ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများ၌ အသုံးပြုနေသည့် စက်ယန္တရားများအား နိုဝင်ဘာလက တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုမှာ ယခင်ကကဲ့သို့ပင် ပွင့်လင်းမြင်သာမှု မရှိသေးသည့်အပြင် အစိုးရသစ်အနေဖြင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများအား ကောင်းစွာထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဖားကန့်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် ဖားကန့်ဒေသရှိ သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်များအား သက်တမ်းထပ်မံ မတိုးပေးတော့ဟု ဆိုခြင်းကြောင့် လုပ်ငန်းငယ်အချို့ ရပ်နားသွားသည်ကို တွေ့ရသော်လည်း ကျန်ရှိနေသည့် လုပ်ငန်းများတွင် ယာဉ်ယန္တရားများ အားဖြည့်ကာ အင်တိုက်အားတိုက် ပြန်လည် လုပ်ကိုင်ကြကြောင်း၊ သက်တမ်း ကုန်ဆုံးကြောင်း သက်ဆိုင်ရာမှ ကြေညာခဲ့သည့် လုပ်ကွက်များတွင် နာမည်ကြီး ကုမ္ပဏီလုပ်ငန်းများ မပါဝင်ကြောင်း၊ ဖားကန့်ဒေသ၌ လက်ရှိပွင့်လင်းရာသီ အချိန်တွင် လုံခင်းကျေးရွာ အုပ်စုအတွင်း အင်တိုက်အားတိုက် ကျောက်တူးဖော်မှု ပြုလုပ်လျက်ရှိရာ ဒေသအတွက် စိုးရိမ်ရကြောင်း ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။
“အခုအစိုးရ လက်ထက်မှာ ဘာပြောင်းလဲသလဲဆိုရင် ဦးလေးတောင် သေသေချာချာ စဉ်းစားရဦးမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တိတိပပ ပြောစရာကို တော်တော်ခက်နေတယ်။ လုပ်ကွက်တွေ အနေအထားကလည်း ဆက်ပြီးလုပ်နေတဲ့ အနေအထား ဖြစ်နေတယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေရဲ့ အနေအထားကလည်း ဒီလူနဲ့ ဒီလူတွေပဲ ဖြစ်နေသေးတယ်။ ဦးလေးအနေနဲ့ ပြောရရင် တိတိပပ ပြောင်းလဲတာကို မတွေ့ရသေးဘူး။ လုပ်ကွက်ငယ်လေးတွေနား သွားတာရှိပေမယ့် ကျန်တဲ့ လုပ်ကွက်ကြီးတွေမှာ အင်တိုက်အားတိုက် လုပ်နေတာ တွေ့ရတယ်။ ငိုးပင်းဘက်မှာဆိုရင် ဒီနှစ်ထဲ အပြုတ်လုပ်မယ့် သဘောရှိတယ်။ လုံးခင်းအုပ်စုထဲမှာ အဆိုးဆုံးပဲ။ သက်တမ်းကုန်ဆုံးတဲ့ လုပ်ကွက်လို့ ပြောတဲ့ဟာတွေကလည်း ဦးလေးတို့တောင် မကြားဖူးတဲ့ လုပ်ကွက်တွေ ဖြစ်နေတယ်။ တူးစရာနေရာ မရှိတော့တဲ့တာ မခံ-ဟောင်ပါးက လုပ်ကွက်တွေများတယ်။ တူးစရာ မရှိတော့ပါဘူးဆို ပယ်ဖျက်လည်း အလကားပဲ။ ရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့အထဲ တကယ်တူးဖော်နေတဲ့ နာမည်ကြီး ကုမ္ပဏီတွေ တစ်ခုမှမပါဘူး။ ဖြစ်နိုင်ရင်ကတော့ အစိုးရအနေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး အေးအေးဆေးဆေးဖြစ်မှ ကြပ်ကြပ်မတ်မတ် ပြန်လုပ်သင့်တာပေါ့လေ။ ဒီတိုင်းသာ လုပ်သွားရင် ဘယ်လောက်မှလည်း မကျန်တော့ဘူး။ အားလုံးအမြင်ဘဲ ခဏလေး ကုန်သွားမှာ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။
လုံးခင်း-ဖားကန့် ဒေသအတွင်း အလွန်အကျွံ ကျောက်စိမ်းတူးဖော် ထုတ်ယူမှုအား ထိန်းချုပ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သက်တမ်းကုန် လုပ်ကွက်များအား သက်တမ်းထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တရားဝင် ညွှန်ကြားစာ ရောက်လာခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ပြောကြားသည်။
သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်အချို့ ရပ်နားမှုများ ရှိသည့်အတွက် အစိုးရသစ် လက်ထက်တွင် ထူးခြားပြောင်းလဲမှု အနည်းငယ် တွေ့ရသော်လည်း ရပ်နားလိုက်သည့် လုပ်ကွက်များမှ ယာဉ်ယန္တရားများမှာ ကျန်ရှိနေသည့် လုပ်ကွက်များသို့ အားဖြည့်လုပ်ကိုင် ကြသည့်အတွက် လုပ်ကွက် အကျယ်အ၀န်းအလိုက် သတ်မှတ်ထားသော ယာဉ်ယန္တရား ကန့်သတ်ချက်များ၊ နည်းဥပဒေများနှင့် ငြိစွန်းနေနိုင်သည်ဖြစ်ရာ စုံစမ်းစစ်ဆေးရန် လိုအပ်နေကြောင်း ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောကြားသည်။
“လောလောဆယ် တွေ့ရတဲ့ အနေအထားမှာ ကုမ္ပဏီလုပ်ကွက်တွေက နည်းနည်းလျော့သွားတာ တွေ့ရတဲ့အတွက် အနည်းငယ် ပြောင်းလဲတယ်လို့တော့ ပြောလို့ရတာပေါ့။ အချို့နေရာတွေမှာ ယန္တရားတွေကို အများအပြား တွေ့နေရတာဟာ တချို့လုပ်ကွက်သက်တမ်း ကုန်သွားတဲ့အခါ အဲဒီကယန္တရားတွေနဲ့ ကုမ္ပဏီတွေက စုပေါင်းစပ်ပေါင်းပြီး လုပ်ငန်းလုပ်ကြတယ်ဆိုတာ သိရတယ်။ မြင်ကွင်းတစ်ခုတည်းကို သွားမြင်တော့ မလျော့ဘူးဆိုတာ တွေ့ရတယ်လေ။ ဒီတော့ ယန္တရားအရေအတွက် မလျော့ပေမယ့် လုပ်ကွက် အရေအတွက် လျော့သွားတယ် ဆိုတာတော့ တွေ့ရတယ်။ ဒါပေမဲ့ ဒီလိုယာဉ်ယန္တရားတွေ အများကြီး သုံးတာဟာ နည်းဥပဒေနဲ့ သွားကြည့်မယ် ဆိုရင်တော့ ငြိစွန်းတာပေါ့။ ဒါကိုတော့ ကျွန်တော်တို့ကလည်း သေသေချာချာ သိဖို့လိုပါတယ်။ အစိုးရနဲ့ ကုမ္ပဏီကြားမှာ ဘယ်လိုချုပ်ဆိုထားသလဲ ဆိုတဲ့ စာချုပ်က ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတာပေါ့” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောကြားသည်။
ပြည်ထောင်စု အစိုးရမှ တိုက်ရိုက်ကိုင်တွယ် လျက်ရှိသည့် ကျောက်စိမ်းတူးဖော်ရေး ကဏ္ဍအား ပိုမိုကျပ်မတ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့အောက်သို့ လွှဲပြောင်းတာဝန်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလှအောင်က ပြောကြားသည်။
Writer:
ထွန်းလင်းအောင်၊ အောင်ဟိန်းမင်း
No comments:
Post a Comment