Tuesday, November 15, 2016

ပုဒ်မ ၆၆ (ဃ) ဖြင့် လတ်တလော စွဲဆိုထားသော အမှုများကို ပိတ်သိမ်း ပယ်ဖျက်ပေးရန် PEN Myanmar တောင်းဆို

Pen Myanmar ၏ ထုတ်ပြန်ချက်

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် လတ်တလော စွဲဆိုထားသော အမှုများကို ပိတ်သိမ်း ပယ်ဖျက်ပေးရန် ယနေ့ (နိုဝင်ဘာ ၁၅ ရက်) တွင် PEN Myanmar အဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါသည်။

အချက် ခုနစ်ချက် ပါဝင်သော အဆိုပါ ကြေညာချက်၌ တည်ဆဲ ဥပဒေ ဆိုသည်မှာ ပြည်သူလူထုကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားခြင်းသာ ဖြစ်သင့်ပြီး မိမိနှင့် သဘောထား ခံယူချက် မတူညီသော ဝေဖန်မှုများကို တိုက်ခိုက်ရန်၊ ပုဂ္ဂိုလ်တစ်ဦးချင်း၏ လွတ်လပ်စွာ ထင်မြင် ယူဆခွင့်၊ ထုတ်ဖော် ရေးသားခွင့်၊ ပြောဆိုခွင့်တို့ကို ပိတ်ပင် တားဆီးရန်အတွက် လိုရာဆွဲ အသုံးချနိုင်သော လက်နက်သဖွယ် အသုံးပြုနေခြင်းမှာ ဒီမိုကရေစီ အခြေခံ ကျင့်စဉ်နှင့် စံလွဲနေကြောင်း သုံးသပ်သည် ဆိုသော အချက်ကိုလည်း ထည့်သွင်းခဲ့ပါသည်။

PEN Myanmar ၏ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ သတင်းမီဒီယာ ကောင်စီ၏ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ ပဲန်မြန်မာ၏ တိုက်တွန်းချက် (ကြေညာချက် ၆/၂၀၁၆)

၁။ စာပေစိစစ်ရေး အလွန် ခေတ်တွင် နိုင်ငံတော် အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ထင်မြင် ယူဆခွင့်နှင့် စုရုံးခွင့်များကို စိစစ်ကွပ်ကဲရာ ရောက်သည့် တည်ဆဲ ဥပဒေ အများအပြားကို အသုံးပြုကာ နိုင်ငံတွင်းနေ ပြည်သူလူထု အနေဖြင့် မိမိဘာသာ မိမိ ထိန်းချုပ် စိစစ်ပြောဆို နေထိုင်ရန် ဖိအားပေးမှုများ ရှိနေပါသည်။ ယင်းကဲ့သို့ အသုံးပြုနေသော တည်ဆဲ ဥပဒေများအနက် အစိုးရ၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်သာမက မီဒီယာသမားအချို့ ကိုယ်တိုင်နှင့် နိုင်ငံသား အချင်းချင်းအကြား တစ်ပါးသူကို ချက်ချင်း အကျဉ်းကျစေရန် ရည်ရွယ်ပြီး လက်နက်သဖွယ် အသုံးပြုသော ဥပဒေမှာ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြစ်ပါသည်။

၂။ ယခင် ပါတီစုံ အစိုးရလက်ထက် ဤဥပဒေ ပြဋ္ဌာန်းသည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသူပေါင်း ၇ ဦးအထိ ရှိခဲ့ပြီး ၅ ဦးမှာ ပြစ်ဒဏ်ချခြင်း ခံခဲ့ရသည်။ ယခု ပိုမိုပွင့်လင်းလာသော ဒီမိုကရေစီ အရပ်သား အစိုးရ လက်ထက် ၂၀၁၆ ဧပြီလမှ ယနေ့ နိုဝင်ဘာလအထိ ၇ လအတွင်း တရားစွဲဆိုမှုပေါင်း ၂၉ မှုအထိ ရှိလာပါသည်။ ယင်း ၂၉ မှုတွင် စွပ်စွဲခံရသူများမှာ သာမန် ဖေ့စ်ဘွတ်ခ် သုံးစွဲသူများ သာမက လူ့ရပိုင်ခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် မီဒီယာသမားများလည်း ပါဝင်ပါသည်။ ယင်းတရားစွဲဆိုမှုများကို လေ့လာရာတွင် ကာယကံရှင် ကိုယ်တိုင်က စွဲဆိုသည်များ ရှိသကဲ့သို့ ကာယကံရှင် မဟုတ်သော ပုဂ္ဂိုလ်များ (Third Party) ကလည်း တရားလို ပြုလုပ်၍ တရားစွဲခြင်း၊ လက်ခံ အမှုဖွင့်ခြင်း၊ စွဲဆိုသည်နှင့် မှန်ကန်မှု ရှိ၊ မရှိ စိစစ်မှု မပြုဘဲ ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခြင်းများကို တွေ့ရပါသည်။

၃။ ယင်းပုဒ်မ ၆၆(ဃ) သည်ေ၀၀ါးသော အဓိပ္ပာယ် ဖွင့်ဆိုချက်များ ရှိနေခြင်း၊ ရဲအရေးပိုင်သော အမှု ဖြစ်နေသဖြင့် ချက်ချင်း ဖမ်းဆီးနိုင်နေခြင်း စသည့် အချက်များကြောင့် အာဏာပိုင် အဖွဲ့အစည်းများ အပါအ၀င် လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တို့၏ လက်နက်သဖွယ် လိုရာစွဲ အသုံးချနိုင်ကြောင်း၊ အသုံးချနေကြကြောင်း တွေ့ရပါသည်။ ထို့ပြင် မီဒီယာ သမားများအတွက် ၂၀၁၄ ခုနှစ် သတင်းမီဒီယာ ဥပဒေနှင့် သတင်းမီဒီယာကောင်စီ ရှိနေသည့်တိုင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကိုသာ သုံးပြီး အရေးယူခြင်းမှာလည်း ကာယကံရှင် မဟုတ်သောသူက တရားလိုပြု တိုင်ကြားသည့်အခါ မှန်ကန်မှု ရှိ၊ မရှိ စိစစ်ရန် မလိုဘဲ ချက်ချင်းအကျဉ်းချနိုင်သဖြင့် စွပ်စွဲခံ မီဒီယာ သမားများအား လက်ငင်း ဖိအားပေး နှိပ်ကွပ်နိုင်သည့် အတွက်လည်း ဖြစ်နေပါသည်။

၎။ ထို့ပြင် သတင်းမီဒီယာ သမားများအား အကာအကွယ်ပေးရန်နှင့် စာနယ်ဇင်းကျင့်ဝတ်ကို အတိအကျ လေးစားလိုက်နာစေရန် ဖွဲ့စည်းထားသော သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများကို အကာအကွယ်ပေးနိုင်သော၊ အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်သော လုံလောက်သည့် လုပ်ပိုင်ခွင့် အားနည်းနေသည့်အပြင် စာနယ်ဇင်း ကျင့်ဝတ်ကို ပြဋ္ဌာန်း ထုတ်ပြန်ပေးထားသည့်တိုင် သတင်းမီဒီယာသမား အချို့က လိုက်နာခြင်း မရှိသည်ကို ထောက်ရှုလျှင် သတင်းမီဒီယာ ကောင်စီ၏ သြဇာသည်လည်း အားနည်းနေသည်ဟု ပဲန်မြန်မာက သုံးသပ်ပါသည်။ တရားစွဲဆိုသူနှင့် စွဲဆိုခံ မီဒီယာတို့အကြား ညှိနှိုင်းဆောင်ရွက်ပေးရာတွင်လည်း စွဲဆိုခံ မီဒီယာကသာ စွဲဆိုသူအား တောင်းပန်ရခြင်းဖြင့် အဆုံးသတ်ခဲ့ဖူးသည်ကို အထင်အရှား တွေ့ရပါသည်။

၅။ ယခုကဲ့သို့ သတင်းမီဒီယာ ကောင်စီတွင် လုံလောက်သော သြဇာနှင့် လုပ်ပိုင်ခွင့် အားနည်းနေရခြင်းမှာ သတင်းမီဒီယာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း တွေ့ရပါသည်။ သတင်းမီဒီယာ ဥပဒေ အခန်း (၆) အရ သတင်းမီဒီယာ ကောင်စီ ဖွဲ့စည်းရာတွင် လွတ်လပ်၍ အမှီအခို ကင်းစွာ ဖွဲ့စည်းခွင့် မရခြင်း၊ အုပ်ချုပ်ရေး အာဏာ၏ လောင်းရိပ်အောက် ရောက်နေခြင်း သတင်းမီဒီယာ လောကအား အမှန်တကယ် ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များကို သတင်းမီဒီယာ သမားများ ကိုယ်တိုင် လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ပိုင်ခွင့် မရှိ ဖြစ်နေခြင်းတို့မှာ ထင်ရှားသော အားနည်းချက်များ ဖြစ်ပါသည်။ နည်းဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၃၅ (က) ပါ တိုင်ကြားနိုင်သည်ဟူသော စကားရပ်ကြောင့် တိုင်ကြားလိုပါက တိုင်ကြားနိုင်ပြီး မတိုင်ကြားဘဲ တိုက်ရိုက် တရားစွဲဆိုလိုပါက စွဲဆိုနိုင်သော အခွင့်အရေး ရှိနေသည်ကို တွေ့ရပါသည်။

၆။ တည်ဆဲဥပဒေ ဆိုသည်မှာ ပြည်သူလူထုကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားခြင်းသာ ဖြစ်သင့်ပါသည်။ မိမိနှင့် သဘောထား ခံယူချက် မတူညီသော ဝေဖန်မှုများကို တိုက်ခိုက်ရန်၊ ပုဂ္ဂိုလ် တစ်ဦးချင်း၏ လွတ်လပ်စွာ ထင်မြင် ယူဆခွင့်၊ ထုတ်ဖော်ရေးသားခွင့်၊ ပြောဆိုခွင့်တို့ကို ပိတ်ပင်တားဆီးရန်အတွက် လိုရာစွဲ အသုံးချနိုင်သော လက်နက်သဖွယ် အသုံးပြုနေခြင်းမှာ ဒီမိုကရေစီ အခြေခံကျင့်စဉ်နှင့် စံလွဲနေကြောင်း ပဲန်မြန်မာက သုံးသပ်ပါသည်။

၇။ သို့ဖြစ်ပါ၍ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ) အပါအ၀င် ၂၀၁၄ ခုနှစ် သတင်းမီဒီယာ ဥပဒေများအား အများပြည်သူ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၏ သဘောဆန္ဒကို ခံယူ၍ ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည်သုံးသပ် ပြင်ဆင်ပါရန် ပဲန်မြန်မာက တိုက်တွန်းခြင်းနှင့်အတူ ပုဒ် ၆၆ (ဃ) ဖြင့် လတ်တလော စွဲဆိုထားသော အမှုများကိုလည်း ပိတ်သိမ်း ပယ်ဖျက်ပေးပါရန် တောင်းဆိုလိုက်ပါသည်။

PEN Myanmar

No comments: