Posted: November 17, 2016
ကုန်ဈေးနှုန်း မြင့်တက်နေမှုအား ထိန်းချုပ်ပေးရန် အစိုးရက ဆောင်ရွက်ပေးမည့် အစီအစဉ်ကို လွှတ်တော်တွင် မေးမြန်းရာ အစိုးရကိုယ်စား လာရောက်ဖြေကြားသူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တိကျစွာ ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ခြင်းမှာ မေးခွန်း ကျယ်ပြန့်ခြင်းကြောင့် ဖြစ်သည်ဟု မေးခွန်းမေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က The Ladies သို့ ပြောသည်။
“သေချာပြန်သုံးသပ်တဲ့ အခါက ကျွန်မရဲ့မေးခွန်းက တကယ်တမ်းကျတော့ ဒီဝန်ကြီးဌာန တစ်ခုတည်းဖြေလို့ အဖြေအတိအကျ မထွက်နိုင်ဘူး။ တကယ်တမ်းကျတော့ ကျွန်မမေးခွန်းက အရမ်းကျယ်ပြန့်တယ်။ ကျယ်ပြန့်တဲ့ အခါကျတော့ ဆိုင်ရာ ဆိုင်ရာတွေ အကုန်လုံးပေါင်းပြီးတော့ ပြည်ထောင်စုအစိုးရ တစ်ရပ်အနေနဲ့ ဖြေရမယ့် မေးခွန်းပုံစံ ဖြစ်သွားတာလည်း ပါပါတယ်”ဟု ဒေါ်ခင်နှင်းသစ်က ပြောသည်။
နိုဝင်ဘာ ၁၆ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရပ်ရပ်ကုန်ဈေးနှုန်း မြင့်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်နှင်းသစ်က မေးခွန်းမေးမြန်းခဲ့ရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လာရောက် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ငွေကြေးဖောင်းပွမှု နှုန်းထားများ၊ ကုန်ဈေးနှုန်းတက် လာရသည့် အကြောင်းရင်းများနှင့် ငွေကြေးဖောင်းပွ လာရသည့် အခြေခံအချက်များနှင့် ကုန်ဈေးနှုန်း တက်လာသည့် နှုန်းထားများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သော်လည်း ကုန်ဈေးနှုန်းကို ထိန်းချုပ်မည့် အစီအစဉ်တိကျစွာ ပါဝင်လာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောဆိုခဲ့ကြသည်။
“၀န်ကြီးရဲ့မဖြေနိုင်တဲ့ အပေါ်မှာကျတော့လည်း သူ့ရဲ့ဝန်ကြီးဌာန တစ်ခုတည်းကနေ ဒီအဖြေကို သေချာကျွန်မမေးတဲ့ မေးခွန်းကိုဖြေဖို့ရာသူ့အတွက် ခဲယဉ်းပါလိမ့်မယ်။ ကျွန်မမေးခွန်း ကျယ်ပြန့်တာတစ်ကြောင်း ကုန်ဈေးနှုန်း တက်လာရတဲ့ အကြောင်းတရားတွေက အများကြီးရှိတာကိုး၊ ၀န်ကြီးဌာနကနေပြီးတော့ ဒီအကြောင်းတရား ပေါင်းစုံကို လုပ်ပြီးတော့ ပြည်ထောင်စုအစိုးရ အနေနဲ့ဖြေမှ ကျွန်မေးတဲ့ မေးခွန်းကို ဖြေနိုင်လိမ့်မယ်လို့ ပြန်သုံးသပ်မိပါတယ်” ဟုလည်း ဒေါ်ခင်နှင်းသစ်ကပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ၀န်ကြီး၏ ဖြေကြားပေးမှုသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် ဗဟုသုတ ဖြစ်စေသော်လည်း အဖြေကို ထိထိရောက်ရောက် ဖြေကြားပေးစေလိုကြောင်း လွှတ်တော် အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌက ယင်းသို့ပြောဆိုပြီးနောက် ပြည်ထောင်စုဝန်ကြီးက ယင်းကိစ္စသည် ကျယ်ပြန့်သည့်အတွက် နောက်ခံအကြောင်းများရှိကြောင်း ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းရန်အတွက် နောက်တစ်ကြိမ်တွင် ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
No comments:
Post a Comment