Posted: November 17, 2016
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုသုတေသနဌာန ဒုတိယ တာဝန်ခံ ဦးမျိုးရန်နောင်သိမ်းအမှု ကမာရွတ် မြို့နယ် တရားရုံးပြောင်း စစ်ဆေးရာတွင် အာမခံလျှောက်ထားရာ ထပ်မံပယ်ချခံရကြောင်း သိရသည်။
ဦးမျိုးရန်နောင်သိမ်းအား နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ကမာရွတ် တရားရုံးတွင် ပထမဆုံးအကြိမ် အဖြစ် ရုံးထုတ်စစ်ဆေးရာတွင် ၄င်း၏ရှေ့နေ ဦးကျော်ဟိုးက အာမခံ လျောက်ထားရာ ကမာရွတ် မြို့နယ် တရားရုံးက ပယ်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖွင့်ထားသူမှ လှိုင်မြို့နယ်ရဲစခန်းတွင် ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ) ဖြင့် ဦးမျိုးရန်နောင်သိမ်းအား တရားစွဲဆို့ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၉ ရက် ရုံးထုတ်ရမန်ယူရာတွင် ဦးမျိုးရန်နောင်သိမ်းမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သူဖြစ်သည့်အတွက် တရားရုံးစစ်ဆေးရာမှု အဆင်ပြေစေရန် သက်ဆိုင်ရာမြို့နယ် တရားရုံးသို့ ပြောင်းလဲ စစ်ဆေးဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့ကြောင့် ယနေ့(နိုဝင်ဘာ ၁၇ ရက်)တွင် ကမာရွတ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပုတ်ခတ်ရေးသားမှုဖြင့် ဆက်သွယ်ရေး ပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဦးမျိုးရန်နောင်သိမ်း အမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ထိန်းသိမ်းခံရခြင်း ဖြစ်သည်။ ဦးမျိုးရန်နောင်သိမ်းအား လှိုင်မြို့နယ် ရဲစခန်းတွင် (ပ)၁၀၈၉/၂၀၁၆ ဖြင့် အမှုဖွင့်ထားခဲ့ပြီး ကမာရွတ်မြို့နယ်သို့ ပြောင်းလဲစစ်ဆေးရန် တရားရုံး ဆုံးဖြတ်ချက် ချပြီးနောက် ကမာရွတ်မြို့နယ် ရဲစခန်းမှ (ပ) ၆၂၄/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Photo - မျိုးထိုက်တန်သိမ်း ဖေ့စ်ဘုတ်
The Ladies News
No comments:
Post a Comment