Tuesday, November 15, 2016

Eleven Media Group မှ မြန်မာဂျာနယ်လစ်နှစ်ဦးကို ပြန်လွှတ်ပေးရန် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) တောင်းဆို


Eleven Media Group မှ ဂျာနယ်လစ်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်၌ CPJ မှ အာရှစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးမှူး စတီဗင်ဘတ္တလာက“ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးကို ချက်ချင်းလွှတ်ပေးပြီး သူတို့ကို စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ပိုရမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစိုးရ လက်အောက်မှာ ရုံးတင် စစ်ဆေးရခြင်း မရှိသေးဘဲ ဂျာနယ်လစ်တွေကို ဖမ်းဆီး ထိန်းသိမ်းထားတာဟာ လက်ခံနိုင်ဖွယ် မရှိပါဘူး” ဟု လည်းကောင်း၊  “အစိုးရ အရာရှိတွေ မကြိုက်တာကို ပြောတဲ့ ဂျာနယ်လစ်တွေကို နှိပ်ကွက်ဖို့ လုပ်ထားတဲ့ ဆက်သွယ်ရေး ဥပဒေကို အသုံးပြုမယ့်အစား မြန်မာအာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ခေတ်မမီတော့တဲ့ အသရေဖျက်မှု ဥပဒေတွေကို ပြန်လည် ပြင်ဆင်သင့်ပါတယ်” ဟုလည်းကောင်း ပြောကြာထားသည်။

ယင်းကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အား ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်များအား နိုဝင်ဘာ ၁၄ ရက်တွင် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ကတောင်းဆိုလိုက်သည်။ အဆိုပါ ဂျာနယ်လစ်နှစ်ဦးသည် နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရာဇ၀တ်မှုမြောက်သော အသရေဖျက်မှုဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ရုံးတင်စစ်ဆေးခြင်း မပြုမီ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေါက်တာ သန်းထွဋ်အောင်၏ Facebook စာမျက်နှာတွင် ၀န်ကြီးချုပ်တစ်ဦးသည် ခြစားမှုနှင့် ပတ်သက်နေကြောင်း ပို့စ်တစ်ခု တင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေအရ အသရေဖျက်မှုဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းပို့စ်ကို နောက်ထပ် အချက်အလက်များ ထောက်ပံ့လျက် နိုဝင်ဘာ ၆ ရက်တွင် Daily Eleven သတင်းစာ၌ ထင်မြင်ချက် သဘောထား စာတမ်းအဖြစ် ဖော်ပြခဲ့သည်။ ယင်းစာတမ်းတွင် သာမက လူမှုမီဒီယာတွင် ရေးသားထားသော ပို့စ်၌ပါ ခြစားမှုနှင့် ပတ်သက်နေသည်ဟူသည့် ၀န်ကြီး၏ အမည်ကို ဖော်ပြခဲ့ခြင်း မရှိကြောင်း သတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် Facebook ပို့စ်သည် သူ၏ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို အသရေဖျက်ရန် ရည်ရွယ်ကြောင်းနှင့် ယင်းစွပ်စွဲချက်များကို ငြင်းဆိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ဦးဖြိုးမင်းသိန်းက Daily Eleven တွင် ဖော်ပြခဲ့သော စာတမ်းနှင့် ပတ်သက်၍ သီးခြားတရားစွဲဆိုမှု မလုပ်မီ မြန်မာစာနယ်ဇင်းကောင်စီနှင့် တိုင်ပင်ရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။ မြန်မာစာနယ်ဇင်းကောင်စီက ၀န်ကြီးချုပ်အား အမှုကို ရုပ်သိမ်းရန် ပြောဆိုကြိုးပမ်းမည်ဟု မြန်မာတိုင်းမ် သတင်းစာသို့ ပြောကြားခဲ့သည်။

“ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးကို ချက်ချင်းလွှတ်ပေးပြီး သူတို့ကို စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ပိုရမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစိုးရ လက်အောက်မှာ ရုံးတင် စစ်ဆေးရခြင်း မရှိသေးဘဲ ဂျာနယ်လစ်တွေကို ဖမ်းဆီး ထိန်းသိမ်းထားတာဟာ လက်ခံနိုင်ဖွယ် မရှိပါဘူး” ဟု CPJ မှ အာရှစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးမှူး စတီဗင်ဘတ္တလာက ပြောကြားခဲ့သည်။

“အစိုးရ အရာရှိတွေ မကြိုက်တာကို ပြောတဲ့ ဂျာနယ်လစ်တွေကို နှိပ်ကွက်ဖို့ လုပ်ထားတဲ့ ဆက်သွယ်ရေး ဥပဒေကို အသုံးပြုမယ့်အစား မြန်မာအာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ခေတ်မမီတော့တဲ့ အသရေဖျက်မှု ဥပဒေတွေကို ပြန်လည် ပြင်ဆင်သင့်ပါတယ်” ဟုလည်း ဘတ္တလာက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်၌ ကြားနာစစ်ဆေးမှု မပြုလုပ်မီ ဒေါက်တာသန်းထွဋ်အောင်နှင့် ကိုဝေဖြိုးတို့အား အင်းစိန်ထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားဦးမည်ဟု သတင်းများအရ သိရသည်။ ဆက်သွယ်ရေး ကွန်ရက်များကို အသုံးပြုလျက် အသရေဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းနှင့် ပတ်သက်သော ဆက်သွယ်ရေး ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ဂျာနယ်လစ်များ အနေဖြင့် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်သည်။

CPJ သည် ယခုနှစ် အစောပိုင်းတွင် မြန်မာအစိုးရထံသို့ စာတစ်စောင် ရေးသားပေးပို့ကာ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်ထားသော ဥပဒေ များစွာကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆိုထားသည်။

(CPJ သည် ကမ္ဘာတစ်ဝန်းလုံး၌ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြှင့်တင်နေသည့် လွတ်လပ်ပြီး အကျိုးအမြတ် ရယူခြင်း မရှိသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ CPJ သည် လက်တုံပြန်ခြင်း ခံရမည်ကို မကြောက်ရဘဲ ဂျာနယ်လစ်များ အနေဖြင့် သတင်းအစီရင်ခံခွင့် ရရှိရေးအတွက် အကာအကွယ်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီး၌ ရှိသည်)

No comments: