပါကြောင်း၊ ၂၀၁၁ ခုနှစ် မတ်လအကုန်တွင် မိမိအနေဖြင့် သမ္မတတာဝန်ကို စတင် ယူရချိန်မှစ၍ သန်း ၅၀ ကျော်သော ပြည်သူများ၏ တူညီသည့်ဆန္ဒနှစ်ခုကို သတိပြုမိ ပါကြောင်း၊ ယင်းဆန္ဒနှစ်ခုမှာ နိုင်ငံသားတိုင်းသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြခြင်းပင် ဖြစ်ပါကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရန် လိုအပ်သကဲ့သို့ နှစ်ပရိစ္ဆေဒ ကြာညောင်း ခဲ့ပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရန် လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ နိုင်ငံတည်ရှိနေသမျှ စဉ်ဆက်မပြတ် ဆောင် ရွက်နေရမည့် ကိစ္စဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှသာ ရရှိမည်ဆိုသည်ကို မိမိ သဘောပေါက်မိပါကြောင်း။

ထို့ကြောင့် မိမိတို့အစိုးရတက်ပြီး ငါးလအကြာ သြဂုတ် ၁၈ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါ ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် လက်နက်ဖြင့် ဖြေရှင်း၍ မရသည်ကို သမိုင်းက သက်သေ ပြနေ ပါကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် လက်နက်နှင့် ဖြေရှင်းခဲ့သော်လည်း မည်သူမျှ အနိုင်မရဘဲ တိုင်းပြည်သာ နစ်နာဆုံးရှုံးပြီး ပြည်သူများ ဒုက္ခရောက်ရုံ သာမက အဘက်ဘက်က နောက်ကျ ကျန်ရစ် ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာလျှင် မှန်ကန်သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဖွဲ့အစည်း အားလုံးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်ဖွဲ့ချင်း တွေ့ဆုံပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲကာ တွေ့ဆုံဆွေးနွေးကြရန် ဖိတ်ခေါ်ခဲ့ပါကြောင်း။

လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့အပါအ၀င် မိမိ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ၁၁ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၅၂ ဦးနှင့် ဖွဲ့စည်းကာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပါကြောင်း။

၎ နှစ်ကျော်ကာလအတွင်း ပြည်သူများ နှစ်ပေါင်းများစွာ လိုလားတောင့်တ နေကြသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆိုပြီး အဆင့်နှစ်ဆင့် သတ်မှတ်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အဆင့်တွင် ယင်းဒေသများရှိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းနှင့် တွေ့ဆုံ ထိတွေ့ ဆွေးနွေးပြီး တစ်ဖွဲ့ချင်းနှင့် Bilateral Agreement ကို ဦးစွာ ရယူခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နှင့် စာချုပ်ပေါင်း ၃၉ ခု ချုပ်ဆိုခဲ့ပါကြောင်း။

တစ်ချိန်တည်းမှာပင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား အဖွဲ့များ၏ ဆန္ဒအရ အဖွဲ့အချင်းချင်း လည်း တွေ့ဆုံဆွေးနွေးလိုသည့် အတွက် ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး လိုင်ဇာညီလာခံကို ကျင်းပပြုလုပ်ခွင့်ပြုခဲ့ပြီး မိမိကိုယ်တိုင် လိုအပ်သည် များကို ကူညီပေးကာ သ၀ဏ်လွှာပေးပို့ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း တွေ့ဆုံခွင့်ပြုပြီး နိုင်ငံ့အကြီးအကဲတစ်ဦးအနေဖြင့် အသိအမှတ်ပြု သ၀ဏ်လွှာပေးပို့ခြင်းသည် မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး ရပြီးသမိုင်းတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မိမိရှင်းပြနေရခြင်းသည် ငြိမ်းချမ်းရေး ရလိုသည့် ဆန္ဒကို ပေါ်လွင်စေချင် သည့်အတွက်ဖြစ်ပါကြောင်း။

တိုင်းရင်းသားအချင်းချင်း တွေ့ဆုံဆွေးနွေးရာမှ ပေါ်ပေါက်လာသည့် NCCT အဖွဲ့ကို မိမိ အနေဖြင့် ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး ယင်းအဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးပွဲများ၊ တရားဝင်ဆွေးနွေးပွဲများ အကြိမ်ပေါင်းများစွာ ပြုလုပ်စေခဲ့ပါကြောင်း၊ အကြိမ်ပေါင်း များစွာ ဆွေးနွေးပြီး တိုင်းရင်းသားများဘက်က တင်ပြလာသည့် NCA မူကြမ်းကို မိမိတို့၏ UPCC အစည်းအဝေးတွင် အကြိမ်ကြိမ် ညှိနှိုင်းပြီး ၂၀၁၅ ခုနှစ် မတ်လတွင် နှစ်ဦးနှစ်ဖက် သဘော တူညီချက်များကို မိမိကိုယ်တိုင် တက်ရောက်အား ပေးခဲ့ပါကြောင်း။

တစ်ဖန် ယင်းသဘောတူညီချက်ကို တိုင်းရင်းသားအချင်းချင်း လော်ခီးလာညီ လာခံတွင် ထပ်မံတွေ့ဆုံရာမှ ပေါ်ပေါက်လာသည့် ပြင်ဆင်ဖြည့်စွက်ချက်လိုသည့် အချက်များကို မိမိအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်း NCA စာချုပ်ကို အားလုံးသဘောတူကြပြီဖြစ်ပါကြောင်းကို မိဘပြည် သူများထံ သတင်းစာထဲမှ တစ်ဆင့် တင်ပြအသိပေးခဲ့ပါကြောင်း။

မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသည်နှင့် ယင်းသဘော တူညီချက် အတိုင်း နိုင်ငံရေးဆွေးနွေးပွဲ များကို သွားနိုင်ရန်အတွက် မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲများကို ပြုလုပ်ကြရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သြဂုတ် ၁၁ ရက်က ပထမဆုံး လက်မှတ်ရေးထိုးသင့်သည့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့ကို မိမိကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဖိတ်ကြားခဲ့ခြင်းဖြစ်ပါ ကြောင်း။

NCA စာချုပ် လက်မှတ်ရေးထိုးပြီးသည့်အခါ ယင်းစာချုပ်အရ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ပြင်ဆင်ရ မည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲများသည် အချိန်အခါအလိုက်ရှိနေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပေါ်ပေါက်လာသည့် အခွင့်အရေးကို အမိ အရ ဆုပ်ကိုင်နိုင်ရန် အရေးကြီးသည်ဟု မိမိအနေဖြင့် ရည်ညွှန်းပြောကြားလိုပါကြောင်း၊ မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးသည် ငြိမ်းချမ်းရေး မရရှိဘဲနှင့် မဖြစ်နိုင်ဘူးဆိုသည်ကို အလေးအနက် ထားပြီး ပြောကြားလိုပါကြောင်း။

ထို့ကြောင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို ကောင်းမွန်မှန်ကန်သည့် ဆန္ဒဖြင့် ၀ိုင်းဝန်း ဆွေးနွေးကြရန် မိမိအနေဖြင့် ဖိတ်ခေါ်ပါကြောင်း၊ ယခု စက်တင်ဘာလမကုန်မီ လက်မှတ် ရေးထိုးနိုင်ရန် ယနေ့ အစည်းအဝေးတွင် မိမိတို့အားလုံး ညှိနှိုင်း နိုင်မည်ဟု မျှော်လင့် ပါကြောင်း။

နှစ်ပေါင်းရှည်ကြာဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းရန်အတွက် လက်နက်ကိုင် နည်းဖြင့် မရနိုင်၊ စားပွဲဝိုင်းတွင် ဖြေရှင်းသည့် နည်းသာ ရနိုင်ပါသည်ဟု မိမိအနေဖြင့် အကြိမ်ကြိမ်အခါခါ ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သကဲ့သို့ ယနေ့လည်း ထပ်ပြီး ပြောကြား လိုပါကြောင်း၊ မိမိတို့ စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိခဲ့သကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များ ဘက်ကလည်း စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိခဲ့သည့်အတွက် ယခုအဆင့်သို့ ရောက်ရှိလာခဲ့ သည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဆက်လက်၍ စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိပြီး ပြည်ထောင်စုကြီး အကျိုးအတွက် NCA ကို လက်မှတ်ရေးထိုးနိုင်ရန် မိမိအနေဖြင့် ခေါင်းဆောင်များကို ထပ်မံဖိတ်ခေါ်ပါကြောင်း၊ သို့မှသာ  မိမိတို့ အားလုံး ဖြစ်ချင်သော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို အတူတကွ လက်တွဲပြီး ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ထိုပြင် နောက်ကျနေသည့် မိမိတို့ တိုင်းပြည်ကြီးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ အတူတူ တိုးတက်အောင် ဆောင်ရွက်သွားနိုင်ရန် မိမိအနေဖြင့် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဦးစောမူတူးစေးဖိုး၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) နာယက ဦးဆေထင်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ ဦးနိုင်ထောမွန်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ဦးခွန်အေဘယ်တွိဒ် တို့က ဆွေးနွေးသည်။

ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (NCA) စာချုပ် လက်မှတ်ရေးထိုးရေးတွင် အားလုံးပါဝင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သဘော တူညီချက် စာချုပ်ကို အောက်တိုဘာ ပထမပတ်အတွင်း စတင်လက်မှတ်ရေးထိုးနိုင်ရေး နှင့် စပ်လျဉ်း၍ လည်းကောင်း ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် တက်ရောက် လာကြသူများသည် မြေညီထပ်ရှိ ဧည့်ခန်းမဆောင်၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

Read More==>http://www.president-office.gov.mm/zg/?q=briefing-room/news/2015/09/09/id-10526

No comments: