Friday, November 18, 2016

Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးထားခြင်းမှာ မဖြစ်သင့်ကြောင်း ယင်းပုဒ်မဖြင့် ဖမ်းဆီးခံထားရသူ NLD ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း ပြောကြား

ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံခဲ့ရသည့် NLD ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း နိုဝင်ဘာ ၁၇ ရက်က ကမာရွတ်မြို့နယ် တရားရုံးတွင် မီဒီယာများအား ပြောကြားစဉ်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးထားခြင်းမှာ မဖြစ်သင့်ကြောင်း ယင်းပုဒ်မဖြင့် ဖမ်းဆီးခံထားရသူ NLD ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက နိုဝင်ဘာ ၁၇ ရက်က ကမာရွတ် တရားရုံး၌ ရုံးထုတ်စဉ် သတင်းထောက်များအား ပြောကြားသည်။

“Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ ဖမ်းတဲ့ကိစ္စ။ ဒီကိစ္စကို ကျွန်တော်ပြောရမယ်ဆိုရင် ပထမတစ်ချက် ပရင့်မီဒီယာမှာ ဖော်ပြပြီးသားဖြစ်တယ်။ ပရင့်မီဒီယာမှာ ဖော်ပြပြီးတဲ့ အတွက်ကြောင့် စွဲမယ်ဆိုလို့ရှိရင် ပုဒ်မ ၅၀၀ နဲ့စွဲရမယ်။ အကယ်၍ မီဒီယာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် မီဒီယာဥပဒေနဲ့ စွဲရမယ်။ ၆၆ (ဃ) နဲ့ စွဲတဲ့အခါမှာ အာမခံ ပေးလေ့ပေးထ မရှိတဲ့ ပြစ်မှုဖြစ်တယ်။ ချက်ချင်းဖမ်းပြီး ထည့်တယ်ဆိုတော့ ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုဖြိုးမင်းသိန်းကတော့ ကျွန်တော့်မိတ်ဆွေပဲ သူငယ်ချင်းပဲ။ ဒီကိစ္စကို မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအာဏာရှင်တွေက ဒီဥပဒေတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ အသုံးပြုနေတဲ့အခါမှာ ပြည်သူဘက်က ရပ်တည်လာတဲ့ ပါတီတစ်ခုရဲ့ ကိုယ်စားပြုထားတဲ့ ၀န်ကြီးချုပ်အနေနဲ့ မလုပ်သင့်ဘူး။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ပုဂ္ဂိုလ်ရေးအမြင် ပါတီသဘောထားကိုတော့ ကျွန်တော်က အထဲမှာရှိတော့ မသိရဘူး။ ဒါကိုတော့ ကျွန်တော်သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါမျိုးကို ကြိုက်မှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်တော်မကြိုက်ဘူး။ ဆိုလိုချင်တာက အကယ်၍ ဒီကိစ္စသည် အသရေဖျက်မှု မြောက်တယ်ဆိုလို့ရှိရင် ပထမ Original Source သည် သတင်းမီဒီယာ သူရဲ့သတင်းမီဒီယာမှာ ဖော်ပြပြီးသွားပြီ။ မီဒီယာမှာ ဖော်ပြပြီးရင် မည်သူမဆို Page ကို တင်မှာပဲ။ ဒါက သဘာဝပဲ။ ၆၆ (ဃ) နဲ့ တရားစွဲဆိုတဲ့ ကိစ္စက မဖြစ်သင့်ဘူးလို့ထင်တယ်” ဟု NLD ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက ဆက်လက်ပြောကြားသည်။

အဆိုပါရုံးချိန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် NLD ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက တရားသူကြီးထံ အာမခံလျှောက်ထားရာ ဥပဒေအရာရှိက ကန့်ကွက်ခဲ့ကြောင်း၊ ယင်းနောက် တရားသူကြီးက အာခံလျှောက်ထားမှုအား ပယ်ချခဲ့ကြောင်း သိရသည်။

“၆၆ (ဃ) က ဆက်သွယ်ရေး ဥပဒေပေါ့။ ဆက်သွယ်ရေးဥပဒေက အပြန်အလှန် ဆက်သွယ်တဲ့ဟာပဲ။ Facebook တို့ Twitter တို့ ဆိုရှယ်မီဒီယာ မီဒီယာထဲမှာလည်းပါတယ်။ ဒါကို ဆက်သွယ်ရေး ဥပဒေထဲမှာ ထည့်တာအဆင်မပြေဘူး။ ဒါတစ်ချက်ပေါ့။ နောက်တစ်ခုကျကတော့ Facebook ကို ကြည့်လို့ရှိရင် ဆိုရှယ်မီဒီယာမှာ ကိုယ့်နာမည်ပရိုဖိုင်း အမှန်မဟုတ်ဘဲနဲ့ အတုတွေ သုံးနေကြတာတွေ့ရပါတယ်။ ဒီဟာတွေ ကျွန်တော်တို့က ဥပဒေအရ အရေးယူရမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေက ရာဇ၀တ်မှု ကျူးလွန်နိုင်ခြေရှိတယ်။ ဒါမှမဟုတ် နိုင်ငံတော် အကြီးအကဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပစ်မှတ်ထားပြီး ဝေဖန်နေကြတာတွေရှိတယ်။ ဒါကိုအဖွဲ့အစည်း တစ်ခုခုက စနစ်တကျနဲ့ လုပ်နေတာကို တွေ့ရတယ်။ ကျွန်တော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန အဖွဲ့လမ်းညွှန် အတွင်းရေးမှူး ဖြစ်တဲ့အတွက်ကြောင့် ဒီဆိုရှယ်မီဒီယာကို စနစ်တကျ လေ့လာခဲ့ပါတယ်။ ဒါမျိုးတွေ့ရတယ်။ အဲဒီတော့ အဲဒီလိုကိစ္စတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ချက်ပေါ့။ နောက်တစ်ခုက အာမခံမပေးတဲ့ကိစ္စ၊ ကျွန်တော်သည် ပါတီတစ်ခုမှာ ဗဟိုအဆင့် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်တယ်။ ကျွန်တော့်မှာ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာလဲ မရှိဘူး။ အခုပဲခူးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲခံထားရတဲ့ အမျိုးသမီး တစ်ဦးကိုကျတော့ စီအိုင်ဒီစစ်ချက် မရသေးဘူးဆိုပြီး မဖမ်းဘဲထားတယ်။ ကျွန်တော်တို့ကျတော့ ချက်ချင်းဖမ်းပြီး ပစ္စည်းတွေ သိမ်းတယ်ဆိုတော့ တရားဥပဒေက ဟိုမှာတစ်မျိုး ဒီမှာတစ်မျိုး ကျင့်သုံးနေတာကို ကျွန်တော်တွေ့ရတယ်” ဟု ဦးမျိုးရန်နောင်သိန်းက ဆိုသည်။

အဆိုပါအမှုကို ယခင်က လှိုင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန် ယူခဲ့သော်လည်း ဦးမျိုးရန်နောင်သိန်းမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သဖြင့် ကမာရွတ်မြို့နယ် တရားရုံးတွင်သာ ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ Myo Yan Naung Thein Facebook အကောင့်က အောက်တိုဘာ ၁၄ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အသရေဖျက်သည့်စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ရာ လှိုင်မြို့မရဲစခန်းက (ပ) ၁၀၈၉/ ၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဆက်လက်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်၍ အကောင့်ပိုင်ရှင် ဖြစ်သည့် NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။      

 

Writer: 

အောင်မျိုးသန့်

No comments: