Saturday, September 14, 2013

နိုင်ငံတော်အတွက်နိုင်ငံခြားငွေအဓိကရှာပေးတဲ့ငါးရှဥ့

နိုင်ငံတော်အတွက် နိုင်ငံခြားငွေ အဓိက ရှာဖွေပေးနေသည့် မြန်မာ့ငါးရှဉ့် ဝင်းအောင် (တမာမြေ) နိုင်ငံတော်၏ ရေထွက် သယံဇာတများတွင် ငါးရှဥ့်၊ ကဏန်းနှင့် ငါးလင်ပန်းများသည် ရောင်းလိုအားထက် ဝယ်လိုအား မြင့်မားနေသည့် အတွက် နိုင်ငံတကာ ဈေးကွက်တွင် မျက်နှာပန်း လှလျက် ရှိနေသည်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေး ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ရေထွက် သယံဇာတများ မျိုးမသုဉ်းစေရေး အတွက် သဘာဝအလျောက် ဖမ်းဆီးခြင်းတို့ အပြင် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြရန် စည်းရုံး ပညာပေးခြင်းနှင့် အတူ တွန်းအားပေး ဆောင်ရွက်လျက် ရှိနေသည်။ ငါးရှဥ့်၏ မျိုးပွားရာသီမှာ မတ်လမှ စက်တင်ဘာလ အထိ ဖြစ်သော်လည်း ငါးရှဥ့်ကို တစ်ပိုင်တစ်နိုင် စမ်းသပ် မွေးမြူသူများ အနေဖြင့် ယခုအခါ စီးပွားဖြစ် မွေးမြူသူများ များပြားလာသည့် အတွက် ရာသီမရွေး ငါးရှဥ့်ကို ပြည်တွင်း ဈေးကွက်မှသည် ပြည်ပ ဈေးကွက်အထိ တွင်ကျယ်စွာ ရောင်းဝယ်လျက် ရှိသည်။ ငါးရှဥ့်များကို တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူလျက်ရှိပြီး မူဆယ်၊ ချင်းရွှေဟော် စသည့် နယ်စပ် ဂိတ်ပေါက် များမှ အများဆုံး တင်ပို့ ရောင်းချနေကြောင်း သိရသည်။ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ငါးရှဥ့် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၃ဝ ရရှိရန် လျာထားခဲ့ရာ ငါးရှဥ့် မက်ထရစ်တန်ချိန် ပေါင်း ၁ဝဝဝဝ ကျော် တင်ပို့ နိုင်ခဲ့သည့် အတွက် အမေရိကန် ဒေါ်လာသန်း ၅ဝ နီးပါး ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ပပို့ ရေထွက်ကုန် ပစ္စည်းများတွင် ငါးရှဥ့် တင်ပို့မှုမှ အများဆုံး ရရှိခဲ့သည်ဟု သိရသည်။ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ငါးရှဥ့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃ဝ လျာထားရာတွင် ဘဏ္ဍာရေးနှစ်၏ ငါးလတာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၂၅ သန်းကျော် ရရှိနေပြီ ဖြစ်သည့် အတွက် လျာထားချက်ထက် များစွာကျော်လွန် ရရှိနိုင်ကြောင်း ငါးရှဥ့် မွေးမြူရေး လုပ်ငန်းရှင်များ ထံမှ ကြားသိ ရသည်။ တရုတ်နိုင်ငံဘက်တွင် ငါးရှဥ့်နှင့်ကဏန်း ဈေးကွက် ခိုင်မာနေသည်မှာ ၁၈၉၉- ၁၉၉ဝ ပြည့်နှစ်ခန့်က စတင် ခဲ့ကြောင်း သိရသည်။ မူလက ငါးရှဥ့်ကို သဘာဝအရ ဖမ်းဆီးထုတ်လုပ် ရောင်းဝယ် နေကြသော်လည်း ဈေးကွက် လိုအပ်ချက်အရ စီးပွားဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ဖျာပုံမြို့နယ်မှ ငါးရှဥ့် မွေးမြူသူ လုပ်ငန်းရှင် တစ်ဦးက ငါး၊ ပုစွန် မွေးမြူရတာ အရင်းအနှီးများပြီး မြေဧကများစွာ လိုကြောင်း၊ ငါးရှဥ့်များ ကြီးထွားရန် ကျွေးရသည့် အစာမှာ တီကောင်၊ ခရုနှင့် ကျောရိုးမဲ့ သတ္တဝါများ အပြင် ငါးအသေးလေးများ ကျွေးရ ပါကြောင်း၊ တစ်နှစ်ပတ်လုံး (ဥ)ချပေးနိုင်သည့် အတွက် ခြောက်လမှ ခုနစ်လအထိ မွေးမြူပါက ရောင်းတန်းဝင် ငါးရှဥ့်များ ရရှိသည့်အတွက် အချိန်ကာလတို အတွင်း အရင်းအနှီး နည်းနည်းဖြင့် မွေးမြူ ထုတ်လုပ်နိုင်သည့် အတွက် စီးပွားရေး အရ တွက်ခြေကိုက်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့အပြင် ငါးရှဥ့်၏ သဘာဝ အနေအထားကို စာရေးသူ လေ့လာရာ အကြေးခွံမဲ့ သတ္တဝါဖြစ်ပြီး ကိုယ်ခန္ဓာ ချောမွေ့သည်၊ အလင်းထက် အမှောင်ကို ကြိုက်နှစ်သက်သည်၊ လေရှူနှုန်း နည်းပါးသဖြင့် ပျော်ဝင် အောက်ဆီဂျင် နည်းပါးသော ရေတွင် မွေးမြူ ရှင်သန်နိုင်ပြီး အုတ်ကန်ဖြင့်သော် လည်းကောင်း၊ မြေကန် တူးဖော်၍သော် လည်းကောင်း မွေးမြူနိုင်သည်။ ရေသွင်းရေထုတ် ပြုလုပ်နိုင်ရန် ရေနှင့်နီးစပ်သော နေရာဖြစ်လျှင် ပိုမို ကောင်းမွန်ကြောင်းနှင့် တစ်နှစ်သားအရွယ် ငါးရှဥ့်သည် ခုနစ်လက်မ (အလျား ၁၇ စင်တီမီတာ) ရှိကြောင်း လေ့လာ သိရှိရသည်။ ကြီးပွားရေးအတွက် စီးပွားရှာကြရာတွင် ဈေးကွက် လိုအပ်ချက် မြင့်မားနေသည့် ငါးရှဥ့်မွေးမြူ စီးပွားရှာလို သူများ အနေဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၊ ခရိုင်/ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနများနှင့် ငါးလုပ်ငန်း သင်တန်းကျောင်းတို့ထံ ဆက်သွယ်စုံစမ်း မွေးမြူနိုင် ကြောင်း လေ့လာ ရေးသား တင်ပြအပ် ပါသည်။

No comments: