ရန်ကင်းမြို့နယ် ၁၂ လုံးတန်း ကားမှတ်တိုင် အနီးတွင် အသက် ၆၀ ကျော် အဘိုးအိုတစ်ဦးအား မြောက်ဒဂုံ - ဆူးလေ ပြေးဆွဲသည့် ဘီအမ်ယာဉ် aနာက်လိုက်က ယာဉ်ပေါ်မှ ဒူးဖြင့်တိုက်ချပြီး လက်သီးဖြင့်ထိုးမှု နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကင်းမြို့နယ်နေ အသက် ၆၀ ကျော်အရွယ် အဘိုးအိုတစ်ဦးသည် ၁၂ လုံးတန်း ကားမှတ်တိုင်မှ အရှေ့တစ်မှတ်တိုင်သို့ ကားစီးရန် J-7646 ဘီအမ်ယာဉ်ပေါ်သို့ တက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယာဉ်စီးခပေးသည့် အချိန်တွင် ယင်းအဘိုးအိုမှ တစ်မှတ်တိုင်တည်း စီးသည့်အတွက် ကျပ် ၁၀၀ ပေးသည်ကို အဆိုပါယာဉ်မှ ယာဉ်နောက်လိုက်က ကျပ် ၂၀၀ တောင်းခဲ့ကြောင်း သိရသည်။
ယင်းသို့တောင်းသည့် အချိန်တွင် အဘိုးအိုနှင့် ယာဉ်နောက်လိုက်တို့ စကားများခဲ့ပြီး အဘိုးအိုက ယာဉ်ပေါ်မှ ပြန်ဆင်းမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ဆင်းရန်ပြင်နေသည့် အချိန်တွင် ယာဉ်နောက်လိုက်က အဘိုးအိုအား ဒူးဖြင့် တိုက်ချခဲ့သဖြင့် ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
ပြုတ်ကျသွားစဉ် အဘိုးအိုက ယာဉ်နောက်လိုက်အား “မိုက်ရိုင်းလှချည်လား” ဟုပြောဆိုသည့်အချိန်၌ ၎င်းအား ယာဉ်နောက်လိုက်က လက်သီးဖြင့် မျက်နှာအား ထိုးခဲ့ကြောင်း သိရသည်။
“ကျွန်တော်က အဲဒီနားမှာ ဈေးရောင်းရင်း လူတွေရုတ်ရုတ်ဖြစ်လို့ သွားကြည့်တော့ အဲဒီနားမှာ အဘိုးအိုတစ်ယောက်က သွေးတွေနဲ့ ထိုင်နေတာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း မေးကြည့်တော့ အဘိုးအိုက သူတစ်မှတ်တိုင်တည်း ကားစီးလို့ ငွေ ၁၀၀ ပေးတာကို ယာဉ်နောက်လိုက်က ၂၀၀ တောင်းတယ်တဲ့။ အဘိုးအိုက ပြန်ဆင်းမယ် လုပ်နေတုန်း ယာဉ်နောက်လိုက်က ဒူးနဲ့တိုက်ချတယ်။ အဲဒီမှာပဲ အဘိုးအိုက ပြုတ်ကျသွားတယ်။ ပြီးတော့ အဲဒီယာဉ်နောက်လိုက်က အဘိုးအိုမျက်နှာကို လက်သီးနဲ့ထိုးတယ်။ ကျွန်တော်လည်း အဲဒါနဲ့ပြုစုပေးပြီး စခန်းကို တိုင်ချက်ဖွင့်ဖို့ လိုက်သွားတယ်။ စခန်းကလည်း ဆေးစာရေးပေးပြီး သင်္ဃန်းကျွန်းဆေးရုံကို လွှတ်တယ်။ ဆေးရုံကလည်း ဆေးကုသမှုတွေ ပြုလုပ်ပေးပါတယ်။ စခန်းကတော့ ယာဉ်ထိန်းနဲ့ချိတ်ဆက်ပြီး တိုင်ချက်ဖွင့်မယ်လို့တော့ ပြောပါတယ်” ဟု အဘိုးအိုအား လိုက်လံ ကူညီပေးခဲ့သူတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ရန်ကင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဘိုးအိုကိုယ်တိုင်က အမှုဖွင့်ထားတာတော့ မရှိဘူး။ ရဲတပ်ဖွဲ့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်လိုင်းကိုတော့ ဆက်သွယ်ဖို့ စီစဉ်နေတယ်” ဟုပြောကြားသည်။
အဆိုပါဖြစ်စဉ်မှာ လူမှုကွန်ရက် Facebook ပေါ်တွင်ပျံ့နှံ့ခဲ့ပြီး ဘီအမ်ယာဉ်များ ယခုနောက်ပိုင်း၌ ရမ်းကားမှု၊ ဥပဒေမဲ့လုပ်ရပ် ပြုလုပ်မှုများပြားလာကြောင်း Facebook သုံးစွဲသူအများအပြားက ဝေဖန်ခဲ့ကြောင်း သိရသည်။
Writer:
သီဟအောင်၊နေ၀န်းထက်
No comments:
Post a Comment