Thursday, November 17, 2016

Eleven Media Group မှ အလုပ်အမှုဆောင်များအား ဖမ်းဆီးမှုကို ကမ္ဘာ့သတင်းစာများအသင်းနှင့် သတင်းထုတ်ဝေသူများအဖွဲ့က ရှုတ်ချ

 

Eleven Media Group မှ အလုပ်အမှုဆောင်များအား ဖမ်းဆီးမှုကို ကမ္ဘာ့သတင်းစာများအသင်း (WAN) နှင့် သတင်းထုတ်ဝေသူများအဖွဲ့က ရှုတ်ချသည့် ကြေညာချက်တစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ WAN ဥက္ကဋ္ဌ တောမက်ဘရန်နီဂတ်နှင့်  ကမ္ဘာ့အယ်ဒီတာများဖိုရမ်၏ မာဆယ်လိုရိခ်ျတို့က နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကမ္ဘာ့သတင်းစာပေါင်း ၁၈,၀၀၀၊ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်ပေါင်း ၁၅,၀၀၀ နှင့် ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်တို့ကို ကိုယ်စားပြုလျက် “ Eleven Media Group မှ ထိပ်တန်းအမှုဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားမှုအား အကြီးအကျယ် စိုးရိမ်ပူပန်မိကြောင်းနှင့် မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့် ပတ်သက်၍ အာမခံချက်ရရှိရေးနှင့် ကြားဝင်ဆောင်ရွက်ပေးစေလိုကြောင်း” မြန်မာအစိုးရထံ ပူးတွဲစာ ရေးသားပေးပို့လိုက်သည်။ 

 

ယင်းကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

 

ကမ္ဘာ့သတင်းစာများအသင်းနှင့် သတင်းထုတ်ဝေသူများက Eleven Media Group မှ မြန်မာဂျာနယ်လစ်နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပါတီဦးဆောင်သည့် အစိုးရအဖွဲ့၏ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်အပေါ် အာမခံချက်နှင့်ပတ်သက်၍ ကြီးမားသော သံသယများကို ဖြစ်ပေါ်စေကြောင်း  နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ထင်ဟပ်ပြလိုက်သည်။

 

မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးပို့သော စာတစ်စောင်တွင် WAN နှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ်တို့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို Eleven Media Group ၏ CEO  ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အပေါ် စွဲဆိုထားသည့် အမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်သည်။

 

၎င်းတို့နှစ်ဦးသည် အကျဉ်းထောင်ထဲတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး နိုဝင်ဘာ ၂၅ ရက်၌ တရားရုံးတွင် ကြားနာစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေရသည်။

 

WAN ဥက္ကဋ္ဌ တောမက်ဘရန်နီဂတ်နှင့်  ကမ္ဘာ့အယ်ဒီတာများဖိုရမ်၏ မာဆယ်လိုရိခ်ျတို့က နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကမ္ဘာ့သတင်းစာပေါင်း ၁၈,၀၀၀၊ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်ပေါင်း ၁၅,၀၀၀ နှင့် ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်တို့ကို ကိုယ်စားပြုလျက် “ Eleven Media Group မှ ထိပ်တန်းအမှုဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားမှုအား အကြီးအကျယ် စိုးရိမ်ပူပန်မိကြောင်းနှင့် မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့် ပတ်သက်၍ အာမခံချက်ရရှိရေးနှင့် ကြားဝင်ဆောင်ရွက်ပေးစေလိုကြောင်း” မြန်မာအစိုးရထံ ပူးတွဲစာ ရေးသားပေးပို့လိုက်သည်။

 

မြန်မာဂျာနယ်လစ်နှစ်ဦးကို ဒေါက်တာ သန်းထွဋ်အောင် ရေးသားထားသည့် မြန်မာဘာသာသို့ ပြန်ဆိုထားသော စာတမ်းတစ်စောင်အား ထုတ်ဝေဖြန့်ချိခဲ့ပြီးနောက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

 

အာရှသတင်းကွန်ရက်အဖွဲ့ဝင် သတင်းစာများစွာ၌ မူရင်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သော ယင်းစာတမ်းသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲပြီးနောက် တစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ အနေအထားကို သုံးသပ်ထားခြင်း ဖြစ်သည်။ 

 

ယင်းစာတမ်းကို Daily Eleven သတင်းစာနှင့် ယင်း၏ Facebook စာမျက်နှာတွင် ထပ်မံဖော်ပြခဲ့ပြီး လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သော အစိုးရအဖွဲ့သစ်အတွင်း ခြစားမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များအကြောင်း  ရေးသားထားသည်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးစီးသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စွပ်စွဲမှု၏ သတင်းရင်းမြစ်များကို ဖော်ပြပေးရန် တောင်းဆိုခြင်းနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။

 

Eleven Media Group က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မေးမြန်းချက်များကို ဖြေကြားရန် ငြင်းဆိုခဲ့ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်အား တိုက်ခိုက်မှုအဖြစ် ဖိအားပေးမှုကို ရှုတ်ချကာ စွပ်စွဲချက်များအတွက် ပြည့်စုံသော  ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ Eleven Media Group က စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်  ဖွဲ့စည်းမည့် မည်သည့်ပြည်သူ့ စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ကတိပြုခဲ့သည်။

 

WAN ၏ အလုပ်အမှုဆောင်များက “ဒီနေ့ခေတ် မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကို လွတ်လပ်စွာ ဖော်ထုတ်ပြသမှု ကျင့်သုံးတဲ့အတွက် ထောင်ထဲပို့တာကို ကျွန်တော်တို့ တုန်လှုပ်ချောက်ချားရပါတယ်။ မြန်မာနိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်အစား မြန်မာနိုင်ငံရဲ့ မည်းမှောင်ခဲ့တဲ့ အတိတ်ကာလမှာသာ ဖြစ်လေ့ရှိခဲ့တဲ့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး  မြန်မာဂျာနယ်လစ်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းမှုက NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်အပေါ် အာမခံချက်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ သံသယတွေ ထွက်ပေါ်လာစေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ ထင်ဟပ်ပြရမယ်” ဟု ပြောကြားထားသည်။

 

“၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့အပေါ် စွဲဆိုထားတဲ့ အမှုတွေ ရုပ်သိမ်းဖို့နဲ့ ချက်ချင်း  အကျဉ်းထောင်ထဲကနေ လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ 

ဝန်ကြီးချုပ်အနေ နဲ့ ပြည်သူ့အာဏာပိုင်အဖြစ် သူရဲ့ရာထူးဟာ  စိစစ်ဝေဖန်မှုနဲ့ တာဝန်ခံမှုတွေအတွက် ပိုမိုမြင့်မားတဲ့ အဆင့်ဆီ သူ့ကို ပို့ထားတယ်ဆိုတာနဲ့ ဒါဟာ ဒါကို အသေအချာလုပ်ဖို့ ဒီမို ကရေစီစနစ်တစ်ရပ်မှာ မီဒီယာအခန်းကဏ္ဍ ဖြစ်တယ်ဆိုတာ လက်ခံရပါမယ်” ဟုလည်း WAN ၏ အလုပ်အမှုဆောင်များက ပြောကြားထားသည်။

 

WAN  နှင့် အယ်ဒီတာများ ဖိုရမ်တို့က  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ၎င်း၏ အာမခံချက်ကို ထပ်လောင်းအတည်ပြုရန်နှင့် ယင်းလုပ်ငန်းစဉ်ကို နောက်ကြောင်းပြန်သွားစေမည့် သို့မဟုတ် ယခုထိ ရရှိထားသည့်  ရလဒ်များကို ပျက်စီးလှိုက်စားစေမည့် ဖောက်ပြန်သည့် လုပ်ရပ်များကို တွန်းလှန်ရန် တောင်းဆိုလိုက်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အပြောင်းအလဲကို ပွေ့ဖက်ခဲ့ပြီး ရလဒ်အဖြစ် လူ့အခွင့်အရေးအား  လေးစားလိုက်နာမှုအပေါ် အခြေခံသည့် လူ့အဖွဲ့အစည်းတစ်ရပ် အလျင်အမြန် ပြန်လည်တည်ဆောက်နေခြင်း ဖြစ်သည်။ 

 

“ NLD နှင့် ဤနုနယ်သော ဒီမိုကရေစီလမ်းကြောင်းအပေါ် သြဇာသက်ရောက်သူများသည် ၎င်းတို့၏ သြဇာအာဏာကို ဉာဏ်ပညာရှိစွာ သုံးစွဲရန်နှင့် နိုင်ငံအတွင်း တိုးတက်မှုကို တိုင်းတာရာ၌ အလွန်အရေးပါသော အချက်ဖြစ်သည့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်သော ၎င်းတို့၏ စွမ်းရည်အတွက် အရာရာကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ တောင်းဆိုလိုက်သည်” ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။

 

(WAN-IFRA ဟုခေါ်သော ပြင်သစ်နိုင်ငံ ပါရီမြို့၌ ရုံးချုပ်ထားရှိသည့် ကမ္ဘာ့သတင်းစာများအသင်းနှင့် သတင်းထုတ်ဝေသူများအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ စာနယ်ဇင်းအဖွဲ့ကြီးဖြစ်ပြီး သတင်းထုတ်ဝေရေး ကုမ္ပဏီ ၃၀၀၀ နှင့် နိုင်ငံပေါင်း ၁၂၀ ကျော်မှ သတင်း စာပေါင်း ၁၈,၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသည်။  Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်သည် ၂၀၁၃ ခုနှစ်တွင် WAN-IFRA မှ ချီးမြှင့်သော ရွှေကလောင်ဆုကို ရရှိခဲ့သူ ဖြစ်သည်။ အဆိုပါ ရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ သုံးကြိမ်သာ ရရှိခဲ့ဖူးပြီး ပထမဆုံး ရရှိခဲ့သူမှာ ဂါးဒီးယန်း ဦးစိန်ဝင်းဖြစ်ပြီး  ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။ ပူးတွဲအနေဖြင့် ရရှိခဲ့သူနှစ်ဦးမှာ ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)တို့ ဖြစ်ပြီး ၂၀၀၁ ခုနှစ်က ရရှိခဲ့သည်)

No comments: